Saturday, August 3, 2013

သစ်ရွက်ကလေး

သစ်ရွက်ကလေး တရွက် ငါ့ရှေ့ကို ရောက်ရှိလာ
ငါ့ရင်ခွင်မှာ ဝင်ခိုနား သစ်ရွက်ကလေးမှာ ငါခိုနား။
ပင့်သက်တွေမြင့်တက် ချစ်ဆိပ်တွေလည်းတက်ခဲ့။
အဲဒီအချိန်
လရောင်ကလေးဟာ ပိုအေးမြ
စံပယ်ကလေးတွေ ပိုသင်းပျံ့
လေပြေကလေးရေ ညှင်းညှင်းညက်ညက် သွင်းပက်ပါဦးကွယ်။


ငါက ရင်ဝကိုဆီးကန် ချစ်သက်အဖန်ဖန် ပြန်ရှင်ခဲ့
အချစ်မှာ နီးခြင်းဝေးခြင်း မရှိ
ဖြူသည်မည်းသည် မရှိ။
အိုခြင်းဟောင်းခြင်း မရှိ။
ကြီးသည်ငယ်သည်လည်း မရှိ။
အချစ်ရှိရာ အချစ်လာ
ချစ်နဲ့ချစ်ပေါင်း ချစ်သာရ
ဒါဟာ ချစ်ရဲ့ ပဏာမ သာဓကဆိုပါစို့။


တရိပ်ရိပ် တစေ့စေ့မြင် တသိမ့်သိမ့်ကြည်နူး
တသက်မှာ တမီနစ်စာမျှ ဝေးလို့မရဘူး။
သူ ဘာလုပ်နေ ဘယ်သွားသလဲ
ဘယ်သူနဲ့ပြောနေလဲ ဘာမှာရှိနေလဲ
တွေးစိတ်ပူပင်၊ တွေပြီးရင်း တွေ့ချင်
တသင်္ချေမက ဝေးကွာ
အခုမှ ပြန်လာတွေ့ရသူ။


ကိုယ်ရေးတဲ့စာ သူဖတ်
သူရေးတဲ့စာ ကိုယ်ဖတ်
တခါ နှစ်ခါ သုံးလေးခါ
ပြန်ကြည့် ပြန်ကြိုက် ပြန်နှစ်ခြိုက်
သူ့ရဲ့ အဆုံးအမ၊ ဒဿ၊ နိယာမအယူအဆတွေနဲ့
သူရဲ့ သဘာဝ အဘိဓမ္မတွေ
ကြားနာ ကြည်ဖြူ၊ လက်ခံသူ။


အချစ်ရေ ချစ်လား ချစ်တယ်
တကယ်လား နှစ်ကယ်
ဒါဆို ချစ်တယ်ပြန်ပြော
ကဲပို... နည်းနည်းလား အများကြီးလား
တပုံကြီးကွာ၊ လိုသလောက်ကွာ
မေးခွန်းထပ်ထပ် အဖြေခါခါ
သူနဲ့ကိုယ် ချစ်ကျမ်းကို ရွတ်ဆို
ချစ်ကို စောဒနာခဲ့တယ်။


အခုတော့ သစ်ရွက်ကလေး
ငါ့ကမ္ဘာမှ ထွက်ခွါ
တဖန်သစ်ပြီး နုလိုက်ရင့်လိုက် စိမ်းလိုက်ဝါလိုက်
နီလိုက်ညိုလိုက် ဝေလိုက်ကြွေလိုက်
ကို့ကိုအလှဆင်သူ
လောကကို အလှဆင်သူ
အထူး ကျေးဇူးတင်ထိုက်သူ။


အို... သစ်ရွက်ကလေးရေ
အရာရာကို ကိုယ်ကြည်ဖြူပါတယ်
ဒီနေ့အထိ ကလေးပုံပြင်ထဲကလို
ကိုယ်က ကိုရွှေယုန်ပါပဲ။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။