Monday, November 4, 2013

မေ့နိုင်အား

မေးလို့လည်း မဖြေ
သူဘာတွေလုပ်နေလဲ
တွေးလို့သာ နေ။

ဆွေးလို့သာ ခွေ
သူကလေ သိပ်နိုင်စားတယ်
မေ့နိုင်အားပေ။

ဆည်းဆာချိန်

ပျောင်းသွဲ့သွဲ့
နှောင်းနွဲ့နွဲ့ သံဝါဝါ
ချိုမြ သာယာ။

ကမ်းနဖူး သောင်အငူက
ကျူရိုးရှင် အလွန်ချွဲတယ်
ညနေ ဆည်းဆာ

သီတင်းကျွတ်

ရွှေယင်းမာ ကြာခဝဲရယ်တို့
လေအသွင်းမှာ ရနံ့သင်းပါလို့
အအေးဓာတ်က မကြည့်တကြည်
နှင်းအနံ့က မရီ့တရီ။

တူရာသီအခါတွင်းမှာလ
ပုဏ္ဏမီပြည့်ကာဝန်းပါလို့
အဿဝဏီ ယှဉ်ကာထွန်း
အဘိဓမ္မာ သဘင်ကျင်းလို့
ပဝါရဏာပြုချိန်ရောက်မြဲပ
တသီတင်းလည်း ကျွတ်ခဲ့ပြီ
ဆီမီးရောင်ဝါ ညီညီစီ။

ပူဇာစ ပူဇ နေယျာနံ
ကန်တော့ခံ ကုသိုလ်ပွဲတွေနှင့်
သုံးပါးကံ အပြစ်ပြေကြောင်းပေမို့
မာန်နှိမ်လို့ ဦးကိုချီ
ကြာငါးမည်နှင့် နိဗ္ဗာန်ရည်
တို့မြန်ပြည် စဉ်လာပွဲမို့
ရိုးရာမှန် သိလို့သွားအောင်
မီးထွန်းလို့စီ...
နွှဲပြလိုက်မည်။

ဆောင်းနတ်မယ်

ဝန်းတခို နှင်းချိုဖြင့်
ပင်ပျိုနှင့် ဆေးဒန်းနွယ်တို့
စိမ်းသန့်ချယ် ရွက်ဆင်။

ဖူးငုံအာ ပွင့်ဖတ်လွှာငယ်
နှင်းသန့်ကာ ကြည်ကြည်လွင်လို့
နေခြည်တွင် ပီပီလန်း
ပန်းခင်းတခွင်။

ချိုမြထုံ ဝတ်ရည်တိုက်ငယ်က
ဆွတ်ကြည်ရုံ ညှင်းလေပင့်တော့
ပိတုန်းနှင့် လိပ်ပြာငင်
ကြင်မယ့်ကွယ် ပျော်မဆုံး။

ဘုန်းသခင်က
ထုံးတဆင်မှာ ကြင်မယ်ကြံလို့
ပင်မြင့်စံ တော်သဇင်ကိုမှ
မော်မမြင် ထိပ်တင်ဖျားလိုပ
မွေ့ကြင်ရ မယ့်အသွင်မှာ
စိတ်ရွှင်ကာပြုံး။

တန်ဆောင်မုန်း

ဘရဏီ အခါယွန်းလို့
ကြတ္တိကာ တာရာထွန်းတဲ့
ဟေမန္တ လရာသီ။

မိုးအာကာ ဝဠာထက်ဆီက
တိမ်ပလီ ညစ်ကြူကင်းလို့
ပြစ်မြူရှင်း ပြာလဲ့စင်သည်
ဝင်းဖန့်တည်ကြည်။

ရေကြည်ပြာ သင်ဖြာထက်မှာလ
ငွေချည်ကြာ ယဉ်သာစက်သည်သို့
မြင်သူမက် ဗျာပွေသည်
သာပေတဲ့ တန်ဆောင်မုန်း။

မျိုးမြန်မာ
သုံးတန်ဖြာ စေတနာနှင့်
ထုံးမကွာ လှူဓလေ့ရယ်က
ပြိုင်မဟေ့ ကုသိုလ်ပွဲတွေမို့
ရောင်းရင်းတို့ရေ
မြိုင်သလေ့ ကထိန်ခင်းတယ်
နွှဲကြရွှင်ပြုံး။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။