Tuesday, December 17, 2013

တပြည်သူ မရွှေထား

မောင့်ထားသခင်
မြစိမ်းရှင်ကို
မေတ္တာသင်ဝင်
ချစ်ခင်ကြင်နာ
ကရုဏာနှင့်
ချစ်ခဲ့ပါ၏။
မိုးမှာနှောင်း၍
တဆောင်းသစ်လွင်
နွေပင်ရောက်လု
ရတုသာစွ
နှစ်လပတ်လည်
လွန်ခဲ့ပြီမို့
ချစ်ရည်ဘဏ်တိုက်
ဖိုလှိုက်ချိုမြ
သောက်ရ ငံ့လင့်
သည်ချစ်ဇာတ်ကား
အခါးနှင့်ဆုံးသတ်
မဖြစ်အံ့ဘူး။

ငါမှတပါး ဘယ်သူ့ကိုမှ ဦးစားမပေးရ။
မတားခဲ့ပါပေ။ အခုတော့...
ငါမှတပါး အားလုံးကို ဦးစားပေးရဲ့
ထားခဲ့ပေါ့လေ။

ငါမှတပါး ဘယ်သူ့ကိုမှ မပြောမဆိုရ။
မတားခဲ့ပါပေ။ အခုတော့...
ငါမှတပါး အားလုံးကိုပြောဆိုရဲ့
ထားခဲ့ပေါ့လေ။

ငါမှတပါး ဘယ်သူ့ကိုမှ မခင်မင်ရ
မတားခဲ့ပါပေ။ အခုတော့...
ငါမှတပါး အားလုံးကိုခင်မင်ရဲ့
ထားခဲ့ပေါ့လေ။

ငါမှတပါး ဘယ်သူ့ကိုမှ မကြင်နာရ
မတားခဲ့ပါပေ။ အခုတော့
ငါမှတပါး အားလုံးကို ကြင်နာရဲ့
ထားခဲ့ပေါ့လေ။

သခင်လျှောက်လှမ်း
ပန်းခင်လမ်းမှာ
မသာယာအောင်
ဆူးငြောက်ပမာ
ပြုမိပါမူ
နှလုံးဖြူနှင့်
ခွင့်လွှတ်လေ။
သခင်စက်ရာ
ခန်းဆောင်ကြာတွင်
သာသည့် လင်းရောင်
သွင်းသည့် လေညှင်း
သင်းသည့် စံပယ်
ချယ်သည့် ပန်းချီ
သီသည့် ကဗျာ
သာသည့် ကျေးငှက်
မက်သည့် အိပ်မက်
ဖြစ်ခဲ့ပါမူ
ငါတလူဟု
ဂုဏ်ယူပါရ
နှလုံးလှနှင့်
ခွင့်ပြုပါလေ
ခွင့်ပြုလေ။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။