Monday, June 25, 2012

အာသာကြောင့် ဘာညာရေးတာပါ့

အသက်ကား နှစ်ဆယ့်ငါးကျော်ခဲ့ပြီ။ အရွယ်အားဖြင့် အထိုက်အလျောက် ပညာပြီးမြောက်၍ မိဘကို စောင့်ရှောက်ရမည့်အရွယ်။ သို့သော် ဂိမ်းကို တစိုက်မတ်မတ်ဆော့၊ အွန်လိုင်းကို မပျက်မကွက် တက်ပြီး မိဘဆီမှာ လက်ဖြန့်တောင်းနေတုန်း။ အားကိုးစရာကြီး။ နေတက် ရေတက်မှာဖွားတာကိုး။ ပြီးတော့ စနေသား။ သွေးကြီးတယ်၊ ဂိမ်းတော့ လုံးဝရှုံးမခံဘူး။

တဖန် Blog တွေထံ လည်မိပြန်တော့ လက်သွေးလို့ စာရေးချင်လာတယ်။ “ချင်” ဆိုတာ ဆန္ဒ၊ “ဆန္ဒ” ဆိုတာ အာသာ။ အာသာပြင်းပြင်းနဲ့ ရေးခဲ့တဲ့စာ ပညာရှိကြီးများ မြင်ရင်တော့ သတ်ချင်စိတ်ပေါက်မှာ အသေအချာပဲ။ စာလည်းမဟုတ်၊ ကဗျာလည်းမဟုတ်၊ လင်္ကာလည်းမဟုတ်။ မဟုတ်တာတွေချည်းပဲကိုး။

အမယ်၊ အဓိဋ္ဌာန်က နှစ်ဆယ့်ခြောက်နှစ်ထဲ ရောက်ပြီဆိုတော့ ပုဒ်ရေ (၂၆) ပုဒ် ရေးမယ်ပေါ့။ အရင်လကတော့ ပြည့်တယ်ဗျ။ ဒီလတော့ မလွယ်ပြီ၊ အဓိဋ္ဌာန် ပျက်တော့မည့်ဟန်ပဲ။ ယူရိုးပါး ဘောလုံးပွဲကလည်း ကောင်းတာကိုး။ ကောင်းတော့ကြည့်၊ ကြည့်တော့ကိုက်၊ ကိုက်တော့ပျက်။ သြော်... သြော်... သြော်... ကိုယ်အသုံးမကျတာနဲ့ ဘောလုံးပွဲကို လွှဲချလိုက်တာပဲ။ ကောင်းလင့်တေး၊ ကောင်းလင့်တေး။

ဒါနဲ့ လက်သွေးတယ်ဆိုလို့ ထက်မြက်လာသလားဆိုတော့။ ဘယ်ဟုတ်မတုန်း မသွေးတတ်တော့ တုန်းတောင် သွားသဗျ။ ကိုယ့်ကိုယ်ကိုလည်း စိတ်ပျက်မိပါရဲ့။ ဒါပေမယ့် Blogger မောင်နှမတွေက မောင်လေး ဆက်ရေးပါ ဆိုတော့ သွေးတွေ ပြန်တက်လာပြီး ရေးဖြစ်ပြန်ရော။ “နားထင်သွေးရောက်တာမျိုးတော့ မဟုတ်ပါဘူး ခင်ဗျာ့၊ သွေးရောက်စရာလည်း မရှိပါဘူးခင်ဗျာ့”။

တောင်တောင်အီအီ ပလီတီရင်းနဲ့ ဘယ်ရောက်သွားမှန်းမသိ။ ကိုယ်တိုင်ရေးတဲ့ ကိုယ့်စာ။ အလည်လာကြသူများကိုတော့ အားနာရဲ့ဗျာ။ ကျနော် ကောင်းကောင်းဧည့်မခံနိုင်ခဲ့ဘူး။ ဒါပေမယ့် အပြုံးပန်း တပွင့်တော့ ပွင့်စေချင်ပါရဲ့၊ နှစ်ပွင့် သုံးပွင့် ပွင့်ရင်လည်း ပွင့်ပါစေလေ။ အများကြီး အများကြီး ပွင့်စေချင်ပါတယ်လေ။ ကျနော် လောင်စာ (မပွင့်သေးတဲ့ အဖူးအငုံ) လေးရဲ့ ဆန္ဒပါ။ တကယ်ပါ။ အဆုံးသတ်လိုက်တော့မယ်ဗျား။ ဆက်လည်း မရေးတတ်တော့ပါဘူး။ စာရှုသူအပေါင်း အပြုံးပန်းများ ပွင့်ပါစေကြောင်း မေတ္တာဆောင်း၍ ကျနော်ဆုတောင်းလိုက်ပါတယ်။

တထွေးကြီးဗျ တထွေးကြီး

အဆက်ဆက် မခွဲလေရအောင်
အသက်စေ့ ဆီမီး၊ ပန်း၊ ကွမ်း
လှူဒါန်းခဲ့ပါ၏။ အမျှဝေသံ မိုးထိညံ...။


အကျိုးပေးကံ မပြန်ဟပ်သေးခင်
ဝေးဖို့ကံ ဖန်လာတော့သလား
ခွဲရပြန်လေပြီ။ ပူဆွေး၊ သောက အပ်နဲ့ဆွ။


ဝေးလေတော့၊ လွမ်းတာပေါ့
မှန်းချက်နဲ့၊ နှမ်းထွက်မကိုက်သမျှ
လွမ်းရ၊ တမ်းရတာပေါ့။ တစိမ့်စိမ့်တွေး တရေးရေး။


ငါ စနေသည် ကြမ်းတမ်း၏
ငါ့ဘဝသည်လည်း ကြမ်းတမ်း၏။
သို့သော်
လရောင်ဖြာလျှင်လည်းကောင်း
ကြယ်ရောင်လင်းလျှင်လည်းကောင်း
ပန်းရနံ့ သင်းလျှင်လည်းကောင်း
မြောက်ပြန်လေ  ညှင်းလျှင်လည်းကောင်း
မြေသင်းရနံ့ ပျံ့လျှင်လည်းကောင်း
အတိတ်ဟောင်းကို ပြန်တွေးတော့
အလွမ်းဓာတ်ခံကြောင့်လားမသိ
အလိုလေး
အလွမ်းတွေ တထွေးကြီးဗျ...။

Saturday, June 23, 2012

တမ်းတမ်းတတ လွမ်းဆွေးမိတယ်

လွမ်းမိပါရဲ့
ငယ်စဉ်ကလေ
စာအံသံတညံညံနဲ့
ပထဝီ၊ သမိုင်း
ဂဏန်းတွေ သေချာတွက်
လွမ်းလောက်ပါရဲ့။


ဆွေးမိပါရဲ့
ငယ်စဉ်ကလေ
ခရေကိုကုံး
စံပယ်ကိုခူး
သူဦးငါရင်
ဆရာမကို ပလူးခဲ့တာလေ
ဆွေးလောက်ပါရဲ့။


တမ်းမိပါရဲ့
စမ်းချောင်းကလေး
အေးအေးမြမြမှာ
ကူးကြ၊ ခတ်ကြ
ဆော့ကြ၊ ကစားကြ
စကြ၊ နောက်ကြ
ပျော်လိုက်တာမှ....
လက်ရှိဘဝကို သတိရတော့
တမ်းလောက်ပါရဲ့။

အဓိဋ္ဌာန် ပျက်လုနီး

အဓိဋ္ဌာန်တာ၊ တလမှာ နှစ်ဆယ့်ငါး၊ ရေးသားမည်ငါ။ သို့ပါသော်လည်း၊ မရေးပဲ လေထွားကာ ပျင်းရိတော့၊ ဒုံရင်းသို့ပါ။ တကယ်တော့...။ ကဗျာမမည်၊ လင်္ကာမမြောက်သော်ကြောင့်၊ ရှက်လောက်စရာ။ ဝါသနာရင်းခံလို့၊ သြဘာသံ မညံသော် လည်း၊ ရေးမြဲလို့ပါ။ မတော်တာမြင်ရင်ဖြင့်၊ လျော်ကန်သင့်အောင်၊ အကြံအဉာဏ်တွေပေးပါလော့၊ လာကြသူအပေါင်း။

Sunday, June 10, 2012

ဘယ်သူရေသွန်းခဲ့ပါလိမ့်

ဘယ်သူ ရေသွန်းခဲ့လို့
ပွင့်ခဲ့သလဲ...
လှပဲလှလွန်းတယ်။

လှသူ ပန်းကလေးမို့
ပိတုန်းနှင့် ပျားတို့...
ဝေ့ကာ ဝဲကာတအားပေါ့။

ဝင့်ဝင့်ကြွားကြွား
စွင့်စွင့်ကားကား
အလှတရားဆိုတာ ငါမှငါပဲ။


နွေတနေ့ လေအဝေ့မှာ
တပွင့်လွှာ ကြွေ
တမြေသို့ ခ၊ 
နင်းခြေ ကျော်လွှား
စောင်းငဲ့လို့ပင် မကြည့်သွားတော့
သဘာဝတရားက
လွန်လွန်းလှပါတကား
ဘယ်သူ ရေသွန်းခဲ့ပါလိမ့်။

Monday, June 4, 2012

ငါဟာ ငါမဟုတ်

အခု အရုဏ်တက်
အခု နေကွယ်သလို
နေဖြာဖြာလေးတောင် ထွက်ခွင့်မရ
ဆည်းဆာက ခုလေးတင်ဖြစ်သွားတယ်။


အမှောင်ဘဝမှာ
ညဆိုတာ ကြောက်စရာလည်းမဟုတ်
ချစ်စရာလည်း မဟုတ်တော့။
ဒါပေမဲ့
လမင်းကြီးကို ချစ်မိပါရဲ့။


အောက်ဆုံးကလူ
ဗမာ့ (မြန်မာ့) ကူလီ
ထူထူပူပူ
ပွက်ပွက်ဆူနေပါစေ
ဖိနပ်မပါ ခြေဗလာနဲ့တောင်
သည်မောင် ထမ်းပါ့မယ်။


ခြားနားခြင်းမရှိတဲ့ စည်းထဲမှာ
လွမ်းခွင့်ရှိလည်း...
တမ်းခွင့်ရှိလည်း...
ဗလာမဲတွေပဲလို့ ထင်နေမိတော့တယ်။


နေကွယ်ခဲ့ပြီ
မှောင်ရီဆည်းဆာ
လှကမ္ဘာမှာ
ငါဟာဘာလဲ...
ငါဘယ်သူလဲ...
တွေးကမ္ဘာထဲ
ဆွေးစရာမရှိ
ပကတိ...
ငါဟာ ငါမဟုတ်ပါလား...။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။