Monday, July 30, 2012

အစဉ်အလာ

သူတို့မို့ဆောင်တာဗျာ
ဒါပေါ့ဗျာ...
အစဉ်အဆက် ထိမ်းလာတာ
အမျိုးနဲ့အရိုးနဲ့ဆိုပါတော့...။
ဒါပေမယ့် သူတို့ဖို့ အပန်းကြီးတာမှ မဟုတ်တာဗျာ...
ဒီလောက်ကတော့ အပျော့ပေါ့...။
ကျုပ်တို့ကသာ သူတို့ကိုကြည့်ပြီး စကားအဖြစ်ပြောနေတာပါ။
သူတို့ကတော့ ပေါ့ပေါ့ပါးပါးပါပဲ
ကျုပ်တို့ကသာ လေးပင်နေတာပါ...။

ဒါနဲ့... ကုလားပဲဟင်းသောက်ရင်တော့ ခက်မှာပဲနော့်...။

Tuesday, July 24, 2012

မလွမ်းပို

ဘယ်သူတွေ ဘယ်လိုလွမ်း
ဘယ်သူက ဘယ်လောက်လွမ်း
ဘယ်လိုလွမ်းလွမ်း သူ့ထက်မပို
ဘယ်လောက်လွမ်းလွမ်း သူ့ထက်မပို
နာမည်ကကို မလွမ်းပို။


လွမ်းသီချင်းနားထောင်
လွမ်းသတင်းဖတ်
လွမ်းကဗျာရေး
လွမ်းစာလေးတွေနဲ့
သူ လွမ်းနာကျနေတယ်။


သူ့အလွမ်းက
သားနားတယ်
ခမ်နားတယ်
ကြီးကျယ်တယ်
ပြီးစလွယ်မဟုတ်
မမုန်းမမေ့ မုန်းမမေ့။


သြော်...
ဘဝကိုက လွမ်းဘွယ်
လွမ်းသယ်ကမွေး
လွမ်းလူကကျွေး
သူက လွမ်းကလေးပေကိုး။

Sunday, July 22, 2012

ဖြူဖွေး

ကျနော့် မွေးနေ့မှာ ထူးထူးခြားခြား မွေးနေ့လက်ဆောင်တခု ရဖူးပါတယ်။ အဲဒါကတော့ ဖြူဖြူဖွေးဖွေး ဝတုတ်တုတ်လေးနဲ့ ချစ်စရာ ဝက်ကလေးတကောင်ပါပဲ။ မွေးနေ့လက်ဆောင် ပေးပို့သူ သူငယ်ချင်းကတော့ ဘာသဘောနဲ့ ပေးပို့မှန်းမသိပေမယ့် သူပေးပို့တဲ့ ဝက်ကလေးကို ကြင်ကြင်နာနာပဲ မွေးမြူထားခဲ့ပါတယ်။ မွေးနေ့မှာ လက်ဆောင်အဖြစ် ရခဲ့တဲ့ ဝက်ကလေးဆိုတော့ ပိုပြီး ဂရုစိုက် ကြင်နာခဲ့ပါတယ်။

ဝက်ကလေးနဲ့ အတူနေခဲ့တာ နှစ်ချီကြာခဲ့ပြီမို့ ဝက်ကလေးဟာ စကားမပြောတတ်ပေမဲ့ ကျနော်ရဲ့အထာကိုတော့ စွဲမြဲစွာ မှတ်မိနေပါတယ်။ ဝက်ကလေးဟာ ဆာလောင်မွတ်သိပ်ချိန်မှာ ဂျီကျတာကလွဲလို့ ကျန်တဲ့အချိန်တွေမှာ အေးဆေးစွာ နေတဲ့ ဝက်ကလေးပါ။ ဒါပေမယ့် ဝက်ကလေးဟာ တော်တော်လေး အိပ်နိုင်ပါတယ်။ ကျနော်မနိုးခင် တခါမှ မနိုးပါဘူး။

မနက်မိုးလင်းတာနဲ့ ဝက်ကလေးဆီကိုသွားပြီ နှိုးရပါတယ်။ ဝက်ကလေးဟာ နှိုးလိုက်တာနဲ့ ကပြာကယာ ထပါတယ်။ လူတွေလို မထချင်ထချင်နဲ့ ဘယ်ပြန်ညာပြန် လှိမ့်ပြီးအိပ်နေတာမျိုး တခါမှ မကြုံဖူးပါ။ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ဝက်ကလေးနဲ့အတူ လမ်းလျှောက်ထွက်ပါတယ်။ လမ်းလျှောက်မထွက်ခင်မှာ အတူနေ သူငယ်ချင်းရဲ့ အခန်းတံခါးကို မိုးလင်းလို့ ဘယ်ချိန်ရှိပြီ အိပ်ယာထချိန် တန်ပြီဖြစ်ကြောင်း သတိပေးပါတယ်။

သာယာကြည်လင်တဲ့ မနက်ခင်းရဲ့ အေးမြတဲ့လေကို အားပါးတရရှူရှိုက်ပြီး ကိုယ်လက်လေ့ကျင့်ခန်းများ သိမှတ်သမျှလုပ်ပါတယ်။ တနာရီခန့် လမ်းလျှောက်၊ လေ့ကျင့်ခန်းလုပ်ပြီး အိမ်ကို ပြန်လာတဲ့ အခါမှာ သူငယ်ချင်းကတော့ အိပ်ကောင်းနေဆဲပါပဲ။

ကျနော်က သူငယ်ချင်းကို တော်တော်ကျက်သရေတုန်းတာပဲ။ ဒီချိန်ကြီးထိ အိပ်တုန်းပဲ။ သူ့ကိုယ်စောင့်နတ်ကတော့ ကျိန်ဆဲနေတော့မှာပဲ။ ကျနော့် ဝက်ကလေး အိပ်ပုပ်တယ်ဆိုပေမယ့် ထချိန်ကျ ပုံမှန်ထသေးတယ်။ ဒီလိုတွေးပြီး ကျနော်သူ့ငယ်ချင်းထက် ကျနော့် ဝက်ကလေးကို ပုသံယောဇဉ်ဖြစ်မိတယ်။ ကျနော် ဘုရားဝတ်ပြုတဲ့ အချိန်မှာဆိုရင်လည်း ဝက်ကလေးဟာ အလိုက်တသိ လုံးဝအသံမပြုဘဲ ညိမ်သက်စွာ နေပေးပါတယ်။ ကျနော်က ဒီလို နေပေးတဲ့အတွက် သူလည်း ကုသိုလ်ရမှာပဲလို့ တွေးမိပါသေးတယ်။

အခုဆို ဝက်ကလေး ဆုံးပါးသွားတာဟာ ငါးနှစ်ဆိုတဲ့ အချိန်ကိုတောင် ရောက်ခဲ့ပါပြီ။ ကျနော်အိပ်ယာထချိန် ပုံမမှန်တာလည်း ဒီနေ့အထိပါပဲ။ ဒါပေမယ့် ကျနော် ဝက်ကလေးကို မမေ့သေးပါဘူး။ ဝက်ကလေးနာမည်က ဖြူဖွေးတဲ့။

Thursday, July 12, 2012

ညများစွာ

အာဏာပြင်တခွင်လုံး
မိုးသားတိမ်ရိပ်တို့ဖြင့်
အုံ့အုံ့ဆိုင်းဆိုင်း၊ မှိုင်းမှိုင်းပျပျ 
တိမ်ပန်းချီအလှတွေနဲ့။

ညချမ်းအခါ
မြမြအေးအေး၊ လေပြေသွေးကာ
အပြာရောင် ကောင်းကင်ယာမ်မှာ
လမင်းကလေး ခရီးလွန်နေတယ်။

သတိရခြင်း
လွမ်းဆွတ်ခြင်း
မျှော်လင့်ခြင်းတွေနဲ့
ညတိုင်းနီးပါး
အိပ်စက်ခြင်းများ ခိုးယူခံခဲ့ရတယ်။

ဒီလိုပဲ
ငါတယောက်တည်း 
ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေ
ကမ္ဘာကဘေထိအောင်လား
အတွေးများဖြင့်....။

Sunday, July 8, 2012

ဝှက်ဖဲများ ပိတ်ဆို့မှု

အာရုံတွေ ဖြန့်ကျက်ပေမယ့်
ထွက်မလာသော ဝေါဟာရများ
ဘယ်အနှောင့်တရားတွေက
ပိတ်ဆို့ထားသလဲ။


လေးဖက်လေးတန်
အခန်းနံရံထဲမှာ
ဇီးကွက်တွေနဲ့ ဆေးလိပ်တို
ရှာပုံတော်ဖွင့်နေကြတယ်
ဂျိုကာ၊ ကွင်း၊ ကင်း၊ ဒေါင့်
တန်ဘိုးရှိတဲ့ ဖြတ်လမ်း
ကြီးပွားရေးနဲ့ လွတ်လမ်း
ရမ်း... မှန်းရတာကိုက အရသာ။


အမနာပတရားတွေကိုနာပြီး
၁၁ မီးငြိမ်းဖို့ ကြိုးစားနေတာ
ငါဟော၊ ငါနာ
ငါကြား၊ ငါငြိမ်း
အပြုံးလေးတွေ တရိပ်ရိပ်
အနိစ္စတောင် မေ့သွားတယ်။


ဓလေ့ကိုက ဒီလိုပဲ
နိယာမ ပြောင်းပြန်တွေနဲ့
ဘယ်လိုအာရုံဖြန့်ကျက်မလဲ
ဝှက်ဖဲတွေများလွန်တယ်
တကတည်းကွာ....။

Thursday, July 5, 2012

ကန်ထုတ်ပစ်လိုက်

ကြားနေဝါဒတွေ ကြီးစိုးနေသမျှ
အမှားတွေက တိုးပွားလာမှာပဲ။


ကြားနေဝါဒတွေ တိုးပွားလာမျှ
အမှန်တွေက ဆုတ်ယုတ်ကုန်မှာပဲ။


ဖြူတာနဲ့ ဖွေးတာ
နီတာနဲ့ ရဲတာ
မည်းတာနဲ့ မှောင်တာတွေက
ပုံမှားရိုက်လို့ရတယ်...။


အမှန်နဲ့ အမှား
ကွဲကွဲပြားပြားသိမြင်ဖို့
ခွဲခွဲခြားခြားကို ဆက်ဆံရမယ်။


ကံမကောင်းရင်
မကောင်းတာတွေ ကန်ထုတ်ပစ်လိုက်။


ကံကောင်းချင်ရင်
ကောင်းတာတွေ ကန်ထုတ်မပစ်နဲ့။


ကံရဲ့အကြောင်း
ကောာင်းကောင်း သိကြပါစေ။

ပုံမှားရိုက်ချင်ကြတဲ့
ကြားနေတွေကို 
ကန်ထုတ်ပစ်ဖို့လည်း  မမေ့ကြနဲ့
ဒါပဲ။

ဓာတ်သက်

ငါ့အိပ်မက်တွေ
တဝက်တပျက်နဲ့
အသက်ထွက်ခဲ့ရတယ်....။


ငါ့ပင့်သက်တွေ
ထိန်းချုပ်ခဲ့ပေမဲ့
ဟာရီကိန်းထက်
သွက်လက်နေတယ်....။


ရက်စက်မှုတွေနဲ့ ကမ္ဘာကြီးကို
မပတ်သက်လိုပေမဲ့
အကြောင်းပေါင်းများစွာကြောင့်
လက်ဆက်ခဲ့ရတယ်။

ဓာတ်သက်ကျလေသလား
ပြစ်မဲ့တွေက
ကမ္ဘာရဲ့ ရက်စက်မှုတွေအကြောင်း
မပတ်သက်လိုတဲ့အကြောင်းတွေပြောရင်း
ထောင်သောင်းမက အတ္ထုပ္ပတ်တွေ
ရုပ်ဓာတ် နာမ်ဓာတ် ပရမတ်တွေ
ပြုန်းပြုတ်ကြွေကျနေပေမဲ့...

အိပ်မက်ကလှနေတုန်း
တရေးမှ မနိုးပါရစေနဲ့...
ဘဝဆိုးချင်ဆိုးပါစေ...။

Tuesday, July 3, 2012

လေတယ်၊ ထွေတယ်

အခုတလော စိတ်ကလေပြီး၊ ထွေနေတယ်ဆိုရမလားပဲ။ ဖြစ်ချင်တာ၊ လုပ်ချင်တာတွေကိုလည်း ဖြစ်ဖြစ်မြောက်မြောက် မလုပ်ခဲ့သလို ဖြစ်သင့်တာ၊ လုပ်သင့်တာတွေကို မလုပ်ခဲ့ပါဘူး။ ဒီအတွက် နောင်တတော့ ရသားပဲ။ မနှောင်းသေးပါဘူး။ ဒါပေမယ့် စိတ်တွေက တကယ်လေးလံနေတာ။ လုပ်ချင်ကိုင်ချင်စိတ် ကုန်နေသလိုပဲ။ ဘာကြောင့်လဲ။ အဖြေမရှိဘူးဗျို့။ အဖြေမရှိဘူး။

ကြားရ၊ ကြုံရ၊ မြင်ရ၊ သိရတာတွေကလည်း စိတ်မကောင်းစရာ၊ စိတ်ကုန်စရာ၊ စိတ်ညစ်စရာ၊ စိတ်ပျက်စရာ၊ စိတ်လေစရာ၊ စိတ်ဆိုးစရာက များတယ်ဗျ။ ဘာတွေလဲလို့တော့ မမေးနဲ့ဗျို့။ အကုန်လုံး... အကုန်လုံးပဲ။ မကြားချင်လဲ နားထောင်ချင်ချင်၊ ပြောတဲ့လူက လာလာပြောကြတာပဲ။ မကြုံချင်လဲ ဆုံချင်သလိုလို တွန်းတဲ့လူကလည်း တွန်းတာပဲဗျ။ မမြင်ချင်လည်း ကြည့်ချင်တယ်။ သိရပြန်တော့လည်း ရိချင်တယ်။ ဒါတွေက မကောင်းမှန်းလည်း သိသားပဲ။ ဒါပေမယ့် သိလည်း သိရုံပဲ၊ မထူးဘူးဗျ။ 

ပြောလိုက်ရင်လည်း ဘုနဲ့ဘောက်၊ ထော်လာကန့်လန့်၊ တည့်တည့် တန်းတန်းကြီး။ အပြောခံသူကတော့ တသက်လုံး မေ့နိုင်မှာဘူး။ အဲလိုကောင်။ တကယ်တော့ ကျုပ်က အပြောအဆိုကို တော်တော်ထိန်းသိမ်းထားတာဗျ။ ဒီကြားထဲ လွှတ်ခနဲ ထွက်သွားတာတော့ မတတ်နိုင်ဘူးဗျ။ ဒါပေမဲ့ ကျနော့်အကြောင်းကောင်းကောင်းကြီး သိသူတွေကတော့ သိပ်ချစ်ခင်တာဗျ။ ရိုးတယ်၊ ဖြောင့်တယ်နဲ့။ ဟုတ်လားတော့ မသိဘူး။ ကြွားတာမဟုတ်ဘူး။ တကယ်။ အထင်လွဲတဲ့သူတွေကတော့ ကျနော့်အကြောင်း ကောင်းကောင်း မသိသေးလို့ပဲ။ ကြွားတာမဟုတ်ဘူး။ တကယ်။

တော်ပြီဗျား။ ညဥ့်လည်းနက်နေပြီ။ လူအိပ်ချိန်တောင် လွန်နေပြီ။ ရေးစရာတွေတော့ ရှိသေးတယ်။ တပုံကြီး။ မရေးတတ်တာကခက်တာ။ ဒါကြောင့်ပြောတာပေါ့။ ကျုပ်ကို သင်ပေးပါ၊ ညွန်ပြပါ၊ တည့်ပေးပါလို့။ လူအိပ်ချိန်တောင်လွန်လို့ ညဥ့်လည်းနက်နေပြီ။ တော်ပြီဗျား။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။