Friday, August 27, 2010

သုညခေတ်

ဒီခေတ်၊ ဒီနှစ်မှာ
ပေးဆပ်ခြင်းရဲ့တန်ဘိုးဟာ
သုညဒီဂရီအောက်ကို ရောက်နေတယ်
ဒါပေမဲ့ ပေးဆပ်မြဲပေးဆပ်လျှက်
ကျေနပ်လျှက်၊ ပျော်ရွှင်လျှက်ပါ
အားလုံး... ရင့်ကျက်တဲ့တနေ့
(သို့) မရင့်ကျက်တဲ့တနေ့
သုညရဲ့ရှေ့ကို ရောက်ကောင်းပါရဲ့။

အနှစ်နဲ့ အကာကို မခွဲခြားခင်
အကာရဲ့နှစ်ကိုပဲ စာသုံးကြစို့လား
အကာမရှိရင် အနှစ်မရှိနိုင်ဘူးလေ
ဖြည်းဖြည်းပေါ့...
ငါတို့အတ္တဘောလည်း အကာတွေနဲ့
 ဖွဲ့စည်းထားတာပဲ။

အနှစ်ကိုလိုက်ရှာရင်း
တွေ့လိုက်ပါရဲ့ သုည
အော်...
သုညဟာ အနှစ်ဖြစ်နေပါပေါ့လား
ဒီခေတ် ဒီနှစ်တွေမှာလေ...။

Thursday, August 26, 2010

ချစ်သူနယ်မြေသည်သာ

ဒီနေ့ နေ့လည်
မီးပျက်တယ်ဗျာ
ဘာမှလုပ်လို့မရဘူး
တော်တော်ကြာတယ်...
နေမမြင် လေမဝင်
ခန်းကျဉ်းထဲမှာ
ထိုင်ရမလား ထရမလား
ငိုရမလား ရည်ရမလား
ကြားထဲ ဦးချစ်ဆွေရဲ့
ချစ်သူ့နယ်မြေ သီချင်းကို ထဖွင့်လိုက်တော့
အော်...
လွမ်းရမလား ဆွေးရမလား...။

အော်ဘာလိုလိုနဲ့
အတိတ်က ...
အဖြစ်စလောက် ပျော်စရာလေးတွေ
ဟောင်းကုန်ပြီ
ဆွေးကုန်ပြီ
စရှာလို့ပင်မရတော့...။

အပြုံးချိုချိုလေးက တပြည်ခြားလို့
နက်ဝပ်ဘ်မရှိ၊ ကွန်ယက်မရှိ
ဖုန်တလူလူ၊ ဗွက်ထူထူနဲ့
သက်လှယ်တို့ရွာ
ငါတို့ရွာ
အမေ့ရွာ
လွမ်းလိုက်တာကွယ်
လွမ်းလိုက်တာ...။

Wednesday, August 25, 2010

ထိုက်တန်ရာ

ဆင်ခြေများလွန်းတဲ့
ငါတို့အတွက်...
ပန်းသီးပုပ်တလုံးနဲ့သာ တိုက်တန်ကြောင်း
သဘာဝတရားက ဆုံးဖြတ်လိုက်တယ်
တွန့်တက်ခွင့်မရှိ
ယူခံဝင်ခွင့်မရှိ
ခြေပခွင့်မရှိပါ
ဒီမှန်တရားမှာ
ဘယ်လို ဝါဒ၊ ဒဿန
ဘယ်အဆုံးအမမှ
ရောစပ် ပေကြံခြင်းမရှိဘူး
ချွင်းချက်မရှိပါဘူး...။

Saturday, August 14, 2010

တောင်းဆိုချက်

အိုသခင်...
အစဉ်သဖြင့် ကြည်လင်မြဲ
ဝေဟင်မှ တိမ်လိပ်တိမ်စွယ်တို့ကို
အပြစ်မြင်မိသော
ငါ၏ မျက်လုံးအစုံအား
အလင်းအားများ
တိုးပွားအောင် သနားတော်မူပါ...။

အိုသခင်...
အစဉ်သဖြင့် သင်းပျံ့မြဲ
အရောင်စုံ မာလာအငုံအဖူးတို့ကို
ငြိုငြင်မိသော
ငါ၏ စိတ်ဘဝင်ကို
ဖြူစင်ဝင်းပအောင်
သနားသဖြင့် သန့်စင်လှည့်ပါ...။

အိုသခင်
အစဉ်သဖြင့် ကြည်လင်မြဲ
တောင်စဉ်ချောင်းကလေးအား
ဒေါသပွားမိသော
ငါ၏ နှလုံးသွေးတို့ကို
ခန္တီတရားထားနိုင်အောင်
ဓမ္မတေးများဖြင့် ဆေးကြောပစ်ပါ...။

အိုသခင်
ကျေးငှက်တို၏ တေးသံအား
ငါ နာကြားခွင့်ရလို၏
ဖြစ် တည် ပျက်
ခြားရဟတ်မောင်းတံကို
စက္ကန့်မျှ ရပ်နားပေးပါ
ဘဝ၏ အရသာကို ရှာဖွေပါရစေ
လောက၏ အလှကို ဖော်ထုတ်ပါရစေ
သဘာဝ၏ ဖြူစင်ခြင်းကို ချီးမွမ်းပါရစေ
စက်ဆုတ်ဖွယ် အတ္တဘောကို မြုပ်နှံပါရစေ
သနားသဖြင့်
မေတ္တာနှင့် ဆောင်ကျဉ်းပေးပါ... သခင်။

Thursday, August 12, 2010

မသေခင်က ပုပ်တဲ့ မသာ

ခေတ်ပျက်၊ ခေတ်ဆိုး
ခေတ်ညစ်၊ ခေတ်သိုးမှာ
လူရာဝင်မဝင်ချင်ဘူးဟေ့..
ရှက်တယ်...။

လူဆိုး၊ လူညစ်
လူပျက်၊ လူသိုး
လူသူခိုးတွေကြားမှာ
မချမ်းသာချင်ဘူးဟေ့...
ရှက်တယ်...။

မူးကိုမြစ်ထင်
နွားခြေရာခွက်ကို ပင်လယ်ထင်
ဝါးလုံးခေါင်းထဲ လသာ
ဟား.. ဟား.. ဟား..
ဒါတွေအကုန်လုံး
ငါ့ခြေဖျားမှာ
မြေမှုန် ပမာပဲ...။

သွားကြ...
မလာကြနဲ့
သွားဖားကြ
သွားစားကြ
ကျွန်ခံကြ
ဖင်လှန်ကြ
ပေါင်နှံကြ
နံဟောင်နေတာပဲ
သွား...
ချက်ခြင်း ထွက်သွား...။

အသပြာဆိုတာ တခဏ
ပကာသနဆိုတာ တဘဝ
ပျော်လိုက်ကြ
ရွှင်လိုက်ကြ
ချစ်လိုက်ကြ
မုန်းလိုက်ကြ
ရယ်လိုက်ကြ
ငိုလိုက်ကြ
----------
ဘယ်မှာလဲ သုခ
သုခဆိုတာ ဘာလဲ
သုခကို ဘာလုပ်လို့ရသလဲ
မင်းလည်းမသိ
ငါလည်းမမြင်
ဒါတောင်..
ထင်ရာစိုင်းကြတုန်း
ခေတ်ဆိုး ခါဆိုး
ဒီအဖြစ်မျိုးတွေက
ရင်ကျိုးစရာပါလားနော်...။

အကျိုးမသိ
အကြောင်းမမြင်
ဖြစ်ချင်တာဖြစ်
လုပ်ချင်တာလုပ်
အာဟာရအတွက်
ဂုဏ်မာနအတွက်
ပေါင်တံသွယ်သွယ်ကို အပ်နှံကြ
ခြေသလုံးဖြူဖြူကို ရင်းနှီးကြ
ဒစ္စကိုမီးရောင်ကြား ပျော်မြူး
အသူရာတွေနဲ့ ယစ်မူးကြ
ခွင့်ထူးခံတွေ
လူ့မလိုင်တွေ
ရေပေါ်ဆီတွေ
လူ့လွယ်အိတ်တွေ
ထွီး... ရွံလိုက်တာ
ဟင်း... နံလိုက်တာ
ဝေါ့... အံချင်လိုက်တာ
အော်.. မသာ
မသာတွေ
မသေခင်က ပုပ်တဲ့မသာတွေ...။

Saturday, August 7, 2010

ငတုံး

ငါ့ကိုယ်ငါ ချွန်မြဖို့
ဘယ်လိုစီမံရမလဲ
ငါမသိသေးဘူး
ငါသတိမထားမိဘူး
မစူးစမ်းခဲ့ဘူး....။

အာသီသလား
ဆန္ဒလား
မျှော်လင့်ချက်လား
ဝေးဝါးမကွဲပြားသေးပါ
ငါဟာ တုံးအဆဲ...။

ငါ ဘာဖြစ်ချင်လဲ
ဘာလုပ်သင့်လဲ
ဘယ်လိုလုပ်မလဲ
ငါ မသဲကွဲသေးပါ
ငါဟာ ညံ့ဖျင်းဆဲ...။

ဝဲလည်နေတဲ့ သံသရာထဲ
ငါလည်း ဂယက်ထဲမှာ
ဝဲလည်ဆဲပေါ့
ငါ ဘယ်လိုစီမံရမလဲ...။

Thursday, August 5, 2010

လက်မောင်းတောင့်ဖို့ လိုသလား

ရိုးမတောင်ပေါ်မှ
ကျော်နိုင်တဲ့လေဟာ
အညာမှာ မိုးကောင်းစေတယ်...။

ငါ့ရဲ့ ခန္တီတရားဟာလည်း
မိစ္ဆာတို့အတွက်
စုစည်းမှု အားကောင်းစေတယ်...။

ရှေ့တိုးဖို့
နောက်ဆုတ်တာလို့
မင်း... မြင်နိုင်တယ်ဆိုရင်
ငါ့ရှေ့ဒူးထောက်လိုက်ပါ
ကြေစေအေးစေ
ခွင့်လွှတ်နိုင်တယ်...။

တုံ့ပြန်မှုခြင်းတူရင်တော့
သရေဆိုတာမရှိ
အရှုံးအနိုင်ပေါ်အောင်
ကစားရမယ်...။

ခွင့်ကောင်းတခါ
လစ်ချောင့်ရိုက်တာမျိုး
မလိုဘူး
ခူးဆွတ်နိုင်တဲ့ အောင်ပွဲဆိုတာ
တရစပ်တိုက်မှ
မိုက်ရင်ထွက်ခဲ့တော့... ဟေ့ ....။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။