Wednesday, April 3, 2013

စိမ်းလဲ့ညိုပြာ ပဒုမ္မာ

စိမ်းလဲ့ညိုပြာ ပဒုမ္မာ။
မြင်စမှာပင်၊
ဘဝင်ပီတိ၊ ဂွမ်းဆီထိသို့၊
တမိလှိုက်ဖို၊ ရင်ပျိုပျိုဝယ်၊
ထိုထိုဤဤ၊ လဲ့လဲ့ကြည်ပြီး၊
စချီဦးမှာ၊ ချစ်ကြင်နာမိ၊
သို့ပါသော်လည်း၊ ချုပ်တည်းတုပ်နှောင်၊
သရုပ်ဆောင်ကာ၊ စိတ်မှာမမေ့၊
သိုသိပ်ရလည်း၊
တွေ့ပင်တွေ့မြဲ တွေ့ချင်ဆဲ။
 
စိမ်းလဲ့ညိုပြာ ပဒုမ္မာ။
ခင်စမှာပင်၊ 
စိတ်တွင်နှိုင်းရှိ၊ တိုင်းမသိမျှ၊ 
ပြီးပြည့်ချမ်းသာ၊ ရွှင်လန်းကာဖြင့်၊
သတ္တာလောက၊ သိမ်းပိုက်ရပြီး၊
နန်းမ ရဝေ၊ ရွှေစည်းစိမ်သို့၊
တဖေနှိုင်းဆ၊ စိတ်တွင်ကြွသည်၊
ထိုမှတဖန်၊ ချစ်ရေငံကို၊
 ပြန်ပြန်သောက်ချင်၊ သို့စင်မျှလည်း၊
ဆုံပင်ဆုံမြဲ ဆုံချင်ဆဲ။
 
စိမ်းလဲ့ညိုပြာ ပဒုမ္မာ။
ကြင်စမှာပင်၊ ရှစ်ခွင်တိုင်းဝယ်၊
ရောင်စုံချယ်၍၊ ရှုဖွယ်မအီ၊
နတ်ပန်းချီသို့၊ ရောင်နီချယ်သန်း၊
ဘော်ငွေပန်းနှင့်၊ တခန်းညိုပြာ၊
ရင့်ရူဝါဝင်း၊ တဖြာပြိုးသန်း၊
ကိန်းခန်းတမျှ၊ စုံပြည့်ဝသူ၊
မြမဉ္ဇူသို့၊ ချစ်သူမို့ပါ၊
တသက်လျှာတွင်၊ မဖက်ကြင်နေ၊
သူ့ရင်ခွင်ဝယ်၊ မတင့်တယ်စေ၊
သို့ပေသော်လည်း၊
ချစ်ပင်ချစ်မြဲ ချစ်ချင်ဆဲ။

ငြိမ်းချမ်းပါစေ

သြဘာနိမိတ်ထွန်းတဲ့
ဇမ္ဗူလက်ျာတောင်ကျွန်းဝယ်
လူမျိုး တရာ့တပါးနော်
ရွှင်ပျော်လို့လေ။

ခုတော့ဖြင့် ငြှိုးမာန်ဖွဲ့ကြ
နင်ပဲငဆ ငါသာလျှင်ငါ
ငါကိုထိပ်မှာထားပေါ့လေ
သွေးမြေခ ရဲနီနီ။

အိုအဆွေ
အသက်တွေဟာ တိုလှပေါ့
အမုန်းတွေ သွေဖယ်ကြပြီး
အပြုံးတွေ ဝေဖြာရစ်အောင်
လုပ်ဆောင်သင့်ပြီ။

ပမာဒတရား အစဉ်ထား

အဝိဇ္ဇာ မှောင်ဖုံးလို့ရယ်
လောဘ ဒေါသတွေကြွယ်
အာဃာတ မာန်မာနတွေနဲ့
ငြှိုးမာန်တွေဖွဲ့။

မြတ်ဗုဒ္ဓလမ်းညွှန်ပြသည်
ခန္တီကို လက်ကိုင်ထားပါလို့
မေတ္တာနဲ့ ကရုဏာကွဲ့
ဥပေက္ခာတဲ့လေး။

ဗြဟ္မစိုရ်တရား
အစဉ်ထားလို့ရယ်
အကြင်နာဆပွားကာဖြင့်
ထာဝစဉ်ချစ်ခင်လို့ပင်
သတိဝင်ဉာဏ်ယှဉ်ဖို့
ရွှေပြည်နိဗ္ဗာန် မစံခင်မှာပင်
ပမာဒတရားတော်ကိုကွယ်
ဟောဖော်ခဲ့သေး။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။