Sunday, December 29, 2013

အချစ်မိစ္ဆာ

ဧရာဝတီကို မချစ်ကြပါနဲ့
ဒီအတိုင်းသာ စီးဆင်းပါစေလေ
နှလုံးသားကို မီးတိုင်လုပ်ပြီး
ပြဿနာတွေကို မရှာချင်ပါဘူး။

ပြည်သူကို မချစ်ကြပါနဲ့
သူတို့အပြုံးပန်းတွေ ဝေပါစေလေ
အဖကို သတ်ဖြတ်နန်းချပြီး
ဘုရင်မလုပ်ချင်ပါဘူး။

နိုင်ငံကို မချစ်ကြပါနဲ့
တသီးတခြား ရပ်တည်ပါစေလေ
အမေကို မေ့မေ့လျှော့လျှော့ပစ်ထားပြီး
ဒွေးဒေါ်ကို မလွမ်းဆွတ်ချင်ဘူး။

ကုန်းခေါင်ခေါင်မှာ ရေမြုပ်တာ
ခင်ဗျားတို့ချစ်လို့….
အမျိုးကောင်းသမီးတွေ ပြည်တန်ဆာဖြစ်တာ
ခင်ဗျားတို့ချစ်လို့….
မန္တလေးမြို့ကျဆုံးခဲ့တာဟာ
ခင်ဗျားတို့ချစ်လို့….။
မြစ်ဆုံနဲ့ ဧရာဝတီဟာ
ကမ္ဘာဦးကတည်းက ချစ်ကြတာ
ဖော်ရွှေမှုနဲ့ ပြည်သူတွေဟာ
ငယ်စဉ်ကတည်းက ချစ်ကြတာ
နိုင်ငံတော်နဲ့ ပြည်ထောင်စုဟာ
ပုဂံခေတ်ကတည်းက ချစ်ခဲ့ကြတာပါ။

ငှက်လေးတွေရဲ့ စိုးစိစိုးစိအသံကို
ကိုယ့်စိတ်မှာ ဘာသာပြန်တယ်
“ငါ့တို့ကမ္ဘာငယ်ကလေး
မိစ္ဆာတွေ သိမ်းပိုက်လိုက်ကြပြီ” တဲ့။

မိန်းမပျိုလေးတွေရဲ့ တီးတိုးအသံဟာ
ကိုယ့်ရင်မှာ ပဲ့တင်ထပ်နေတယ်
“ရွှေပေးလို့မရတဲ့ ဣနြေ္ဒတွေ
ချစ်တီးတွေ သိမ်းယူလိုက်ကြပြီ” တဲ့။

အမိမြေရဲ့ ညီးညူသံကို
ကိုယ့်အထင်နဲ့ ဘာသာပြန်မိတယ်
“မျိုးဆက်သစ်တွေရဲ့ ဘဝတွေ
မမွေးခင်ပဲ သတ်ခံလိုက်ရပြီ” တဲ့။

ပန်ကြားပါရစေ
ခင်ဗျားတို့အချစ်တွေ ရပ်လိုက်ကြပါတော့
ဧရာဝတီကိုယ်စား တောင်းပန်ပါရစေ
ခင်ဗျားတို့အချစ်တွေ ရပ်လိုက်ကြပါတော့
အမျိုးကောင်းသမီးတွေကိုယ်စား ပန်ကြားပါရစေ
ခင်ဗျားတို့အချစ်တွေ ရပ်လိုက်ကြပါတော့
နိုင်ငံ့ကိုယ်စား ထုတ်ပြောပါရစေ
ခင်ဗျားတို့အချစ်တွေ ရပ်လိုက်ပါတော့။

Saturday, December 28, 2013

မေမေ (၁)

ဂျီးအထပ်ထပ်နှင့် ကျနော်ညစ်ပတ်အိုးကလေးကို
အမေက ပွတ်တိုက်သုတ်သင်နေစဉ်
ကျနော်က ချမ်းသည်ဟု ပြောသည့်အခါ
အမေက တင်ပါးကလေးကို ရိုက်ပါသည်။
ကျနော်အရိုက်မခံချင်ပါ။ ရှုံ့မဲ့မဲ့သာ။

ယခု ကျနော့်ကို အမေရိုက်နိုင်ပါသည်
ဝါးခြမ်းကွဲအောင်လည်း ရိုက်နိုင်ပါသည်
တံမျက်စည်းပြဲအောင်လည်း ရိုက်နိုင်ပါသည်
အမေ၏ မေတ္တာရေစင်ကြောင့် ကျနော့်မှာ သတ္တိနှင့် အားအင်တွေရှိနေပါပြီ
ကျနော်မွှေးမွှေးပေးသည့်အခါ 'လူကလေး' ဟု မငေါက်ပါနှင့်။

အမေသည် ကျနော့်ကို လွမ်းသည့်အခါ
အဖေ့ကိုပါ လွမ်းနေမည်ကို ကျနော်သိပါသည်
မေမေမငိုပါနှင့်....
အမေ့ကို အဖေကချစ်သလို ကျနော်ကလည်း ချစ်ပါသည်
ကျနော်သည် အဖေ့ကိုယ်ပွားဟု ပြောသည်ကို မှတ်မိသည် ဟုတ်စ။

အမေမျှော်နေမည်ကို ကျနော်သိပါသည်
အမေမေတ္တာပို့နေမည်ကိုလည်း ကျနော်သိပါသည်
အမေ့အိမ်တံခါးဝသည် ကျနော့်ရင်ဘတ်ရှေ့သို့ ရောက်နေပါပြီ
ကျနော်သည်လည်း အမေ့အိမ်တံခါးဝကို ရောက်နေပါပြီ
ကျနော်လည်း မေတ္တာပို့နေပါသည်။

လက်ဆောင်

မေမေ ကျနော့်ချစ်သူက ချစ်စရာအလွန်ကောင်းပါသည်
မေမေဆိုလျှင် သာလို့ ချစ်ပါလိမ့်မည်။

ယနေ့ ခရစ္စမတ်လက်ဆောင် တောင်းပါသည်
"ဘာလိုချင်လဲ အချစ်ကလေး" ဟု
ပေးချင်လွန်းလှသည့်လေသံဖြင့်ကျနော်ပြန်မမေးပါ။
'ဘာလဲ' ဟုသာ မေးပါသည်။

မေမေ့အား ဖုန်းဆက်ရန် ကျနော့်ကို တိုက်တွန်းပါသည်
ဤသည်ကား သူ့အား ကျနော်ပေးသည့် လက်ဆောင်သတဲ့။

မေမေ ကျနော့်ချစ်သူကို လုပြီး ချစ်မည်လား။

ငတုံး

တနေ့တနေ့နဲ့
တရွေ့ရွေ့ ရွှေ့လာ
ရက်လအတာ
နှစ်တွေသာပြောင်း
နှောင်းခဲ့တဲ့ အသိ
မသင်ဖြစ်တဲ့ ပညာ
မကျင့်ဖြစ်တဲ့ အဓိဋ္ဌာန်
အခွင့်သင့်တော့လည်း မလုပ်
အခွင့်သင့်အောင်လည်း မကြံတော့
အကြောင်းကံကို ညှိုးမာန်ဖွဲ့ချင်သေး
အမလေး ကံဆိုးလေးခြင်းဟု
ရင်ထုကာ ငိုခြင်းချလို့
ဘယ်သင်းက ကယ်မတုန်း
မင်းဟာလေ ငတုံးငတုံး။

သစ္စာအရောင်

အိပ်ယာနိုးတိုင်း
ကြည်လင်ချမ်းမြသည့် ချစ်သူ၏ ခွန်းဆိုနှုတ်ဆက်သံကို
ကြားချင်နေမိသည်။

အိပ်ယာဝင်တိုင်း
ကြည်ရွှင်နွေးထွေးသည့် ချစ်သူ၏ နှုတ်ခွန်းဆက်သံကို
ကြားချင်နေမိသည်။

ချစ်သူ၏ မေတ္တာကမ္ဘာတွင်
ဓူဝံကြယ် မြေမခသမျှ
ကောင်းကင်ဝယ် နေလတွေ မကွယ်သမျှ
မြမြင့်မိုရ် ပြိုအက်ကာ မကြေပြုန်းသမျှ ကာလပတ်လုံး
ကျန်ုပ်၏ သစ္စာဆီမီးတို့ဖြင့် ထွန်းလင်းပါစေသတည်း။

မေမေ (၂)

ကျနော်က ကြောင်ကိုချစ်ပါသည်။
မေမေ ကျနော်ကြောင်မွေးချင်သည်ဟု ပြောရာ
မေမေက မမွေးရပြောသည်
ကြောင်မွှေးရှုမိလျှင် ရောဂါရတတ်သည်ဟု ပြောသည်။

ထိုအခါ ကျနော်က ကြောင်ကလေးဆိုပါလျှင်
မေမေ မမွှေးပါလောဟု မေးရာ
မေမေက ပြုံးပါသည်။ ကျနော်ပျော်သွားပါပြီ
ကြောင်မွေးရန် သတိမရတော့။

ကျနော်က ခွေးကိုလည်းချစ်ပါသည်။
မေမေ ကျနော်ခွေးမွေးချင်သည်ဟု ပြောရာ
မေမေက မမွေးရပြောသည်
ခွေးအူသံသည် ကျက်သရေမရှိဟု ပြောပါသည်။

ထိုအခါ ကျနော်က ခွေးကလေးဆိုပါလျှင်
ကျနော်အသံသည် ကျက်သရေမရှိလောမေးရာ
မေမေက ပြုံးပါသည်။ ကျနော်ပျော်သွားပါပြီ
ခွေးမွေးရန်လည်း သတိမရတော့။

နှစ်လွန်းကြင်

ကျနော် ကြိုက်သည့် နွားနို့ကို နွားမကြီးက သွန်ချပေးသည်။
သူ့သမီးက ကျနော့်ကို မျက်လုံးပုတ်ခတ်ပုတ်ခတ်ဖြင့်ကြည့်သည်
သူ နို့စို့ချင်နေပါသည်။ မေမေတော်ပါတော့။
အားလုံးမညှစ်ပါနှင့်၊ ချန်ထားရစ်ပါ
တော်ပြီလေ မေမေ၊ တော်ပြီ။

နွားမကြီးက ချစ်စရာကောင်းသည်။
မြက်များကို ပလုတ်ပလောင်းစားသည့်ခါ အလွန်ကြည့်ကောင်းသည်။
"မေမေ... မြက်ကချိုသည်လား" ဟုမေးရာ

နွားမကြီးကို တိုးတိုးမေးကြည့်ချေဟု ပြောပါသည်
ကျနော် သူ့နားရွက်နားသို့ ကပ်လျှက် တိုးညှင်းစွာ
"မြက်ကချိုသည်လား".... ဟု မေးသည့်အခါ
နွားမကြီးက နားရွက်ကို မြည်အောင် ပုတ်ခတ်လျှက် ခေါင်းကိုရမ်းခါပါသည်
"မေမေ မြက်သည်မချိုပါ" ဟု ပြောရာ
မေမေက "အေး... မှန်သည်" ဟုပြောပါသည်။

တခါက သူ့သမီးလေး ပျောက်ပါသည်
နွားမကြီးက "ဘူဘဲ" ဟု အော်ခေါ်ပါသည်
ကျနော်က "နီဟှား" လာလာလာဟု ခေါ်ပါသည်
သူသမီးကလေးက ဆော့လွန်းပါသည်
သူ့အမေကလည်း စိတ်ပူသည်
ကျနော်လည်း စိတ်ပူပါသည်။ ထိုစဉ်....
"ဘဲ" ဟု အသံကိုကြားလိုက်ရာ
အသံထွက်ရာသို့ အသော့ပြေးသည့်အခါ
ကျနော်ပါ လိုက်ပြေးရပါသည်။ တွေ့ပါပြီ။
ကျနော်က နီဟှားကို အလွန်ဆော့ကြူးသည်ဟု ပြောဟုပြောရာ
နွားမကြီးဟု ခေါင်းညိမ့်လျှက် ဟုတ်သည်ဟုပြောပါသည်။
လာလာ... နေစောင်းပြီ အိမ်ပြန်ကြရအောင်။

Tuesday, December 17, 2013

ခွေးတို့အောင်ပွဲ

ရူးကြရှာ သွက်သွက်ခါလေတော့
နိုင်ငံ့အခြေ ဘာမသိလေဘူး
မူးကိုလည်း မြစ်ထင်။

ပြည်သူကို သတ်ဖြတ်ပြီးတာမို့
အထိမ်းအမှတ်တွေနဲ့
သပြေနု ဇေယျတုရယ်လို့
အောင်ဆုယူကြလိမ့်
အောင်ပွဲတွေ သိမ့်သိမ့်ဆင်
တိုင်းလုံးနှံ့ပင်။

ထိတ်စရာလန့်စရာဘဲ
ဘီလူးလည်း လူဖြစ်ပြီ
ထူးသနော် ရာဇဝတ်ကောင်တွေက
သဘင်ခံ ဥက္ကင်သပွဲတွေနှင့်
တည်အမှန် ကရုဏာရှင်တဲ့
သူ့အရပ်နှင့် သည်အဇာတ်က
ခွေးငတ်နှင့် ဖိနပ်ပြတ်လိုပ
နတ်သုဒ္ဓါ ယုံမှတ်လို့
အရသာ ထူးမွန်ကဲတယ်
ခွေးတို့အောင်ပွဲ။

မိစ္ဆာအောင်ပွဲ

အဟုတ်အမှန်မို့
လုပ်ကြံဇာတ် ခင်းစရာမလိုဘူး
ကြောက်ဘိ ချစ်ဘိ အဂတိတွေနှင့်
ရာဇဝတ်ကောင် ထိပ်ပြောင်တို့တသိုက်
ရှေ့သွားနောက်လိုက် ညီပလေ။

မိကျောင်းကန် တို့ပြည်သူများမတော့
ကျူးကျော်သူ ရန်သူတော်တို့
ဖိနှိပ်ချင် လူမထင်လေဘူး
ထူးတဲ့တိုင်းပြည်။

ငရဲကောင် အဖေတော်ချင်ကြတော့
မစဲပေါင် သြဘာသံတွေနဲ့
လည်ချင်းယှက် မြှီးချင်းလိမ်
ငစွေငစောင်းသာပေါင်းတွေနဲ့
ဒူးမနာ မယားပါသားတွေက
ငတို့လေ လူဖြစ်ပြီလို့
သံသာသီကြွေး တံတျာတေးတွေနဲ့
ပြုံးပန်းဝေဝေ။

မုဒိတာသဘော

မုဒိတာ တည်သဘောကိုလ
ဓိသမာ ပညာနုံတော့ကာ
လျှဉ်းမသိကြရှာ။

လောဘမူ ထူလပိန်းနဲ့
ဇောတမူ ရွှင်ပြတာဟာ
မုဒိတာမည်ဘူး။

စလယ်ဆုံး
အလွန်အကျူးတွေနှင့်
မိစ္ဆာဉာဏ် အူကြောင်ကြားရယ်ကွယ်
မင်းဟောင်လေဦး။

သဇင်ချစ်သူ

နံ့သာမြိုင် မွှေးပါဘိ
အေးပါဘိ နံ့သာမြိုင်
သင်းပျံ့ကြိုင်လှိုင်။
ငွေသဇင် တော်ဝင်ပန်း
ခိုင်ညှာတံ နွှဲ့ကာလန်းတယ်
မင်းသုံးတဲ့ ပန်း။

ချစ်ဦးသူ အကျော့ဆုံး
ကေသာထုံး ပိတုန်းရောင်
ပိန်းပိတ်နက်မှောင်။
မောင့်လက်ဆောင် ခိုင်ဇင်ပန်းနဲ့
ထုံးဖွဲ့ကာ ဟန်နေကျော့
ပြုံးတမော့မော့။

အချစ်မဲ့ည

မင်းမရှိတဲ့ နေရာဟာ
ငါ့အတွက်တော့ ဆိပ်သင့်ကမ္ဘာပဲ
အချစ်နဲ့ သက်ရှင်သူ မှန်သမျှ
ဒုက္ခိတတွေချည်းပဲပေါ့။

ညတွေကို အတူတူဆေးချယ်
ငါကလမင်း မင်းကကြယ်စင်
တိမ်မျှင် တခဏကွယ်ခိုက်
ငါ အငိုက်မိသွားတယ် ရှိုက်ထိသွားတယ်
ပျောက်သွားလိုက်တာများ
ငါးကမ္ဘာအခြားမှာ မင်းပုန်းနေသလား
လွမ်းအားတွေလည်းကြွယ်။

တပြည်သူ မရွှေထား

မောင့်ထားသခင်
မြစိမ်းရှင်ကို
မေတ္တာသင်ဝင်
ချစ်ခင်ကြင်နာ
ကရုဏာနှင့်
ချစ်ခဲ့ပါ၏။
မိုးမှာနှောင်း၍
တဆောင်းသစ်လွင်
နွေပင်ရောက်လု
ရတုသာစွ
နှစ်လပတ်လည်
လွန်ခဲ့ပြီမို့
ချစ်ရည်ဘဏ်တိုက်
ဖိုလှိုက်ချိုမြ
သောက်ရ ငံ့လင့်
သည်ချစ်ဇာတ်ကား
အခါးနှင့်ဆုံးသတ်
မဖြစ်အံ့ဘူး။

ငါမှတပါး ဘယ်သူ့ကိုမှ ဦးစားမပေးရ။
မတားခဲ့ပါပေ။ အခုတော့...
ငါမှတပါး အားလုံးကို ဦးစားပေးရဲ့
ထားခဲ့ပေါ့လေ။

ငါမှတပါး ဘယ်သူ့ကိုမှ မပြောမဆိုရ။
မတားခဲ့ပါပေ။ အခုတော့...
ငါမှတပါး အားလုံးကိုပြောဆိုရဲ့
ထားခဲ့ပေါ့လေ။

ငါမှတပါး ဘယ်သူ့ကိုမှ မခင်မင်ရ
မတားခဲ့ပါပေ။ အခုတော့...
ငါမှတပါး အားလုံးကိုခင်မင်ရဲ့
ထားခဲ့ပေါ့လေ။

ငါမှတပါး ဘယ်သူ့ကိုမှ မကြင်နာရ
မတားခဲ့ပါပေ။ အခုတော့
ငါမှတပါး အားလုံးကို ကြင်နာရဲ့
ထားခဲ့ပေါ့လေ။

သခင်လျှောက်လှမ်း
ပန်းခင်လမ်းမှာ
မသာယာအောင်
ဆူးငြောက်ပမာ
ပြုမိပါမူ
နှလုံးဖြူနှင့်
ခွင့်လွှတ်လေ။
သခင်စက်ရာ
ခန်းဆောင်ကြာတွင်
သာသည့် လင်းရောင်
သွင်းသည့် လေညှင်း
သင်းသည့် စံပယ်
ချယ်သည့် ပန်းချီ
သီသည့် ကဗျာ
သာသည့် ကျေးငှက်
မက်သည့် အိပ်မက်
ဖြစ်ခဲ့ပါမူ
ငါတလူဟု
ဂုဏ်ယူပါရ
နှလုံးလှနှင့်
ခွင့်ပြုပါလေ
ခွင့်ပြုလေ။

Monday, November 4, 2013

မေ့နိုင်အား

မေးလို့လည်း မဖြေ
သူဘာတွေလုပ်နေလဲ
တွေးလို့သာ နေ။

ဆွေးလို့သာ ခွေ
သူကလေ သိပ်နိုင်စားတယ်
မေ့နိုင်အားပေ။

ဆည်းဆာချိန်

ပျောင်းသွဲ့သွဲ့
နှောင်းနွဲ့နွဲ့ သံဝါဝါ
ချိုမြ သာယာ။

ကမ်းနဖူး သောင်အငူက
ကျူရိုးရှင် အလွန်ချွဲတယ်
ညနေ ဆည်းဆာ

သီတင်းကျွတ်

ရွှေယင်းမာ ကြာခဝဲရယ်တို့
လေအသွင်းမှာ ရနံ့သင်းပါလို့
အအေးဓာတ်က မကြည့်တကြည်
နှင်းအနံ့က မရီ့တရီ။

တူရာသီအခါတွင်းမှာလ
ပုဏ္ဏမီပြည့်ကာဝန်းပါလို့
အဿဝဏီ ယှဉ်ကာထွန်း
အဘိဓမ္မာ သဘင်ကျင်းလို့
ပဝါရဏာပြုချိန်ရောက်မြဲပ
တသီတင်းလည်း ကျွတ်ခဲ့ပြီ
ဆီမီးရောင်ဝါ ညီညီစီ။

ပူဇာစ ပူဇ နေယျာနံ
ကန်တော့ခံ ကုသိုလ်ပွဲတွေနှင့်
သုံးပါးကံ အပြစ်ပြေကြောင်းပေမို့
မာန်နှိမ်လို့ ဦးကိုချီ
ကြာငါးမည်နှင့် နိဗ္ဗာန်ရည်
တို့မြန်ပြည် စဉ်လာပွဲမို့
ရိုးရာမှန် သိလို့သွားအောင်
မီးထွန်းလို့စီ...
နွှဲပြလိုက်မည်။

ဆောင်းနတ်မယ်

ဝန်းတခို နှင်းချိုဖြင့်
ပင်ပျိုနှင့် ဆေးဒန်းနွယ်တို့
စိမ်းသန့်ချယ် ရွက်ဆင်။

ဖူးငုံအာ ပွင့်ဖတ်လွှာငယ်
နှင်းသန့်ကာ ကြည်ကြည်လွင်လို့
နေခြည်တွင် ပီပီလန်း
ပန်းခင်းတခွင်။

ချိုမြထုံ ဝတ်ရည်တိုက်ငယ်က
ဆွတ်ကြည်ရုံ ညှင်းလေပင့်တော့
ပိတုန်းနှင့် လိပ်ပြာငင်
ကြင်မယ့်ကွယ် ပျော်မဆုံး။

ဘုန်းသခင်က
ထုံးတဆင်မှာ ကြင်မယ်ကြံလို့
ပင်မြင့်စံ တော်သဇင်ကိုမှ
မော်မမြင် ထိပ်တင်ဖျားလိုပ
မွေ့ကြင်ရ မယ့်အသွင်မှာ
စိတ်ရွှင်ကာပြုံး။

တန်ဆောင်မုန်း

ဘရဏီ အခါယွန်းလို့
ကြတ္တိကာ တာရာထွန်းတဲ့
ဟေမန္တ လရာသီ။

မိုးအာကာ ဝဠာထက်ဆီက
တိမ်ပလီ ညစ်ကြူကင်းလို့
ပြစ်မြူရှင်း ပြာလဲ့စင်သည်
ဝင်းဖန့်တည်ကြည်။

ရေကြည်ပြာ သင်ဖြာထက်မှာလ
ငွေချည်ကြာ ယဉ်သာစက်သည်သို့
မြင်သူမက် ဗျာပွေသည်
သာပေတဲ့ တန်ဆောင်မုန်း။

မျိုးမြန်မာ
သုံးတန်ဖြာ စေတနာနှင့်
ထုံးမကွာ လှူဓလေ့ရယ်က
ပြိုင်မဟေ့ ကုသိုလ်ပွဲတွေမို့
ရောင်းရင်းတို့ရေ
မြိုင်သလေ့ ကထိန်ခင်းတယ်
နွှဲကြရွှင်ပြုံး။

Wednesday, October 16, 2013

ရှေ့သို့

ဖြစ်ခဲ့သမျှ ပျက်ခဲ့ပြီ
ပြုဖူးသမျှ ထားခဲ့ပြီ
ကျေနပ်ခြင်းလည်း မရှိခဲ့
မကျေနပ်လည်း မတတ်နိုင်။

နီးခြင်း ဝေးခြင်းမှာ
သုခ ဒုက္ခတွေနဲ့
ဖြစ်ခြင်း ပျက်ခြင်းဟာ
အယုတ္တ အနတ္တ
သင်္ခါရတွေ ရှိသကဲ့သို့
ယှဉ်ဖော် ယှဉ်ဖက် ရှိသတဲ့။

အို... လုလင်ငယ်သွေး
မာန မထောင်နဲ့
ဒေါသ မကြီးနဲ့
အာဃာတ မထားနဲ့
မောဟ မများနဲ့
အမုန်းတွေ မပွားနဲ့
ပြည်ဖုံးကား ချခြင်းဖြင့်
တလောကလုံးကို အနိုင်ယူလေ။

ဟိုး........မှာ
ကြယ်တံခွန်လေးတလုံး
တခါမှ အပြုံးမပျက်ဘူး။

ငါ့မှာ

အကြောင်းကံခေလို့သာ နေ
အကျိုးပေးက ဆိုးတယ်
ခွဲခွာတယ်၊ ကွဲကွာတယ်
အဝေးဆုံး အဝေးဆုံးမှာ။

ဒါပေမယ့်လေ ငါတယောက်
မုန်းမေ့မရ တသသပဲ
မုန်းဖို့အကြောင်းလဲ မရှိ
မေ့ဖို့ဆိုတာ ငါမသိခဲ့။

အမျှင်မပြတ် ဇောမသတ်နိုင်
ဆွဲငင်ညှို့ယူ ပင့်ကူအိမ်
မိဖို့ရာသာ အကြောင်းဖန်လေ
လွတ်ဖို့ရာလည်း မကျိုးပမ်း။

နှစ်ကိုယ်တစ်စိတ်
နှစ်စိတ် တစ်ဘဝ
စိတ်တူကိုယ်တူ လွမ်းစတွေ
တခဏနဲ့ ပြတ်စဲပေါ့။

အခုတော့....
ငါနဲ့ငါပဲ ရန်ဖြစ်နေ
ငါ့ကိုယ်ငါတောင် မချစ်တော့
ငါ့နှင့်ငါလည်း မနှိုင်းချင်ပေါင်
ငါသာ အရိုင်းကောင် ဖြစ်ခဲ့ပေါ့
ငါလေ... ငါ ငါ ငါနဲ့။

Thursday, August 22, 2013

ခဝါချ

ပန်းဆိုတာ
လန်းပြီးတော့ ညှိုးရတယ်
ဆူးဆိုတာ
စူးပြီးတော့ ကျိုးရတယ်။
ငါဆိုတဲ့ငါ
အတ္တ မာနလည်း
တချိန်မှာ ကျိုးရမယ်။

နွေဆိုတာ
ပူပြီးတော့ မှိတ်ရတယ်
မိုးဆိုတာ
ရွာပြီးတော့ တိတ်ရတယ်။
ငါဆိုတဲ့ငါ
လောဘ ဒေါသလည်း
တချိန်မှာ ဆိတ်သုဉ်းရမယ်။

အစဉ်သာ ပြောင်းလဲ
အဘိဓမ္မ သဘာဝတ္ထက
နိစ္စာ ဝတ သင်္ခါရတဲ့
စုတိမကျ သန္နမစောမီ
အာဃာတ မာန်မာန
လောဘာ ဒေါသတို့ကို
ပြာတမျှ ခဝါချတော့မည်။

လဲ့လဲ့ကြည်စင် စိတ်ဘဝင်
သံသာနောင်ရေး အေးငြိမ်းစေ။

Wednesday, August 21, 2013

တယောက်တည်းရယ်

လွမ်းလွန်းလို့
ဆွေးလွန်းလို့ပါကွယ်
ညမှောင်အလယ်
တွေးတွေကြွယ်
ကိုယ်တယောက်တည်း....။

ချမ်းလွန်းလို့
ပန်းလွန်းလို့ပါကွယ်
မိုးစက်တွေအလယ်
နွေးထွေးတဲ့ ရင်ခွင်ကိုမျှော်လင့်ရင်း
ကိုယ်တယောက်တည်း....။

ချစ်လွန်းလို့
ချစ်လွန်းလို့ပါကွယ်
ချစ်ကမ္ဘာအလယ်
ချစ်ကြွယ်သူတွေအကြား
ချစ်ကွယ်သူ
ကိုယ်တယောက်တည်း....။

သူ့စကား

ရှင့်စိတ်နဲ့ ရှင့်ကိုယ်လေ၊
ပွေချင်ရာပွေ။
နေချင်ရာနေ။
ဖြေပြေဘူးထင်သလာ့
မလိမ္မာနှစ်ခါမိုက်ရင်၊
ကွဲလိုက်မှာပါ့။

မှတ်တမဲ့

စိတ်စေရာ မဟုတ်သော်လည်း
ပါးစပ်ဖျားထွက်လာ
တမတ်သား အကောင်းမပါတယ်
မုန်းဖို့ရယ်လွန်ကောင်း။

ကလေးမို့ ဗွေမယူဖွယ်
မပြေသူစိတ်ထဲမတော့
ဆုံထဲသို့ ထည့်ကာကွယ်
ညက်အောင်ဖိထောင်း။

ချောင်းကလေးငယ်

ရွာအလယ် စခန်းသာတယ်
မြစမ်းသွယ်သွယ်
ဝိုင်းကာပတ်လည်။
ဒိုင်း ကြာကပေါ
တို့ငယ်ငယ် မြူးကာခူးတယ်၊
ချောင်းရိုးတကျော။

Saturday, August 3, 2013

သစ်ရွက်ကလေး

သစ်ရွက်ကလေး တရွက် ငါ့ရှေ့ကို ရောက်ရှိလာ
ငါ့ရင်ခွင်မှာ ဝင်ခိုနား သစ်ရွက်ကလေးမှာ ငါခိုနား။
ပင့်သက်တွေမြင့်တက် ချစ်ဆိပ်တွေလည်းတက်ခဲ့။
အဲဒီအချိန်
လရောင်ကလေးဟာ ပိုအေးမြ
စံပယ်ကလေးတွေ ပိုသင်းပျံ့
လေပြေကလေးရေ ညှင်းညှင်းညက်ညက် သွင်းပက်ပါဦးကွယ်။


ငါက ရင်ဝကိုဆီးကန် ချစ်သက်အဖန်ဖန် ပြန်ရှင်ခဲ့
အချစ်မှာ နီးခြင်းဝေးခြင်း မရှိ
ဖြူသည်မည်းသည် မရှိ။
အိုခြင်းဟောင်းခြင်း မရှိ။
ကြီးသည်ငယ်သည်လည်း မရှိ။
အချစ်ရှိရာ အချစ်လာ
ချစ်နဲ့ချစ်ပေါင်း ချစ်သာရ
ဒါဟာ ချစ်ရဲ့ ပဏာမ သာဓကဆိုပါစို့။


တရိပ်ရိပ် တစေ့စေ့မြင် တသိမ့်သိမ့်ကြည်နူး
တသက်မှာ တမီနစ်စာမျှ ဝေးလို့မရဘူး။
သူ ဘာလုပ်နေ ဘယ်သွားသလဲ
ဘယ်သူနဲ့ပြောနေလဲ ဘာမှာရှိနေလဲ
တွေးစိတ်ပူပင်၊ တွေပြီးရင်း တွေ့ချင်
တသင်္ချေမက ဝေးကွာ
အခုမှ ပြန်လာတွေ့ရသူ။


ကိုယ်ရေးတဲ့စာ သူဖတ်
သူရေးတဲ့စာ ကိုယ်ဖတ်
တခါ နှစ်ခါ သုံးလေးခါ
ပြန်ကြည့် ပြန်ကြိုက် ပြန်နှစ်ခြိုက်
သူ့ရဲ့ အဆုံးအမ၊ ဒဿ၊ နိယာမအယူအဆတွေနဲ့
သူရဲ့ သဘာဝ အဘိဓမ္မတွေ
ကြားနာ ကြည်ဖြူ၊ လက်ခံသူ။


အချစ်ရေ ချစ်လား ချစ်တယ်
တကယ်လား နှစ်ကယ်
ဒါဆို ချစ်တယ်ပြန်ပြော
ကဲပို... နည်းနည်းလား အများကြီးလား
တပုံကြီးကွာ၊ လိုသလောက်ကွာ
မေးခွန်းထပ်ထပ် အဖြေခါခါ
သူနဲ့ကိုယ် ချစ်ကျမ်းကို ရွတ်ဆို
ချစ်ကို စောဒနာခဲ့တယ်။


အခုတော့ သစ်ရွက်ကလေး
ငါ့ကမ္ဘာမှ ထွက်ခွါ
တဖန်သစ်ပြီး နုလိုက်ရင့်လိုက် စိမ်းလိုက်ဝါလိုက်
နီလိုက်ညိုလိုက် ဝေလိုက်ကြွေလိုက်
ကို့ကိုအလှဆင်သူ
လောကကို အလှဆင်သူ
အထူး ကျေးဇူးတင်ထိုက်သူ။


အို... သစ်ရွက်ကလေးရေ
အရာရာကို ကိုယ်ကြည်ဖြူပါတယ်
ဒီနေ့အထိ ကလေးပုံပြင်ထဲကလို
ကိုယ်က ကိုရွှေယုန်ပါပဲ။

Sunday, July 21, 2013

တွေ့ကြုံဆုံကွဲ


အတီတေ ကမ္မရယ်ကြောင့်
ခန္ဓာငယ်တည်လေ။
သံသာဝယ် ဘယ်ရေစက်
သွယ်အဆက်ယှက်နွယ်။
ကယ်အချဲ့ ဝဋ်ကံတူရယ်
လွတ်ကြံသူ မဟုတ်လေတယ်။

သို့အဖြင့် တွဲလက်ကယ်ခိုင်
ဆွဲခဲ့မယ် ပိုင်ပိုင်။
မြဲချက်ကယ် တွေ့ခါမှ
ခွဲရာကျခုတိုင်။
ဘယ်သို့ဝယ် ခိုင်မြဲကြစေတော့
ယိုင်လဲရ ကူမမနိုင်။

တွေ့ကြုံဆုံ ကွဲကွာရလေ
မြဲတာက ဒုက္ခသာပဲရယ်
ဆုတ်လမှာ ညမင်းမူတယ်
တခင်းမြူချယ်။
ခပင်းလူ နိဗ္ဗာန်လမ်းမှာ
ဝိပ္ပလ္လာ ရှုပ်လွန်းလို့လေး။

စိတ်ကူးယဉ်

ရပ်ဌာနေ ဟိုတထောင့်ဆီက
ပြိုမယောင် တိမ်တောင်တိုက်တို့
ညိုအမှောင် မှိုင်းချိန်ခါငယ်
လှိုင်းဗွေချာအသော့။
ဆိုင်းမနေ သိမ့်သိမ့်ဖိုအောင်
ဖိန့်ဖိန့်တုန် ကြောက်စိတ်ပိုတော့။

ဝေးတဆွေ သက်ကလျာကို
ဖက်မခွာကြင်နော့်။
တသက်လျာ ထွေးလိုကပေမယ့်
ဆွေးပိုရ ဖြစ်အင်။
ခုမှာပင် မယုယပေမယ့်
ပြုသမျှ နီးဖို့ရာပင်။

ဟိုရှေးကံ မှိန်ခဲ့တာမို့
ဆွေမဲ့ကာ ချုပ်နှောင်တီးလို့ရယ်
ပျို့မောင်ကြီး တွေးကလူဝယ်
ဆွေးဗျာပူတယ်။
နောင်သော့ခါ ကြင်သသူကို
ဆင်ရမူ စိတ်ကူးနှင့်လေး။

ခလေးကလေး

ကလေးငယ် ပြစ်အနာကင်းတော့
ချစ်စရာ မူဟန်
တင့်သပ ဆင်းသဏ္ဍာန့်ငယ်
ဝင်းဖန့်ဖန့် ဖြူစွာ။
ရှင်းသန့်သန့် ကျော့အမူမှာ
တော့်တဆူ ထွန်းလိမ့်ပင်သာ။

တကျွန်းမှာ ယဉ်အတူလျှင်
မြင်ရသူ ငေးရပေမှာ။
ဆင်သယူ တော်ဂမုန်းလိုပ
မော်မဆုံး ကြွားလို့။
တောတောင်နှံ့ လန်းဝေဖြာတယ်
ဆန်းထွေလာ နန်းရဝေသို့။

ရွှေစိတ်သော် ချက်ပေါ်လျှင်ကွယ်
မျက်တော်ရှ စူအောင့်ပါလို့
ဆူဆောင့်ကာ ငြိုးမဲ့ပေရှာ
ဆိုးနွဲ့လေတာ။
သို့တစေ မဲ့ရာပြေသော်
ခက်မပွေ တည့်ကြပြန်သေး။
မျက်ဖြေပြေ စိတ်စေတော့
ရှက်ပလေ ကလေးမို့လေး။

မှန်သိစေရာ

စိတ်အနေ မြင်ကွဲပါလို့
ထင်လွဲကြသူတွေ
ကြင်မြဲရ တွဲလက်တွေကို
ခွဲခဲ့လေပလား။
လွဲချက်တွေ နာပေတဲ့လို့
သာစေရဲ့ ပွဲတွေ့အမှား။

ကိုယ့်နှမ ချစ်ရသူမို့
ပြစ်မယူဖို့တား။
ကျင့်အယူ သည်ဖေမောင်က
ကြည်စေသားလို့ကွယ်။
သို့တမို့ ချစ်ကျီစယ်လို့
ညစ်ပလီ စိတ်မရှိတယ်။

ကိုယ်ကြီးတော့ မိဘနေရာ
သိကြစေ ထုံးမကွာတယ်
ဆုံးမရာ ရှောင်မသွေသင့်
နောင်တတွေနှင့်။
ဆောင်သရာ ဆောင်သလေကွယ်
ရှောင်ကြရာ ရှောင်ကြဖို့လေး။
သို့ကမို့ မှန်သိစေတယ်
စိတ်အနေ ကွဲကြနှင့်လေး

ပြည်ထောင်စုအချစ်

ဖာထီး ဖာထီး ဦးကရင်ကြီး
ဖားစည်တီးကာ ဘာတွေလုပ်
ပလုပ်တုတ်တုတ် ဝါးလက်ခုပ်
သြသံပေးတယ်ဗျို့။

ဦးရှမ်းကြီး ဦးရှမ်းကြီး
အိုးစည်ဗိန်ဗောင်တီး
တနောင်နောင်နဲ့ ကြေးမောင်းမြည်
ဓားသိုင်းကနေသည်။

မရခိုင် မရခိုင်
သဇင်ပန်းတွေမြိုင်
တခိုင်လောက်ပေးပါလား
ပျို့မောင်လေးကိုဗျား။

မိရွှေမွန် မိရွှေမွန်
အတီးမှာ လွန်ထူးချွန်
မိကျောင်းတူရီယာ တီးပြစို့
ပျို့မောင်နားထောင်ဖို့။

ကိုရွှေချင်း ကိုရွှေချင်း
ပလိုင်းလွယ်လို့ဆင်း
တကုတ်ကုတ်နဲ့ ဘာတွေလုပ်
ပန်းသီး လိမ္မော် ခူးမလို့။

ငွေကယား ငွေကယား
တောင်ကွဲစေတီဘုရား
ပုဝါပါးလေး ခြုံခဲ့ကွယ်
ပျို့မောင် စောင့်နေတယ်။

မရွှေဗမာ ညိုတိုသွေး
သနပ်ခါးကိုလိမ်း
စိမ်းစိမ်းကြီးနဲ့ ကြည့်နဲ့အား
ပျို့မောင်ရှက်တယ်ဗျား။

ပအို့ဝ်မလေး ဖြူဖြူဖွေး
ပါးအုံ့နီကလေး
ခေါင်းလေးငုံ့လို့ ရှက်နဲ့ကွယ်
ပျို့မောင် ချစ်ပါတယ်။

ဓနုမလေး နုနုနယ်
ကိုယ်ဟန်မူယာသွယ်
ပြတင်းပေါက်မယ် စောင့်ကြိုလို့
ပျို့မောင်လာခေါ်ဖို့။

ပြည်ထောင်စုကို ချစ်ရင်ကွဲ့
ငြင်းပယ်လိုက်ပါနဲ့
မိဖူးလား မိုက်ဖူးလား
ငါဟဲ့ ထားဝယ်သား။
ကြိုက်တယ်လား ခိုက်တယ်လား
ငါဟဲ့ ထားဝယ်သား။

အလေးပြုပါတယ်

ပြုတ်ပြုန်းမျှ သဲဗွေဆိုင်
လဲခွေယိုင် ညှိုးငယ်
မြဲစေတိုင် လွမ်းကြတယ်
တမ်းတသမှန်းရွယ်။
မျက်ရည်သွန် ချုံးချုံးချလို့
အုံးအုံးမျှ ငိုငြီးရှိုက်ဖွယ်။

တိုင်းအနှံ့ တပြည်လုံးဝယ်
မကြည်ငြှိုးမှိုင်တယ်။
ပြည်ချစ်တုံး ဇာနည်မျိုးတို့
စာဂီသုံး ကြိုးပမ်း။
ကျွန်အတွင်း လွတ်ဝေးရစေဘို့
စွန့်ပေးကြ သက်သွေးမခမ်း။

ထောင့်သုံးရာ့ လေးဆယ့်ခွန်မယ်
ဇာနည်မွန် ဝန်ကြီးများတို့ရယ်
ယမ်းငွေ့ကြား သက်စွန့်ဆိုးရဲ့
တက်ညွန့်ကျိုးခဲ့။
တက်လူတွေ မေ့စေနဲ့ကွယ်
ဂါရဝေ ဦးညွတ်ကြလေး။

အာဇာနည်နေ့ ဒို့မမေ့

လွမ်းစဖွယ် အတိတ်ကြောင်းဟာမို့
မမေ့ကောင်းပါဘူး။
ဥဒေါင်းတို့ ကျူးရင့်သာယာ
မြူးစဉ်ခါ တွေးလို့စိတ်ကူး။

မျိုးရိုးနှင့် ဂုဏ်တင့်သူမို့
ဘုံဆင့်ထူ တထူး။
ကြုံလင့်သူ များတကာတို့မှာ
ကြွားလို့သာ ဆင့်ကဲ။
စေရာသွား ထားရာနေကြလျှင်
နွားပမာ ဖြစ်ကြမှာပဲ။

ကံမှိန်လို့ နန်းမှောက်ပေမယ့်
လမ်းပြောက်ခါ ကျွန်အဖြစ်မှ
နွံမနစ် ကုန်းထပေရှာ
ရုန်းကြွလေတာ။
ဇာနည်တို့ ကြိုးကုတ်ပေလျှင်
တို့အပြေ လွတ်လပ်ပြီပေါ့လေး။
မွန်မြတ်သည့် ဇာနည်တွေကို
ဂါရဝေ ဦးညွတ်ကြပေါ့လေး။

Wednesday, April 3, 2013

စိမ်းလဲ့ညိုပြာ ပဒုမ္မာ

စိမ်းလဲ့ညိုပြာ ပဒုမ္မာ။
မြင်စမှာပင်၊
ဘဝင်ပီတိ၊ ဂွမ်းဆီထိသို့၊
တမိလှိုက်ဖို၊ ရင်ပျိုပျိုဝယ်၊
ထိုထိုဤဤ၊ လဲ့လဲ့ကြည်ပြီး၊
စချီဦးမှာ၊ ချစ်ကြင်နာမိ၊
သို့ပါသော်လည်း၊ ချုပ်တည်းတုပ်နှောင်၊
သရုပ်ဆောင်ကာ၊ စိတ်မှာမမေ့၊
သိုသိပ်ရလည်း၊
တွေ့ပင်တွေ့မြဲ တွေ့ချင်ဆဲ။
 
စိမ်းလဲ့ညိုပြာ ပဒုမ္မာ။
ခင်စမှာပင်၊ 
စိတ်တွင်နှိုင်းရှိ၊ တိုင်းမသိမျှ၊ 
ပြီးပြည့်ချမ်းသာ၊ ရွှင်လန်းကာဖြင့်၊
သတ္တာလောက၊ သိမ်းပိုက်ရပြီး၊
နန်းမ ရဝေ၊ ရွှေစည်းစိမ်သို့၊
တဖေနှိုင်းဆ၊ စိတ်တွင်ကြွသည်၊
ထိုမှတဖန်၊ ချစ်ရေငံကို၊
 ပြန်ပြန်သောက်ချင်၊ သို့စင်မျှလည်း၊
ဆုံပင်ဆုံမြဲ ဆုံချင်ဆဲ။
 
စိမ်းလဲ့ညိုပြာ ပဒုမ္မာ။
ကြင်စမှာပင်၊ ရှစ်ခွင်တိုင်းဝယ်၊
ရောင်စုံချယ်၍၊ ရှုဖွယ်မအီ၊
နတ်ပန်းချီသို့၊ ရောင်နီချယ်သန်း၊
ဘော်ငွေပန်းနှင့်၊ တခန်းညိုပြာ၊
ရင့်ရူဝါဝင်း၊ တဖြာပြိုးသန်း၊
ကိန်းခန်းတမျှ၊ စုံပြည့်ဝသူ၊
မြမဉ္ဇူသို့၊ ချစ်သူမို့ပါ၊
တသက်လျှာတွင်၊ မဖက်ကြင်နေ၊
သူ့ရင်ခွင်ဝယ်၊ မတင့်တယ်စေ၊
သို့ပေသော်လည်း၊
ချစ်ပင်ချစ်မြဲ ချစ်ချင်ဆဲ။

ငြိမ်းချမ်းပါစေ

သြဘာနိမိတ်ထွန်းတဲ့
ဇမ္ဗူလက်ျာတောင်ကျွန်းဝယ်
လူမျိုး တရာ့တပါးနော်
ရွှင်ပျော်လို့လေ။

ခုတော့ဖြင့် ငြှိုးမာန်ဖွဲ့ကြ
နင်ပဲငဆ ငါသာလျှင်ငါ
ငါကိုထိပ်မှာထားပေါ့လေ
သွေးမြေခ ရဲနီနီ။

အိုအဆွေ
အသက်တွေဟာ တိုလှပေါ့
အမုန်းတွေ သွေဖယ်ကြပြီး
အပြုံးတွေ ဝေဖြာရစ်အောင်
လုပ်ဆောင်သင့်ပြီ။

ပမာဒတရား အစဉ်ထား

အဝိဇ္ဇာ မှောင်ဖုံးလို့ရယ်
လောဘ ဒေါသတွေကြွယ်
အာဃာတ မာန်မာနတွေနဲ့
ငြှိုးမာန်တွေဖွဲ့။

မြတ်ဗုဒ္ဓလမ်းညွှန်ပြသည်
ခန္တီကို လက်ကိုင်ထားပါလို့
မေတ္တာနဲ့ ကရုဏာကွဲ့
ဥပေက္ခာတဲ့လေး။

ဗြဟ္မစိုရ်တရား
အစဉ်ထားလို့ရယ်
အကြင်နာဆပွားကာဖြင့်
ထာဝစဉ်ချစ်ခင်လို့ပင်
သတိဝင်ဉာဏ်ယှဉ်ဖို့
ရွှေပြည်နိဗ္ဗာန် မစံခင်မှာပင်
ပမာဒတရားတော်ကိုကွယ်
ဟောဖော်ခဲ့သေး။

Saturday, March 30, 2013

ရွှေဝယ်ပြည်


နာမည်ကိုကချစ်စရာ
တနင်္သာရီတဲ့ဟေ့
သမိုင်းဆက်ဆက် မြင့်မြတ်ခဲ့
ဘုန်းနဲ့ကံနဲ့ ရွှေဝယ်ပြည် (ပြေ)
ငါမွေးတဲ့မြေ။

တောင်ပိုင်းကနဂါးတွေ
ပင်လယ်ပြာ တောင်တံတိုင်းတွေနဲ့
သီးနှံတွေ ဖြိုင်ဖြိုင်ပေါပါလို့
သဇင်တွေ မြိုင်လို့သာပေ
သည်ဌာနေလှဆုံး။

ရှင်တော်ဘုရား
ထက်ဝယ်ခွေ ဗျာဒိတ်ထားခဲ့တယ်
မည်သညာ ထားဝယ်ပါတဲ့
ဇမ္ဗူမြေ လက်ျာကျွန်း
မြန်မာ့မြေတောင်းစွန်းက
ထွန်းတောက်လို့ဗျိုး။

လေးခင်နှမ

မြင်စမှာပင် ကြင်မိတယ်
လေးခင်တဲ့ မြို့ရဲ့သမီး
တနေ့တခါမှ မမြင်ရလျှင်
ဆွေးရသည့်အင်။

မျက်တော်သာ သင့်ခဲ့ရင်
နေလပင် မမြင်အောင်သာပဲ
ဆင်းရဲမှု သရဖူဆင်
လူပြည်ပင် ငရဲ။

ကောင်းချင်သော်
မနှောင်းခင်မှာပဲ
မေ့ချစ်သူမောင်နေမင်းက
မှန်စွာ လင်းစေခဲ့ပြီပေါ့
လေးခင်တို့ကတော့လေ
ကဲလို့သာပဲ။

Tuesday, March 19, 2013

ရွာအဝင်

ခင်တန်းငယ်ကျော်ပါလို့
ရွာအဝင်လမ်းဆီမှာပေါ့
ကုက္ကိုလ် ပင်ထနောင်းတွေမှာ
ချမ်းမြေ့စရာ။

ထန်းပင်ပျိုတွေက
ဖော်ရွေစွာ ကြိုဆိုပါလို့
ပင်ကျရေ ကြည်ကြည်မြမှာ
သုံးလှည့်ပါတော့လေး။

ဆွေသဟာ
ချကွာအားမနာနှင့်
နှမြူကုန် တမြူရှိပါသေး
ဆေးဖြစ်လို့ ဘေးကင်းတယ်ကွဲ့
အားပေးပြန်သေး။

ဇွဲနဲ့ခဲ

တနေ့တလံသာနော်
လှမ်းကြပါသော်
သည်ပုဂံဘယ်မပြေးနိုင်ဘူး
ပန်းဝင်လို့ခူး။

ဘယ်မြေ ဘယ်နေရာ
ဘယ်စခန်းမှာဖြစ်ပါရ
မှန်းဆရာ ပန်းတိုင်ဦး
တွေးပိုင်ပိုင်လှမ်းမည်။

ပုံပမာ
ဆောင်ကာပြသည်တိုင်း
ဝီရိယာ ဇွဲမာန်ထားလို့ရယ်
မျှော်မှန်းရာ အခြေဆိုက်ပါက
မြူးပျော်ရသည်။

Monday, March 18, 2013

မနောအလှ

တိုင်းရှစ်ခွင် အုံ့ကာမှိုင်းပါလို့
တောင်တံတိုင်းတို့ ညိုပြာပြာ
လျှိုမြောင်စိမ့်စမ်း သွယ်ကာတန်း
လှချက်တွေဆန်း။

တောပန်းတောင်ပန်း မိုးဆန်းပန်းတွေနှင့်
ဂမုန်းဆွေ လျှပ်နွယ်ပန်းရယ်တို့
ဂနိုင်မြေ ပတ်ယှက်ကာသန်း
သြော်… လွမ်းတွေနဲ့သာ ဝေဝေကဲ။

အမှန်ပေ သည်ဆွေလွမ်းတွေကြောင်း
ပြောမလေ ပိုတယ်ထင်ကြပါနှင့်
မနောမြေ ခေါင်ရေကြည်တို့
ပါးအုံ့နီ ပလီတီနှမချောတွေက
ချစ်ကျီစယ် ခွန်းဆိုတုံ့ပုံမှာ
ကွယ်… ဆွေးလို့သာဘဲ။

Wednesday, March 13, 2013

ဖြစ်မြဲဓမ္မတာ


ဘာမှမလို ဘာမှမလာ
ဘာမှမရှိ ဘာမှမဖြစ်
ငါက အသစ်စက်စက်။

ဝင်းလိုကဝင်း၊ ပလိုကပ
ထွန်းလိုကထွန်း၊ လင်းလိုကလင်း
ငါက ငွေစင်လမင်း။

ဖူးလိုဖူး၊ ပွင့်လိုပွင့်
ပျံ့လိုပျံ့၊ သင်းလိုသင်း
ငါက ပန်းပိတောက်မင်း။

သို့သော်...
တဏှာပေမ၊ မှောင်ချဝိဇ္ဇာ
လောဘာဒေါသ၊ မောဟတဖြာ
သူတို့လာလျှင်၊ သည်လူ့အင်မှာ
သစ်, ပင်သော်လည်း၊ ဟောင်းဖြစ်မြဲ၏
မလွှဲရှောင်သာ ဓမ္မတာ။

တိမ်မြူ တိမ်မျှင်၊ မှိုင်းလို့ပင်သာ
တဖြာမှောင်ဖုန်း၊ တိမ်ညစ်မျိုးတို့
ဖုံးကာအုံ့ကာ၊ တားဆီးကာနှင့်
သို့လေခါတွင်၊ ထွန်းပါသော်လည်း
မှောင်မြဲပင်သာ ဓမ္မတာ။

ခူးသူဆွတ်သူ၊ မြတ်နိုးသူတို့
တံချူနှင့်ထိုး၊ ဓားမျိုးနှင့်ချိုင်
အားရနိုင်ဘဲ၊ ပင်ကိုလှဲ၍
ပန်းပိတောက်မင်း၊ မီးသို့ဆင်းမှ
ရွှင်ပြုံးကြည်သာ ဓမ္မတာ။

ထိုကြောင့်
သွေးသည်နိစ္စာ၊ ငါ့ခန္ဓာဟု
ကြမ္မာယွင်းယို၊ ဖြစ်မျိုးစုံတို့
ကလိယုဂ်ခေတ်၊ သည်စံနစ်က
ပြုပြုသမျှ၊ မဖြစ်ရဘဲ
ဖြစ်ဖြစ်သမျှ၊ ပျက်ပါရသည်
ဘယ်သို့ခင်မင် သည်လူ့ခွင်။
ထိုကြောင့်သာပင်၊ ငါသူတပါး
ယောက်ျားမိန်းမ၊ ဆင်းလှလုလု
ဓာတုကလျာ၊ နှုန်းပမာသို့
ထုံးမကွာစေ၊ ချစ်စိတ်ပွေသော်
စက်မပျော် မှိုင်လို့ပါကွယ်။

ခင်ရယ်....
ချစ်၍ပင်သာ မုန်းပါတော့
ဆင့်၍ပင်သာ ချုန်းပါတော့
ဖြစ်၍ပင်သာ သုဉ်းပါတော့။

Tuesday, March 12, 2013

လတပေါင်း

ဆောင်းဟေမာ နှောင်းကာ ပြောင်းပြန်တော့
ကောင်းစေရာ တနွေလောင်းတဲ့ပြင်
ဟောင်းရွက်ဝါ လေအလွင့်မှာ
ခက်သစ်ဝေဖြာ။

မိန်ရာသီ လတပေါင်းမှာဖြင့်
သရဖီ ရွှေအင်ကြင်းရယ်တို့
ချိန်ခါမီ ဖူးငုံပွင့်ကြရှာ
သင်းပါလှ ပျံ့ကြူး။

ဥတ္တရာနှင့်
ငွေသော်တာ ပြည့်ကာထွန်းချိန်မို့
ပျို့မောင်မယ် ကြည်ကြည်ရွှန်းရယ်တို့
သဲစေတီ ကုသိုလ်ပွဲကို
နွှဲပျော်လို့မြူး။

Friday, March 8, 2013

နေဝင်ချိန်

နေရီရီ နီနီစွေးချိန်ဝယ်
ဂဠုန်ချီ တိမ်နဂါးရယ်က
ပုစွန်ဆီ ဖြူပြာလဲ့ရယ်တို့
နတ်ဆေးချယ်သို့။

လုံမငယ် ပျိုတသင်းရယ်က
ဆိုသီချင်း ညံစာစာနဲ့
သံသာသာ နှော့ကာကျူးတာမို့
လွမ်းလို့သာ ပူဆွေး။

ပင်ကျရေ
အမောပြေ တမြူလောက်တော့
မြည်းမကူ မော့ကာသုံးကြတယ်
ဒို့တောရွာ ထုံးစဉ်လာပ
တမ်းတရှာသေး။

Thursday, March 7, 2013

ရွှေစိတ်တော်ညိုနဲ့ကွယ်

လွမ်းရသည်တဲ့ ဆွေးရသည်
တွေးစရှည် ချည်နှောင်ရစ်ပါလို့
အေးဖို့ရည် လွတ်ကာရုန်းသော်လည်း
ဖြေပြေနိုင်ဘဲ။

နှုတ်ခွန်းချို မြွက်ဆိုမတတ်သော်ကြောင့်
ရှက်ပိုအောင် ပြောရက်တယ်လို့
မျက်ထားသို ညိုပါဘဲ
စိတ်ထဲဝယ်ကြည်ပါတော့။

ခွင့်လွှတ်ပါကွယ်
မှန်တကယ် ရည်ရွယ်ပါဘူး
ငွေမေတ္တာ ရှင်သန်ဆဲဟာမို့
ရွှေမျက်နှာ ပြန်လို့ကြည့်လှည့်ပါ
နွဲ့သခင်ကျော့။

Saturday, March 2, 2013

ခက်တာပဲကွယ်


တနေ့တနေ့ တရွေ့ရွေ့ကုန်
နာရီလက်တံ မြန်လှတယ်
စက္ကန့်သံတွေ ညံလှတယ်။

ဆောင်းရောက်တော့လည်း လွမ်းရတယ်
ဆောင်းပြောက်တော့လည်း လွမ်းမိတယ်
နွေပေါက်တော့လည်း လွမ်းရပြန်ပြီ။

ကြင်နာလှည့်ပါ၊ ချစ်လှည့်ပါ
မပြောသာတဲ့အဖြစ်ရယ်ပါ။
ရစ်ပတ်နှောင်တွယ် မေတ္တာနွယ်ကြိုး
ဖြတ်သော်လည်း မပြတ်ချင်
ပြတ်မှာလည်း စိုးမိတယ်ခင်။

ဖြစ်စဉ်တခုလုံးက
ကျေနပ်စရာလည်းမကောင်း
မကျေနပ်လို့လည်း မရပြန်
တခန်းလည်း မရပ်ချင်သလို
ရှေ့ဆက်ဖို့လည်း ကြောက်နေမိ။

အမေးသာရှိ
အဆွေးသာရှိ
ပကတိငါ့အသည်းတွေ
ဆွေးမြေ့ကြွေကျ
အသက်ပင် ဝအောင်မရှူနိုင်တော့။

Tuesday, February 26, 2013

မဇ္ဈိမတိုင်း ရိုင်းခဲ့ပြီ


မဇ္ဈိမာ ဇမ္ဗူကျွန်းမှာလ
ဟိုရှေးခါက မြတ်ဗုဒ္ဓါ
ထွန်းပေါ်ခဲ့ရာ။

မြတ်သာသနာ ရောင်ဝါလင်းပါလို့
နတ်လူဗြဟ္မာ သတ္တဝါများတို့မှာ
ဘေးဒုက္ခာလွတ်ငြိမ်း။

ယခုချိန်ခါ
သည်ဌာနာ ဇမ္ဗူကျွန်းဝယ်
နေရဉ္ဇာ မြစ်ယံပျက်သလို
ှိုးခဲ့ပြီလေး။

ပွင့်ပင်ပွင့်မြဲ


ပန်းမာလာ နီ ဝါ စိမ်းရယ်နှင့်
ဆန်းဝေဖြာ ဖြူ ပြာ ပွင့်ရယ်တို့
နတ်ဆေးချယ်သို့။

ပိတုန်းလိပ်ပြာ ဝေ့ကာဝဲကာနှင့်
သုံးလေပါ လိုရာပြည့်စေဖို့
ဖြည့်ခံမို့ ခန္တီယှဉ်။

ပန်းဆိုတာ
ပြည်လူ့ရွာ လှစေကြောင်းရယ်လို့
မွေးထုံစွာ ရနံ့ဆန်းတွေနှင့်
ပွင့်လို့သာပင်။

တဦးမေတ္တာ တဦးမှာ


ငွေသော်တာ ပြည့်ကာ ဝန်းပါလှ
ဝိသာခါ တာရာထွန်းပြန်ရာ
ပွင့်ကြရွှေကြာ။

စမ်းရေအိုင် ကြည်ကြည်စိမ်းမှာလ
ဆန်းဝေမြိုင် ကြိုင်လှိုင်မွှေးကြရှာ
သာယာပေစွလေး။

သုံးလောကာ
ထုံးမကွာ များသူငါတို့
ဖွေးမေတ္တာ ကိုယ်စီထားပါကြ
လူ့ဂုဏ်မြင့်ရေး။

Friday, February 22, 2013

လတပို့တွဲ

ကုံရာသီ၊ တာရာညီ ချိန်ခွင်နှင့်
ငွေသော်တာ ကြယ်မာဃရယ်တို့၊ ပြည့်ဝစုံညီ။

တပို့တွဲ၊ ထူးကဲသည့် လရာသီ၊
သင်းပျံ့ချီ မာလာဖူးငုံတို့၊ ထူးစုံလှသည်။

သရဖီ၊ ညံစီစီပေါက်လဲရယ်တို့
ထိန်ထိန်ကြည် ပွင့်ရှာကြတယ်၊ ဆောင်းလရာသီ။

ရွက်ဝါကြွေ၊ ဖူးဝေကြ တမာနု
သံသာသာ ဆက်ရက်တွေက၊ မြူးကြရှာသည်။

လဲ့လဲ့ကြည်၊ ငွေနှင်းရည် သွင်းပက်တာကြောင့်
ညှင်းသွဲ့သွဲ့မြောက်ပြန်လေက၊ အေးပါလှသည်။

နွှဲပျော်ပျော်၊ ထိုးနော်ကွဲ့ ထမင်းနှဲ
အားခဲလို့ ဇွဲကောင်းပါမှ၊ အောင်ပွဲရမည်။

မြတ်ရှင်တော်၊ ပူဇော်ရန် သဒ္ဓါကြွလို့
ဆွမ်းယာဂု ကပ်လှူကြသည်၊ နိဗ္ဗာန်သို့ရည်။

Sunday, February 17, 2013

တကွေ့


မျက်ရည်တစက် ကျခဲ့ပြီ 
မဟာပထဝီ တည်တန့်စေ

ရှိုက်သံတချက် သဲ့ခဲ့သည် 
မြောက်ပြန်လေပြည် အေးမြစေ

မျက်နှာတချက် မဲ့ခဲ့သည် 
ကြယ်တာရာတို့ လင်းလဲ့စေ

ထီးတည်းကျန်လျက် နေရပြီ 
မျက်နှာစုံညီ ပြုံးရွှင်စေ

ချစ်ပါသော်လည်း ခွဲခဲ့သည် 
သေမင်းနိုင်ငံ ရှင်သန်စေ

မချစ်သော်လည်း တွဲရသည် 
ရှင်သန်ခြင်းတို့ သေဆုံးစေ

နိမ့်တုံမြင့်တုံ ကြုံခဲ့ပြီ 
ဘုရားကားသည် မြင့်ပါစေ 
မျောက်ကား အောက်သာ ရှိပါစေ။

Tuesday, February 5, 2013

ဧည့်သည်

ရွှေကျီးရယ်သာ တအာအာနှင့်
ရှေ့ရပ်မှာ နေခြည်ဖြာကျ
ဘယ်ရပ်က ဘယ်ဧည့်သည် ငါ့ဆီလာမယ်
ရွှေကျီးရယ်ပြောပါဗျား ရွှေဧည့်သည်လား။
ငွေကျီးရယ်ပြောပါဗျား ငွေဧည့်သည်လား။

ရေပွက်ပမာ တသက်လျာမို့
ခဏတာ လူဖြစ်လာပေါ့
ဘယ်ရပ်ကငါလာတယ် သည်လူ့ပြည်ဝယ်
ငါဧည့်သည်ပါ ကိုရွှေကျီးရယ်။
ငါဧည့်သည်ပါ ကိုငွေကျီးရယ်။ 

၁၊ ၂၉၊ ၂၀၁၃။ 

အမေနေ့ အမှတ်တရ

မွေးမေ့ဦးကင်၊ ဆံချည်မျှင်တို့၊ ပိတုန်းပင်လော၊ ချည်ခင်လော။ ဖိတ်ဖိတ်နက်မှောင်၊ ပိတုန်းရောင်ကြောင့်၊ မလောက်မင၊ ချစ်မဝခဲ့။ ဖြူဖွေးချည်ခင်၊ မေ့ဆံပင်ကြောင့်၊ အချစ်တန်ဘိုး၊ တိုး၍ တိုးကာ၊ ချစ်မိုးရွာသည်၊ ဖြိုးဖြိုးမစဲ၊ အချစ်ကဲကာ၊ မေတ္တာမြဲမြဲ၊ ပီတိရွှဲစို၊ ရွှေမြင့်မိုရ်အား၊ ပို၍ပိုလာ၊ ချစ်မိပါခဲ့။

မွေးမေ့မုခ၊ သွားဒန္တတို့၊ စီရရီလော၊ ကျိုးကျဲလော။ ဖြူဖြူလွှလွှ၊ ပုလဲလှနှင့်၊ ချိုမြပြုံးကြောင့်၊ ချစ်မလောက်ခဲ့။ ကျိုးကာကြဲကာ၊ ၊ နာနာနဲ့နဲ့၊ တချို့ပဲ့၍၊ တဖက်တိုရှည်၊ မညီမညာ၊ မေ့ပြုံးမှာကား၊ တိုးကာတိုးကာ၊ မမေ့ပါနိုင်၊ သာယာခွန်းဆင့်၊ ချစ်၍ချစ်လာ၊ မဝပါခဲ့။

သမင်ရှုံးလု၊ မေ့စက္ခုတို့၊ မှိုင်းလို့ကာလော၊ မှုန်၍လော။ ရွှန်းရွှန်းစိုစို၊ သမင်ပျို၏၊ သို့ဆိုမျှလောက်၊ လဲ့လဲ့တောက်ပြောင်၊ ရေကြည်ရောင်နှင့်၊ မျက်တောင်ကော့ကော့၊ မူး၍မော့အောင်၊ မေ့ကျော့ခေါင်အား၊ လုလုသားလှ၊ ရှုမဝခဲ့။ မှုန်ရီဝိုးဝါး၊ လင်းအားမသန်၊ မြင်ရန်မစွမ်း၊ တစမ်းစမ်းနှင့်၊ တရမ်းရမ်းထင်၊ သားလှပင်လော၊ သမီးလောဟု၊ မြင်စုအာရုံ၊ မှိုင်းပြာမှုန်လည်း၊ လှိုက်လှိုက်သဲသဲ၊ ချစ်ပွဲကြီးကို၊ ဆင်နွဲခြိမ့်ခြိမ့်၊ တသိမ့်သိမ့်မျှ၊ ချစ်၍ပင်သာ၊ ချစ်မိပါခဲ့။

သွယ်သွယ်လျလျ၊ မေ့ကာယတို့၊ ကိုင်းလို့ပင်လော၊ ကုန်း၍လော။ နွဲ့နွဲ့နှောင်းနှောင်း၊ ပျော့ပျော့ပြောင်းမတ်၊ တည်တန့်တန့်နှင့်၊ ခန့်ခန့်ငြားငြား၊ ဆင်ရင်သွားသို့၊ ငွားငွားစွင့်စွင့်၊ တင့်တင့်တယ်တယ်၊ မေ့နတ်မယ်အား၊ သားလှယဉ်ကျေး၊ ချစ်ကြွေးပြင်ပြင်၊ ဆပ်ပင်ဆပ်ငြား၊ ပြေကာသွားဘဲ၊ ဆင်မြဲပင်သာ၊ ဆပ်ချင်ပါခဲ့။ တောင်ဝှေးကိုထောက်၊ ကုန်းကောက်ကောက်နှင့်၊ စိတ်နောက်ကိုယ်မှာ၊ မလိုက်ပါနိုင်၊ လှမ်းလာလှုပ်လှုပ်၊ နှေးတုံ့ဆဆ၊ ဇရာပြကား၊ သားလှပုခုံး၊ တပြုံးပြုံးနှင့်၊ ထမ်းပိုးလိုက်ပါ၊ မေ့ စေရာကို၊ လျင်စွာမနှေး၊ ရွက်ဆောင်ပေးအံ့၊ အမေပြုလို၊ ကောင်းမှုစုံစီ၊ အလီလီကို၊ ကြည်ကြည်သာ၊ သဒ္ဓါဖြာလျက်၊ လိုရာပြည့်စေ၊ အမျှဝေသံ၊ မိုးထိညံအောင်၊ ရွက်ဆောင်ရာတွင်၊ အမေ့ဆန္ဒ၊ ပြည့်ရပါအံ့။ အမေ့ခန္ဓာ၊ မညောင်းညာစေ၊ မွေးမေပေးထား၊ လက်ချောင်းများနှင့်၊ ပလွှားရောဂါ၊ ဖိစီးလာလျင်၊ ပယ်ကာတွန်းလှန်၊ ဘေးရန်ခပင်း၊ မခိုရှင်းသား။ ထို၍ထိုမျှ၊ မကပါဘဲ၊ ချစ်သွေးခဲကြောင့်၊ မွေးမေ့ကျေးဇူး၊ မြင့်မိုရ်ဦးအား၊ မခြားနေ့ရက်၊ တနံနက်မျှ၊ ကျေးဇူးဝဝ၊ အနန္တကို၊ ဆင်၍ပင်သာ၊ ဆပ်စေရာအံ့။

၁၊ ၂၆၊ ၂၀၁၃။

Wednesday, January 23, 2013

မျှော်တော်ရောင်

လရောင်ဖြာလျက်
ကြယ်ပြိုးပြက်တို့
လင်း၍တချက်
မှိတ်တချက်နှင့်
ဝန်းရံလျက် ခစားစဉ်...

လေပြေသွင်းပက်
ညှင်းသွဲ့သွဲ့နှင့်
ယိမ်းနွဲ့စီရီ
ဖူးငုံစီတို့
လှုပ်လဲ့လှုပ်လီ ကျီစယ်စဉ်...

သဇင်အင်ကြင်း
မွေးထုံသင်းလျက်
ဝင်းဝင်းမွတ်မွတ်
ဂုဏ်ရောင်ကွန့်ကာ
မာလာမင်းတို့ မြူဆွယ်စဉ်...

မကြည်မသာ
နေထိကြာနှယ်
ငြိုးငယ်မှိုင်တွေ
လွမ်းမှုပွေလျက်
ဆယ်နွေမက
ပူပြင်းလှသည်
လျှံကျဖိတ်ဖိတ်
ဆွေးသည့်စိတ်တို့
မုန်း၍မရ
မေ့မရနှင့်
တသသလွမ်း
ဘုန်းမောင့်ပန်းလည်း
မျှော်မှန်းကာသာနေမိသည်။

Monday, January 14, 2013

တယောက်တည်းသာပဲကွယ်


အအေးရှာလည်း ပူတာပဲ ဖတ်တင်တယ်
ပျော်ရွှင်မှုရှာလည်း နာကျင်မှုပဲ ဖတ်တင်တယ်
ကြင်နာမှုရှာလည်း ရင်နာရတာပဲ ဖတ်တင်တယ်
ငါ့ဘဝဟာ သန်းခေါင်ညပေါ့။

အချစ်ရှာလည်း အမုန်းပဲရတယ်
ငါကပြုံးပြ သူမဲ့ပြ
ငါ့အပြုံးကြောင့် သူတို့ဘာကြောင့် မဲ့ကြတာလဲ
ငါ့ဘဝဟာ သုညပေါ့။

လက်ယပ်ခေါ်လဲ ထွက်ပြေးတယ်
ချည်နှောင်ထားလဲ ကိုယ်လွတ်ရုန်းတယ်
ဆက်စပ်ထားလည်း ဆက်ဖြတ်ပစ်တယ်
ငါဟာ အပြင်ကလူပါ။

နမ်းလို့လည်း မအီ
ဒါပေမယ့်
လှမ်းလို့လည်း မမှီပါ။
ချစ်လို့လည်း မဝ
ဒါပေမယ့်
သူပြောတဲ့ တခဏ
ဆယ်ရက် ဆယ်လ
ဆယ်နှစ်လား ဆယ်ဘဝလား။
ချစ်ဒဏ်ရာ ထိခံငြိခံလို့ မရဘူးဆိုတာ
မင်းသိသားနဲ့…။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ