Sunday, July 21, 2013

တွေ့ကြုံဆုံကွဲ


အတီတေ ကမ္မရယ်ကြောင့်
ခန္ဓာငယ်တည်လေ။
သံသာဝယ် ဘယ်ရေစက်
သွယ်အဆက်ယှက်နွယ်။
ကယ်အချဲ့ ဝဋ်ကံတူရယ်
လွတ်ကြံသူ မဟုတ်လေတယ်။

သို့အဖြင့် တွဲလက်ကယ်ခိုင်
ဆွဲခဲ့မယ် ပိုင်ပိုင်။
မြဲချက်ကယ် တွေ့ခါမှ
ခွဲရာကျခုတိုင်။
ဘယ်သို့ဝယ် ခိုင်မြဲကြစေတော့
ယိုင်လဲရ ကူမမနိုင်။

တွေ့ကြုံဆုံ ကွဲကွာရလေ
မြဲတာက ဒုက္ခသာပဲရယ်
ဆုတ်လမှာ ညမင်းမူတယ်
တခင်းမြူချယ်။
ခပင်းလူ နိဗ္ဗာန်လမ်းမှာ
ဝိပ္ပလ္လာ ရှုပ်လွန်းလို့လေး။

စိတ်ကူးယဉ်

ရပ်ဌာနေ ဟိုတထောင့်ဆီက
ပြိုမယောင် တိမ်တောင်တိုက်တို့
ညိုအမှောင် မှိုင်းချိန်ခါငယ်
လှိုင်းဗွေချာအသော့။
ဆိုင်းမနေ သိမ့်သိမ့်ဖိုအောင်
ဖိန့်ဖိန့်တုန် ကြောက်စိတ်ပိုတော့။

ဝေးတဆွေ သက်ကလျာကို
ဖက်မခွာကြင်နော့်။
တသက်လျာ ထွေးလိုကပေမယ့်
ဆွေးပိုရ ဖြစ်အင်။
ခုမှာပင် မယုယပေမယ့်
ပြုသမျှ နီးဖို့ရာပင်။

ဟိုရှေးကံ မှိန်ခဲ့တာမို့
ဆွေမဲ့ကာ ချုပ်နှောင်တီးလို့ရယ်
ပျို့မောင်ကြီး တွေးကလူဝယ်
ဆွေးဗျာပူတယ်။
နောင်သော့ခါ ကြင်သသူကို
ဆင်ရမူ စိတ်ကူးနှင့်လေး။

ခလေးကလေး

ကလေးငယ် ပြစ်အနာကင်းတော့
ချစ်စရာ မူဟန်
တင့်သပ ဆင်းသဏ္ဍာန့်ငယ်
ဝင်းဖန့်ဖန့် ဖြူစွာ။
ရှင်းသန့်သန့် ကျော့အမူမှာ
တော့်တဆူ ထွန်းလိမ့်ပင်သာ။

တကျွန်းမှာ ယဉ်အတူလျှင်
မြင်ရသူ ငေးရပေမှာ။
ဆင်သယူ တော်ဂမုန်းလိုပ
မော်မဆုံး ကြွားလို့။
တောတောင်နှံ့ လန်းဝေဖြာတယ်
ဆန်းထွေလာ နန်းရဝေသို့။

ရွှေစိတ်သော် ချက်ပေါ်လျှင်ကွယ်
မျက်တော်ရှ စူအောင့်ပါလို့
ဆူဆောင့်ကာ ငြိုးမဲ့ပေရှာ
ဆိုးနွဲ့လေတာ။
သို့တစေ မဲ့ရာပြေသော်
ခက်မပွေ တည့်ကြပြန်သေး။
မျက်ဖြေပြေ စိတ်စေတော့
ရှက်ပလေ ကလေးမို့လေး။

မှန်သိစေရာ

စိတ်အနေ မြင်ကွဲပါလို့
ထင်လွဲကြသူတွေ
ကြင်မြဲရ တွဲလက်တွေကို
ခွဲခဲ့လေပလား။
လွဲချက်တွေ နာပေတဲ့လို့
သာစေရဲ့ ပွဲတွေ့အမှား။

ကိုယ့်နှမ ချစ်ရသူမို့
ပြစ်မယူဖို့တား။
ကျင့်အယူ သည်ဖေမောင်က
ကြည်စေသားလို့ကွယ်။
သို့တမို့ ချစ်ကျီစယ်လို့
ညစ်ပလီ စိတ်မရှိတယ်။

ကိုယ်ကြီးတော့ မိဘနေရာ
သိကြစေ ထုံးမကွာတယ်
ဆုံးမရာ ရှောင်မသွေသင့်
နောင်တတွေနှင့်။
ဆောင်သရာ ဆောင်သလေကွယ်
ရှောင်ကြရာ ရှောင်ကြဖို့လေး။
သို့ကမို့ မှန်သိစေတယ်
စိတ်အနေ ကွဲကြနှင့်လေး

ပြည်ထောင်စုအချစ်

ဖာထီး ဖာထီး ဦးကရင်ကြီး
ဖားစည်တီးကာ ဘာတွေလုပ်
ပလုပ်တုတ်တုတ် ဝါးလက်ခုပ်
သြသံပေးတယ်ဗျို့။

ဦးရှမ်းကြီး ဦးရှမ်းကြီး
အိုးစည်ဗိန်ဗောင်တီး
တနောင်နောင်နဲ့ ကြေးမောင်းမြည်
ဓားသိုင်းကနေသည်။

မရခိုင် မရခိုင်
သဇင်ပန်းတွေမြိုင်
တခိုင်လောက်ပေးပါလား
ပျို့မောင်လေးကိုဗျား။

မိရွှေမွန် မိရွှေမွန်
အတီးမှာ လွန်ထူးချွန်
မိကျောင်းတူရီယာ တီးပြစို့
ပျို့မောင်နားထောင်ဖို့။

ကိုရွှေချင်း ကိုရွှေချင်း
ပလိုင်းလွယ်လို့ဆင်း
တကုတ်ကုတ်နဲ့ ဘာတွေလုပ်
ပန်းသီး လိမ္မော် ခူးမလို့။

ငွေကယား ငွေကယား
တောင်ကွဲစေတီဘုရား
ပုဝါပါးလေး ခြုံခဲ့ကွယ်
ပျို့မောင် စောင့်နေတယ်။

မရွှေဗမာ ညိုတိုသွေး
သနပ်ခါးကိုလိမ်း
စိမ်းစိမ်းကြီးနဲ့ ကြည့်နဲ့အား
ပျို့မောင်ရှက်တယ်ဗျား။

ပအို့ဝ်မလေး ဖြူဖြူဖွေး
ပါးအုံ့နီကလေး
ခေါင်းလေးငုံ့လို့ ရှက်နဲ့ကွယ်
ပျို့မောင် ချစ်ပါတယ်။

ဓနုမလေး နုနုနယ်
ကိုယ်ဟန်မူယာသွယ်
ပြတင်းပေါက်မယ် စောင့်ကြိုလို့
ပျို့မောင်လာခေါ်ဖို့။

ပြည်ထောင်စုကို ချစ်ရင်ကွဲ့
ငြင်းပယ်လိုက်ပါနဲ့
မိဖူးလား မိုက်ဖူးလား
ငါဟဲ့ ထားဝယ်သား။
ကြိုက်တယ်လား ခိုက်တယ်လား
ငါဟဲ့ ထားဝယ်သား။

အလေးပြုပါတယ်

ပြုတ်ပြုန်းမျှ သဲဗွေဆိုင်
လဲခွေယိုင် ညှိုးငယ်
မြဲစေတိုင် လွမ်းကြတယ်
တမ်းတသမှန်းရွယ်။
မျက်ရည်သွန် ချုံးချုံးချလို့
အုံးအုံးမျှ ငိုငြီးရှိုက်ဖွယ်။

တိုင်းအနှံ့ တပြည်လုံးဝယ်
မကြည်ငြှိုးမှိုင်တယ်။
ပြည်ချစ်တုံး ဇာနည်မျိုးတို့
စာဂီသုံး ကြိုးပမ်း။
ကျွန်အတွင်း လွတ်ဝေးရစေဘို့
စွန့်ပေးကြ သက်သွေးမခမ်း။

ထောင့်သုံးရာ့ လေးဆယ့်ခွန်မယ်
ဇာနည်မွန် ဝန်ကြီးများတို့ရယ်
ယမ်းငွေ့ကြား သက်စွန့်ဆိုးရဲ့
တက်ညွန့်ကျိုးခဲ့။
တက်လူတွေ မေ့စေနဲ့ကွယ်
ဂါရဝေ ဦးညွတ်ကြလေး။

အာဇာနည်နေ့ ဒို့မမေ့

လွမ်းစဖွယ် အတိတ်ကြောင်းဟာမို့
မမေ့ကောင်းပါဘူး။
ဥဒေါင်းတို့ ကျူးရင့်သာယာ
မြူးစဉ်ခါ တွေးလို့စိတ်ကူး။

မျိုးရိုးနှင့် ဂုဏ်တင့်သူမို့
ဘုံဆင့်ထူ တထူး။
ကြုံလင့်သူ များတကာတို့မှာ
ကြွားလို့သာ ဆင့်ကဲ။
စေရာသွား ထားရာနေကြလျှင်
နွားပမာ ဖြစ်ကြမှာပဲ။

ကံမှိန်လို့ နန်းမှောက်ပေမယ့်
လမ်းပြောက်ခါ ကျွန်အဖြစ်မှ
နွံမနစ် ကုန်းထပေရှာ
ရုန်းကြွလေတာ။
ဇာနည်တို့ ကြိုးကုတ်ပေလျှင်
တို့အပြေ လွတ်လပ်ပြီပေါ့လေး။
မွန်မြတ်သည့် ဇာနည်တွေကို
ဂါရဝေ ဦးညွတ်ကြပေါ့လေး။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။