Friday, December 21, 2012

သင့်အတွက် ကျနော့်လက်ဆောင်

မာနမထားလို
အာဃာတက အပိုပါပဲ
မုန်းပါသော်လည်း
ဘာထူးလဲ၊ အကုသိုလ်ပဲ အဖတ်တင်မယ်။

မာန်ချိုနှိမ့်ချ
သနားသင့်က သနားပါ
ကရုဏာ၊ မေတ္တာ၊ သစ္စာ
အမှန်ကျင့်သုံးလေက
ဘဝါဘဝေဖြတ်သန်းသမျှ
မြင့်မြတ်တင့်ဆန်း တော်ဝင်ပန်းသို့လန်းလိမ့်မယ်။

လူ့ဘဝဟာ တခဏ
အူဝဲကစ မရဏတိုင်ကွယ်
ရှည်လှတယ် မထင်လိုက်ပါနဲ့
ရေပွက်ပမာ တသက်လျာဟု
ရေးမှတ်ပြုသွား သုန္ဒရမတ်ကြီးစကား
စက္ကန့်မခြား သတိထားပါ
မြတ်ဗုဒ္ဓါပင် မစံခင်နိဗ္ဗာန်
ဖန်ဖန်မှာကြား သတိတရားပဲ
မကောင်းလည်းကံ ကောင်းလည်းကံကြောင့်
ကံကိုချည်းသာ မကိုးရာလည်း
ကံသာဆွေမျိုး၊ မိဘဘိုးဘွား
သတိထားရှိ၊ ရှေးကဝိတို့
အမှာစကား သတိထားလျှင်
လိုအင်ဆန္ဒ ပြည့်ဝရမည်
တောင်းတသမျှ ဖြိုးကြွယ်ကြမည်
သောကဟူသမျှ ကင်းဝေးပမည်
ထက်မှာစကား ကျင့်ကြံငြားသော်
အပူဗျာပါ ကင်းဝေးရာကြောင်း
ကျနော်တဆင့် အဆင်သင့်၍
လက်ဆောင်ကောင်းလေး ပေးလိုက်သည်။

Tuesday, December 18, 2012

ဒီနေ့မျက်ရည်ဟာ တနေ့သုခဖြစ်ပါမှာ

ငိုနေကြတယ်
ဆုံးရှုံးမှု၊ ဝမ်းနည်းကြေကွဲမှု
မတရားမှု၊ ကိုယ်ချင်းစာတရားကင်းမဲ့မှု
ခေါင်းရှောင်မှု၊ တာဝန်မယူမှုတွေကြောင့်
မျက်ရည်စက်တွေကို ဘယ်သူမှ အသိအမှတ်မပြုဘူး။

ရီ (ရယ်) နေကြတယ်
ပြောင်လင်းတောက်ပ ကျွန်းစားပွဲရှည်
ချို၊ ချဉ်၊ ငံ၊ စပ်၊ ခါးသက်သက်နဲ့ အရသာစုံ
အဆီတဝင်းဝင်း၊ အနံသင်းသင်းနဲ့
တယောက်မျက်နှာတယောက်ကြည့်
ပီတိဝေဖြာ ပြုံးကာပျော်ကာ စားသောက်ကြ
ထမင်းမဲစားတဲ့ သူတို့ဘဝ။

ပျော်နေကြတယ်
ဂီတသံစုံ၊ မီးရောင်စုံ
လက်လှုပ်၊ ခြေလှုပ်၊ တင်ပါးလှုပ်
ဟေးတကျော်ကျော် အားပေးသံ
လက်ခုပ်ဖြောင်းဖြောင်း ချီးမြောက်သံ
ပျော်ကြ ရွှင်ကြ ဂီတည
တဏှာကာမ သူတို့ဘဝ။

ဓူဝံမြေခ၊ မြင့်မိုရ်ပြိုကျ
တောင်ကုန်းတွေက တွင်းဖြစ်ရ
ရိုးမတွေက လဟာပြင်
တောတွေလည်းပြုန်း တောင်ဂတုံး
အက်ဆစ်မိုးတွေ ဖြိုင်ဖြိုင်ရွာ
ဒုက္ခများစွာနဲ့ မုန်ညှင်းစေ့ကမ္ဘာ
ပျော်ကြပါ၊ ရွှင်ကြပါ
ပြုံးကြပါ၊ ရီ (ရယ်) ကြပါ
သင်းတို့... မျက်ကွယ်ပြုလို့ ညစ်သမျှ
ငါတို့... မျက်ရည်နဲ့ ဆေးကျောပါ့မယ့်။

လောကပါလ ဗြဟ္မစိုရ်တရား
ငါတို့ရဲ့ဘက်တော်သားရှိလို့
ကြိတ်မှိတ်ပြီး ခံလိုက်ကြဦးစို့
တို့ခေတ် တနေ့ရောက်ရမယ်
နောက်မဆုတ်ဖို့ ပြောချင်တယ်
ရှေ့တိုးဖို့ တိုက်တွန်းမယ်
အမြဲသတိရှိကြစေ
ကျုပ်တို့မှာ ပန်းတိုင်ရှိနေတယ်မဟုတ်လား
နောင်လာနောင်သား ကောင်စားဖို့ရာ
ယောကျာ်းဘသား တို့မြန်မာဟေ့လို့
ကြွေးကြော်လိုက်ကြစမ်းပါဗျား။


Monday, December 10, 2012

အချစ်ရဲ့ သင်္ကေတ


ရာဇဝင် ရိုင်းလိုက်တာ
ဒီလောက်ရိုင်းရာဇဝင်ကို
ငါ… မေ့ပျောက်ဖို့ ကြိုးစားတိုင်း
သတိရစိတ်နဲ့ ဒေါသလှိုင်းပဲ ထွက်ထွက်လာတယ်။

မုန်းတရားတွေ များလိုက်တာ
ဒီလောက်မုန်းတဲ့ တရားကို
ငါ့… ဖြေသိမ့်ဖို့ ကြိုးစားတိုင်း
ဆွေးစိတ်တွေနဲ့ လွမ်းနေ့တွေကိုပဲ သတိရမိတယ်။

အာဃာတတွေ ထားလိုက်တာ
ထားသမျှ အာဃာတတွေကို
ငါ… မေ့ပျောက်နိုင်ဖို့ ကြိုးစားတိုင်း
ထိုင်ခဲ့ဖူးတဲ့ မြက်ခင်းစိမ်းနဲ့ ယိမ်းနွဲ့နေတဲ့ ကိုင်းပင်တွေကို မြင်ယောင်လာတယ်။

မာနတွေ ထားလိုက်တာ
ထားလိုက်တဲ့ မာနတွေကို
ငါ့… လျော့ချဖို့ကြိုးစားတိုင်း
ရှူခဲ့ဖူးတဲ့ လေပြေညှင်းနဲ့ ပန်းသင်းရနံ့တွေကို သတိရမိတယ်။

မာန်မာန အာဃာတနဲ့ အမုန်းတရားရာဇဝင်တွေဟာ
ဘယ်ချိန် ဘယ်ကာလမဆို ရှိခဲ့ဖူးပေမယ့်
ငါ့အချစ်ရဲ့ အမှန်တရားကို နင်သာသိရင်
သစ္စာလည်း ခိုင်မြဲလာမယ်၊ မေတ္တာလည်း ယိုင်မလဲတော့ဘူး
အချစ်ဆူးဆိုတာ မနာကြင်ဘူး အချစ်ရဲ့
အဆိပ်လူးထားတယ် ဆိုရင်တောင်
တသက်မခွဲ ခိုင်မြဲဖို့ဘဲ ဖြစ်လိမ့်ထင်။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။