Friday, December 30, 2011

တနေ့

ရှေ့ယွန်းဆီက
နေဝန်းနီ ရောင်ချီထွေး
ပြူထွက်လို့ နွေး
တေးကိုသီ သာရကာတို့
နေ့သစ်ကြိုလို့...။

နေဝင်ဆည်းဆာ
ပြာတလှည့် ညိုတလီ
မှိုင်းလို့ မှောင်ရီ
အိပ်တန်းဆီ ပြန်ပေါ့ကွဲ့
လက်ပြနှုတ်ဆက်...။

Thursday, December 29, 2011

နှင်းနှင့်ပြိုင်၍ လွမ်း

ဆောင်းနှင်းမှုန်မှုန်
ဒူးတုံအောင်ချမ်း
စောင်လွှမ်းမလုံ
မီးဖို မနွေးပါ
ကွေးကာ ကွေးကာနေရပြီ။

မြူနှင်းစိုစို
ပြာသိုလမြတ်
အေးဓာတ်လွှမ်းခြုံ
ဖေ့ပုံကိုမြင်
မေ့ရင်ခွင်နွေးနှင့်
ဝေးကာ ဝေးကာနေရပြီ။

ရွှေနှင်းငွေနှင်း
ပက်သွင်းလာစဉ်
ဘဝင်စိတ်ဝယ်
တွေးကြွယ်နေမိ
ဖ၊ မိ ညီကို
ရောင်းရင်းပျိုသွေး
ဝေးကြောင်းတွေးတိုင်း
ဆွေးကာ ဆွေးကာနေရပြီ။

Saturday, November 26, 2011

ခဏငယ်၊ ခဏကြီး၊ ခဏလေး

ခဏလေး အိပ်လိုက်ပါဦးမယ်
ခဏလေး စားလိုက်ပါဦးမယ်
ခဏလေး သွားလိုက်ပါဦးမယ်
ခဏလေး လုပ်လိုက်ပါဦးမယ်
ဒီခဏလေးတွေကြားမှာ
ရုန်းရင်း ကန်ရင်း
တိုက်ရင်း ခိုက်ရင်း
ပြေးရင်း လွှားရင်း....
ချစ်သူနဲ့ ခဏလေးတွေ့ပြီး
ခဏလေးပဲ ချစ်လိုက်ရတယ်...
အခုတော့ ဝေးပြီး၊ ဝေးသထက်ဝေး
ခဏလေးဝေးရရင်တော့ ကောင်းမှာပဲနော်....။

ယုန်ရပြီဆိုရင် သံပုရာကအသင့်

တမူးတပဲအတွက်
ငါတို့ ဘာလို့ သွေးကွဲခံမလဲ၊
ငါတို့လိုချင်တာက
သစ္စာ၊ မေတ္တာ၊ ချစ်တာတွေ...။

တပြားတချပ်အတွက်
ကျောချင်းကပ်ဖို့ ပြောနေတာမဟုတ်ဘူး၊
တနပ်စားတွေကို တိုက်ဖို့
မတရားတာကို တိုက်ဖို့...။

ချစ်လိုလို့ မုန်းခံရတာ တန်တယ်
ချမ်းသာဖို့ ဒုက္ခခံရတာ တန်တယ်
တန်ရာတန်ကြေးဆိုတာ ဒါပဲ...။

လိုလားမှုမပါတဲ့ ရလာဒ်ရဲ့ အရသာဟာ
ချိုမြတယ်၊ အေးဆိမ့်တယ်
မွှေးကြိုင်တယ်၊ သင်းပျံ့တယ်
မသိုးမပုပ်ဘူး၊ ကျိုးမယုတ်ဘူး
အဟုတ်ပြောတာနော်...
ကဲ... ကျောချင်းကပ်၊ ရင်ချင်းအပ်ကြစို့ရဲ့...။

Wednesday, October 19, 2011

အလကားပဲ

အတွယ်အတာကိုစွန့်
အချုပ်အနှောင်ကိုရှင်း
ဘဝကိုပေး
အသက်ကိုပေး
ဒါ၊ ကလေးကစားသလို ပျော်လို့မဟုတ်ဘူး။

သွေးနဲ့ဖြန်း
ချွေးနဲ့ဆွတ်
အူကိုထုတ်
သဲကိုနှုတ်
ငါတို့ အလုပ်လုပ်ခဲ့တာဟာ ပါရမီအတွက်။

အတ္တအတွက်
စွန့်စားခန်းအားလုံးကို
ဖြတ်တောက်ပစ်ခဲ့တယ်။
ဘယ်လို အစကောင်းတဲ့ ဇာတ်ကွက်ဖြစ်ပါစေ
အဆုံးသတ်မကောင်းရင် အလကားပဲ။
ကြားမှာ...
ဒူးပြဲ တံတောင်ပြဲ
အသဲကွဲခြင်းနဲ့ ငိုခြင်းတပုဒ်သာ အဖတ်တင်မယ်။
ငါဆင်တဲ့ ဇာတ်မှာ
လိုချင်တာ၊ ဒါမှ မဟုတ်ဘဲ။

စွန့်ခဲ့ရသမျှ၊ ဖွတ်မွဲပြာစု
လွဲပြီးရင်းလွဲ...
သေပွဲတခုပဲ သေချာတယ်
ကဲ...
အရာအားလုံးဟာ အလကားပါပဲ
ဒီအတွက် ဘာလို့ ဝမ်းနည်းနေဦးမှာလဲ။

နောက်ဆုံးတော့ ဆွေး

အလွမ်း၊ အဆွေးတွေနဲ့
တွေးရင်း ငေးမောမိတယ်
တနေကုန်၊ တညလုံး...။

မုန်းတရားမရှိတဲ့ အချစ်ဟာ
အနှစ်သာရ ဘယ်လောက်ရှိမှာတဲ့လဲ
တည်ငြိမ်တဲ့အချစ်ဆိုတာ လိုအပ်ဆုံး မဟုတ်ဘူး။
တခုတည်းသော လိုလားစရာလည်း မဟုတ်ပါဘူး။
တည်ငြိမ်လွန်းရင် နယ်ထိုင်တယ်ဆိုပေမယ့်
အဲဒီတည်ငြိမ်မှုက ဘယ်လောက်အထိ တည်ငြိမ်နိုင်မှာတဲ့လဲ
လကို အမြဲတမ်း ကွယ်ထားနိုင်တဲ့ တိမ်ဆိုတာ မရှိပါဘူး
တိမ်ကြောင့် လရဲ့ အလင်းဟာ ဂုဏ်ရှိလေတော့
ဓာတ်သက်မကျပေမဲ့ မိတ်ဖက်ဖြစ်တယ်ဆိုတယ် ယုံ။

တုန်လှုပ်လွန်းတဲ့ နှလုံးသားကို
ဘယ်လို ပကာသနမှ ကာကွယ်မပေးနိုင်ပါဘူး
ပဓာနက ပကာသနမှ မဟုတ်ဘဲ။
အတ္တခြင်း တူညီကြပေမယ့်
မေတ္တာဂေဟအားနည်းတော့
သွေးခွဲတိုင်း ကွဲကြရတယ်။

ငါတို့ ကွဲခဲ့ကြရပြီ
ရလာဘ်ကိုယ်စီနဲ့
သူဆွေး၊ ကိုယ်ဆွေး
သူလည်းတွေး၊ ကိုယ်လည်းတွေး
သူငေးနေသလား
ငါငေးနေတုန်း....။

Tuesday, October 18, 2011

မထူးခြားနား၊ ထူးခြားနား

ဘာဆိုဘာမှမရေးဖြစ်တာ ချိန်အတော်ကြာမြင့်ခဲ့ပါပြီ။ ကျနော့်ကို ချစ်ခင်ပြီး ကျနော့်စာကို လာလာဖတ်တဲ့ မိတ် ဆွေတွေကိုလည်း တောင်းပန်ပါတယ်။ တကယ့်တော့ တောင်းပန်စရာမလိုဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျုပ်စာကို လာဖတ်တဲ့လူက လောက်လောက်လားလား ရှိတာမှ မဟုတ်တာကိုး။ ဒါကြောင့်မို့ နမော် နမဲ့ပဲ နေခဲ့တာပါ။

စာမဟုတ် ကဗျာမဟုတ်တဲ့ ပေါက်တတ်ကရတွေကို ရေးရတာဝါသနာတော့ကြီးပါတယ်။ ဒါပေမယ့် ဝါသနာ ထက် ကျော်လွန်တဲ့ အခြေအနေတခုကို ဖန်းတီးဖို့ စိတ်ကူးခဲ့ပါတယ်။ စိတ်ကူးဆိုတာလဲ ငွေကုန်ကြေးကျ ရှိတာ မဟုတ်တော့ ကမ္ဘာကုန်ကျယ်သရွေ့ စိတ်ကူးနဲ့ ဖြန့်ကျက်လိုက်တာ ငါဆိုတာလေးဟာ လုံးပါးပါးပြီး ပျောက်သွားမတတ်ပါပဲ။

တိကျသလား သေချာသလား တိတိကျကျ သေသေချာချာ မသိရတဲ့ အဖြေတွေတော့ ရခဲ့ပါတယ်။ ငါရဲ့ကြိုး စားမှုနဲ့ ဘာရမလဲ။ ငါရဲ့ လုံ့လဝီရိယနဲ့ ဘာရမလဲ။ ဒီတော့ လိုသေးတယ်။ လိုတော့ ဖြည့်ပေါ့။ ဖြည့်တော့ ပြည့်လာမှာပေါ့။ ပြည့်တော့ ဖြစ်ချင်တာ ဖြစ်ခွင့်ရမှာပေါ့။


လူငယ်တယောက်ပါပဲ။ ဒါပေမယ့် လူငယ်များတကာလို့ တက်ကြွမှု မရှိပါဘူး။ အတိတ်တွေကိုတွေး ဝမ်းနည်း နေတာက များပါတယ်။ အနာဂါတ်ကိုတွေးပြီး စိုးရိမ်နေတာက များပါတယ်။ ပစ္စုပ္ပန်မှာ ပစ္စလက္ခတ်နေပစ် လိုက်တာပဲ။ သဘောကျ ကျေနပ်သလားဆိုတော့လည်း ဘယ်ဟုတ်မလဲ။ သဘောမကျသော်လည်း ကျသယောင်၊ မကျေနပ်သော်လည်း ကျေနပ် သယောင်နဲ့ ယောင်ခြောက်ဆယ်ဖြစ်နေတာပေါ့။

ဒီတော့... ဒီမှာပဲ နားလိုက်ပါတော့မယ်။ လူမဖတ်တဲ့ စာကိုရေးရတာလောက် အရသာကင်းမဲ့တာမျိုး ရှိမှာ မဟုတ်ပါဘူး။ လူမသိတဲ့ ဘလော့ဂါလောက် အထီးကျန်တာမျိုးလည်း ရှိမယ်မထင်ပါဘူး။ ဒီတော့... မထူးပါဘူး။ နားလိုက်တာပဲ ကောင်းပါတယ်။

Thursday, July 14, 2011

ဒေါင်းမျိုးဆက်

ဒေါင်းအောင်လံ လွင့်မြူးလို့
ဆင့်ကြူးတဲ့ အိုးဝေ
မျိုးနေနွယ် သာကီမို့
ဗမာပြည်အံ့ချီး။
ဝင်းပြောင်ကာ ရွှေထီးစံပယ်
စည်ကြီးသံ ဘဝဂ်သို့ဟည်း။
ရှေးခါမယ် အာဏာပျံ့ကျယ်
ကမ္ဘာနှံ့ထိန်ညီး။
ယခုတော့ စည်ထီးပေါက်ပြီမို့
ငိုညီးလို့ ရှိုက်ခါ။
ကယ်ကူပါ ဗျာပါပွေရတယ်
ဗမာတွေ ကပ်ဘေးသင့်တာ။
ခေတ်လူငယ် မျိုးဆက်တို့
ရှည်တွေးလို့ ကြိုးကုတ်ရမှာ
ဇွဲလုံ့လ ကြီးမားစွာ
အားထုတ်ကြပါ။
ရှေးခါလို ဘုံနန်းမြင့်ရန်
သစ်တဖန် စီမံကြကွဲ့လေး။

Monday, July 11, 2011

အောက်တန်းစား ယာစက

တောင်းစားရမှာ ကျေနပ်တဲ့ လူမျိုးကို
ငါက ဘာစေတနာနဲ့ ပေးရမှာလဲ…။
ဒီတနပ်မှ ထမင်းမစားရင် သေရမယ်ဆိုရင်တောင်
တပြားတချပ် တမူးတမတ် မသဒ္ဓါနိုင်ပါဘူး။
တောင်းစားတယ်ဆိုတာ ရိုးသားပေမယ့်
လူစင်မမှီတဲ့ အောက်တန်းကျမှုမျိုးပါ။
ဒီလောကကြီးရဲ့ ဒီနေ့ခေတ်မှာ
တချို့က တောင်းစားရမှ ကြေနပ်ကြတယ်။

Saturday, June 11, 2011

ကမ္ဘာ့အားကစား မြန်မာကိုလွှမ်းရမည်

ငါတို့ဗမာပြည်
ပြောင်းရမှာတခုက
“မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်”
မှားနေပြီ ကိုရွှေ
ကမ္ဘာမပြောနဲ့
အာရှတောင် ဝေလာဝေး
ခွေးလှေးကြမ်းပိုးဖြစ်။

ငါ့တို့ ဗမာပြည်
ပြောင်းလိုက်ပါပြီတဲ့
“ကမ္ဘာ့အားကစား မြန်မာကိုလွှမ်းရမည်” တဲ့
ဟုတ်ရဲ့လား ကိုရွှေ
သေသေချာချာ စဉ်းစား
ငြင်းပွားမနေနဲ့
ဒါ တကယ်ပဲ… အဟုတ်ပဲ။

ချစ်သူတို့


ငယ်ကျွမ်းသူ
နှစ်ကိုယ်တူ ချုံပုတ်ကွယ်လို့
ခြင်, ဖြုတ်လည်း မမူတယ်။

ကျီစယ် ချစ်ဆိုခွန်း
မြင့်မိုရ်ကို ညွန်းကာပြ
လွန်လွန်းလှတယ်။

အညာ

အေးလိုက်ထာ
မေးခိုက်ခိုက်တုန်
စောင်ခြုံလည်း မလုံ
မီးဖိုလည်း မနွေး
အညာလေ အညာ…။

ပူလိုက်ထာမှ
အင်္ကျီကပ်ရတယ် မရှိ
ချွေးတစိစိ
ယားကျိကျိနဲ့
နေမထိ ထိုင်မသာ
အိုဗျာ
အညာလေ အညာ…။

ဘယ်ဝဋ်ကြမ္မာကြောင့်

ငါ့မှာလေ မြင်ခွင့်ရှိရဲ့သားနဲ့ မမြင်ရတာ
ငါ့မှာလေ ကြားခွင့်ရှိရဲ့သားနဲ့ မကြားရတာ
ငါ့မှာလေ သိခွင့်ရှိရဲ့သားနဲ့ မသိရတာ
ဒါဟာ ငါ့ကံကြမ္မာလား
ဒါကို ငါဖန်တီးတာလား

ဒီလောက်သင်းပျံ့မွေးကြူနေတဲ့ ပန်းကလေးတွေ
ဘယ်လို ဖူးပြီး ဘယ်လိုပွင့်လိမ့်မလဲ
ဘယ်လောက်လှလိမ့်မလဲ
မြင်စမ်းချင်ဘိတယ်။

ဒါဟာ သဘာဝပဲ မဟုတ်လား
မမြင်ရရင် မြင်ချင်တယ်
မကြားရရင် ကြားချင်တယ်
မသိရရင် သိချင်တယ်
ဒီ မြင်ချင်၊ ကြားချင်၊ သိချင်စိတ်တွေဟာလေ
ဘယ်လိုတားတား မရပဲလား။

ဒီလို ဖူး၊ ဒီလိုပွင့်
ဒီလို သင်းပျံ့မွှေးကြူပြီး
လောကကြီး လှပတယ်
နေချင်စရာကောင်းတယ်ဆိုရင်
ပိုပိုပြီး လှအောင်
နေချင်အောင်
ရေလောင်းပေးချင်
ပေါင်းသင်ပေးချင်တာပေါ့။

ခက်တာက ဒီလိုအတွေးတွေကလေ
မမြင်ရ၊ မကြား၊ မသိရတဲ့သူကမှ
မြင်ချင်၊ ကြားချင်၊ သိချင်ပြီး
လောကကြီးကို လှပစေချင်တာပါပဲလား။

အိုကွယ်…
ဒါကို ဝဋ်ကြမ္မာလို့ဆိုရင်
ဘယ်ဝဋ် ဘယ်ကြမ္မာဆိုးတွေကြောင့်
ဒီဝဋ် ဒီကြမ္မာဆိုးတွေကို
ရလာတာပါလိမ့်… လို့
သိချင်ပြန်တယ်… အိုကွယ်။

Wednesday, June 8, 2011

စစ်သည်

ပြည်ချစ်စစ်သား၊ ဇာနည်ဘွားဟု၊
သညာပြုသား၊ အမေ့အားလော။
သဘောထုတ်ပြန်၊ ညာသံပေးမူ၊
တူစွဟုတ္တာ၊ ပြောဆိုရာဝယ်၊
ရှေးခါတိုင်းဘွား၊ စစ်သည်များတို့၊
တို့ပြည်ရပ်ရွာ၊ အေးပါရစေ၊ မနှောခွေရှိ၊
ပြည်သူ့နှလုံး၊ ကုန်သိမ်းကြုံးကာ၊
ဘယာခပ်သိမ်း၊ ကင်းစင်ဝေးအောင်၊
လုံ့လဆောင်သူ၊ စစ်သည်ဟူ၏။

ယခုခါမူ၊ မတူကွဲပြား၊
ခြားနားလေခြင်း၊ ပြစ်မကင်းသား၊
တိုင်းဘွားပေါက်ဖော်၊ ဟုတ်လေသော်လည်း၊
သွေးခွဲတိုက်ခိုက်၊ ကလူမိုက်ခါ
နှိပ်စက်ပါလှ၊ ပြုကျင့်ရာကြောင့်
ပြည်သူ့၏ရန်၊ နိုင်ငံရန်မျိုး
လက်နက်ကိုး၍၊ ဓလေ့နိုင်ကျင့်
ဖြစ်သနစ်ချာ၊ မိစ္ဆာစစ်သား
ဆိုတုံငြားမှ၊ မှန်ကန်ရသည်
သစ္စာမည်သား၊ ငါဆိုငြား၏။

အပူသံသရာ

နေ့ည မလပ်
ဗျင်းစပ်စပ်ပူပါလို့
အိုက်ပျို့ကာ မနေနိုင်တယ်
အေးဖို့ ကြံမယ်။

သံသာရဟတ်
မရပ်နား ချာချာလည်
ဒုက္ခရယ်တခွဲသားကိုပ
တားမှသင့်မယ်။

Sunday, May 22, 2011

အညာဆောင်း

မြူခိုးဝေ
နှင်းကြွေလု ဖြူဖြူဥတွေက
စီရရီ တွဲခိုလို့
ပုလဲနှယ်သို့။
ခြုံစောင်ကိုဖယ်
ပြေးခိုမယ် ဆောင့်ကြောင့်လေး
မီးဖိုနဘေးမှာကွယ်
ချမ်းအေးလို့ကွေး။

နေမင်းသူရိန်

အာရုဏ်ကျင်း
အလင်းပေါ်လို့ ရောင်ခြည်ဖြာ
ထွန်းလှပေတာ။

နေဝန်းရယ်သာ
နုထွေးကာ နွေးပါဘိ
ဆေးဖြစ်လို့ ဘေးကင်းစေတယ်
သူရိန်နေမင်း။

သန့်စင်ပန်း

သန့်စင်ရယ် မွှေးပါဘိ
မြေမထိ ခေါင်ကြာတင့်လို့
လေသင့်ရာ ပင်ယံမြင့်ဝယ်
သပ္ပါယ်လို့ကြူး။

တော်သုံးတဲ့ တော်ဝင်ပန်း
ဆွတ်လှမ်းလို့ မမှီပါတယ်
ဝေးရာက ကြင်ပါနော့်
ခေါင်းမော့လို့ဖူး။

လွမ်းဖွယ်

ရွာနဘေး တပြင်တခွင်မှ
တောင်ကျချောင်း တသွင်သွင်နဲ့
နွားကျောင်းသားတို့ တေးကိုဆင်
ပုလွေသံ တလွင်လွင်က
အမှန်ပင် လွမ်းဆွတ်ဖွယ်ပါ…။

ရွာဝင်လမ်း ခင်တန်းပြင်မှ
ပျိုမေတို့ နေညိုရင်ပေါ့
ရေအိုးကိုယ်စီ ခေါင်းပေါ်တင်လို့
ရေခပ်လာ မြင်စမ်းချင်တယ်
အဟုတ်ပင် လွမ်းဆွတ်ဖွယ်ရာ…။

မိုး

လေရိုင်းက ပြင်းလှပါ
တိမ်မိလ္လာတို့ မှိုင်း
ပင်ကိုင်းတို့ လှုပ်ထွေထွေနဲ့
မိုးစွေလို့ပေး။

အင်းအိုင်တို့ လျှံပြီကွယ်
ရေပြင်ကျယ်က ဖွေး
ကွေးလေးငယ် ဖားဂုံညင်းက
အုံအင်းတဲ့လေး။

မြွေ

ကျီးဟာ ဒေါင်းယောင်ဆောင်ပေမဲ့
ဒေါင်းဟာ လုံးဝ ကျီးယောင်မဆောင်သလို
ဆင်ဖြူတော်ဟာ
ဘယ်သောအခါမှ ခွေးတိုးပေါက်က မဝင်ဘူး။
ပေါက်တွေ့တိုင်း လျှိုတဲ့ကောင်ဟာ
မြွေသတ္တဝါပဲ ဖြစ်လိမ့်မယ်။

လမ်းဆုံ

လမ်းခြင်းမတူပေမဲ့
လမ်းဆုံဆိုတာရှိတယ်
လမ်းမဆုံးခင် တွေ့နိုင်တယ်။
ဒါပေမဲ့
လမ်းသိမှ
လမ်းရှိမှ
လမ်းလျှောက်မှ
လမ်းပေါက်မှ ဖြစ်နိုင်မယ်။

မထူးမဆန်း


လျှပ်စစ်မီးရတာ မရတာ
ငါတို့အတွက် ဒုက္ခမဟုတ်
သုခလည်းမဟုတ်
လမင်းကြီးသာ ပဓာန
ပြူရ ထွက်ရ
ပျောက်ရ ကွယ်ရ
ငါတို့ရဲ့ ဒုက္ခ သုခပေါ့။

Tuesday, May 17, 2011

အရိုင်းပန်း


ပေါင်းမသင်
ရေမလောင်း
နေမထိ လေမငြိ
ပကတိ တောပန်းလေး
ရိုးရိုးသားသား
မျှောင်လင့်ချက် တောင့်တချက်မရှိ
ဘယ်သူ မြင်မြင် မမြင်မြင်
ဘယ်သူ ဆင်ဆင် မဆင်ဆင်
ဘယ်သူ ခင်ခင် မခင်ခင်
ဆင်ဆာမရှိ ပကတိလှနေမှာပဲ…။

မြောက်လေသွေးလည်း
မွှေးမြဲမွှေး
နှင်းရည်အေးလည်း
မွှေးမြဲမွှေး
နေခြည်ထွေးလည်း
မွှေးမြဲမွှေး
ပုလွေတေးနဲ့ မွှေးနေဆဲ…။

ရွေးချယ်ခွင့်မရှိလို့
တောမှာပွင့်ရတဲ့ အရိုင်းပန်း
ကြွေလမ်းတခုတည်းရယ်ပါ။
ဘယ်သူလှမ်းပြီး
ဘယ်သူနမ်းမလဲ
ဘယ်သူမြင်ပြီး
ဘယ်သူဆင်မလဲ
ဘယ်လို တုပပြီး
ဘယ်သူ ယုယမလဲ…။

Thursday, May 12, 2011

ငါ့ရဲ့ အကောင်းဟာ သူ့ရဲ့ အဆိုး

အကောင်းမှန်သမျှ မကောင်း
အဆိုးမှန်သမျှ မဆိုး
သတ်မှတ်ချက် ကမောက်ကမတွေကြောင့်
အယူအဆ ဗြောင်းဆန်မှုတွေကြောင့်
အတွေးအခေါ် မညီမျှမှုတွေကြောင့်...။
ဘာဖြစ်ဖြစ်လေ...
အာဒံက ဧဝကလွဲလို့ ချစ်စရာမှ မရှိတာ...။

ဝေခဲ့တုန်းက

ပွင့်နေဆဲပန်း
ဝေနေဆဲပန်း
ကြွေလမ်းမသိ
သေလမ်းမမြင်
ပွင့်ဘိဝေဘိ၏။

ပွင့်ပြီးတဲ့ပန်း
ဝေပြီးတဲ့ပန်း
ကြွေလမ်းကိုသိ
သေလမ်းကိုမြင်
ပွင်ခဲ့ဝေခဲ့၏။

ပွင့်ဝေခဲ့စဉ်
လူချစ်ခင်များ
အားရနှစ်သက်
ပန်းမှပန်းကလေး
မနမ်းရက်သလိုလို။

ပွင့်ကြွေခဲ့တော့
နင်းခြေကျော်လွှား
နားပင်မကပ်
ပန်းလည်းမမှတ်
မလှမ်းရက်သလိုလို။

Friday, May 6, 2011

ရှာပုံတော်

ငါတို့ ရှာကြတယ်၊ စားဖို့
ငါတို့ စားကြတယ်၊ ရှာဖို့
ဘာစားသလဲ
ဘယ်လောက်ရသလဲ။

ငါတို့ ရှာကြတယ်၊ ဝတ်ဖို့
ငါတို့ ဝတ်ကြတယ်၊ ရှာဖို့
ဘာဝတ်သလဲ
ဘယ်လောက်ရသလဲ။

ငါတို့ ရှာကြတယ်၊ နေဖို့
ငါတို့ နေကြတယ်၊ ရှာဖို့
ဘယ်လိုနေသလဲ
ဘယ်လောက်ရသလဲ။

ငါတို့ ရှာကြတယ်၊ နှစ်ကျပ်တစ်ပြား
ငါတို့ စားကြတယ်၊ ရေလုံပြုတ်
ငါတို့ ဝတ်ကြတယ်၊ စွပ်ကျယ်စုတ်
ငါတို့ နေကြတယ်၊ နွားတင်းကုတ်
ငါတို့ ရှာရအုံးမယ်...။

Thursday, May 5, 2011

ရွံစရာကောင်းလိုက်တာ

သူ့စာကို ကိုယ့်စာလုပ်
ကိုယ့်စာကို သူ့စာလုပ်
ချီးကဘယ်လောက်လဲ
အာဟာရက ဘယ်နှစ်ပဲ
အဆီအနှစ် တမူးတပဲ။

ငါကတော့ အကုန်ရွံတယ်
ငါ့ကိုယ်ငါ့ရွံတယ်
သူ့စာကိုရွံတယ်
ငါ့စာကိုရွံတယ်
ချီးကိုလည်းရွံတယ်
အာဟာရကိုလဲရွံတယ်
အဆီအနှစ်ကိုလဲရွံတယ်။

တဏှာစေရာ မနေသာ

ငါတို့ရွာသူကြီးရဲ့ နံမည်က တဏှာတဲ့။
ရွာသူရွာသားတွေ နားရတယ်မရှိဘူး သူခိုင်းလို့။
မလိုအပ်တာတွေ သူအကုန်လုံး လိုချင်တယ်။
သူ့အတွက် အကုန်လုံး ထောင်ကျခံရတယ်။
သူ့ကြောင့် အကုန်လုံး ပူလောင်ရတယ်။
သူက အကုန်လုံး စားတယ်။
သူက ရွာသူကြီး
တဏှာ၊ ဘီလူး၊ အရူး...။

Monday, April 25, 2011

မိုးနတ်သူဇာမယ်

ရောင်ရွှေဝါ ဝင်းပပါလို့၊
 မြကမ္ဗလာ ခြုံလွှာနဲ့၊
ပဏ္ဏာရတဲ့ သူဇာရယ်။
နတ်ဆေးနဲ့ ရေးချယ်ပုံ၊
ပန်းချီငို ပန်းခိုင်မျိုး၊
လှတိုးပါတဲ့ ကညာမယ်။

နှစ်လိုဖွယ် လှထူးပါရဲ့
ဆင့်ဖူးတဲ့ မာလာမင်း
ပျံ့သင်းမယ်တဲ့ နယ်ရှစ်ခွင်။
ခင်ကြည်ဖြူ ကြင်နာတိုးလို့
ချစ်မိုးရယ် ရွာမစဲပါဘူး
သက်လျာမှာကွယ့် ထူးလှတဲ့ပြင်။

ပြုပြင်ရေး လေးချိုး

နေမြင့်လို့ ရူးရင့်လေတော့၊ 
ရမ်းဟော့ကာ မဟုတ်တန်းတွေနှင့်၊ 
ဗြန်းဗြန်းကွဲ ရိုက်တီးဆော်၊ 
ပြည်တော်နှံ့လေး။

မသူတော် ဝတ်ဖြူစီး၊ 
ဘုန်းမီးနေလက တောက်ပြန်၊ 
မဖောက်ပြန်တာ ရှိပါဘူး၊ 
မွဲပြာပြာ ငထုံတို့က၊ 
မြောက်လို့ပြန်သေး။

မလောက်လေးတွေက၊ 
ယုန်ခွေးလိုက် မှားပုံနှယ်၊ 
တောင်ကိုပြေး မြောက်သို့လိုက်၊ 
ရမ်းတုပ်လေးတွေက၊ 
ခွေးငတ်လိုမြူး။

အဟုတ်မမှတ်လေနဲ့၊ 
ခွေးနက်လို ဂိန်ဂိန်၊ 
ပိန်လိန်လို့ ပြေးရမယ်၊ 
ပြင်ကြပါပြုကြပါ၊ 
ဟုတ်ထာကိုကျူး။

Saturday, April 9, 2011

ကုတ်ကုတ်ကတ်ကတ်

ကဗျာမဟုတ်ပါဘူး
တွေးချင်ရာတွေးပြီး
ရေးချင်ရာ ရေးထားတာပါ။

ကဗျာမဟုတ်ပါဘူး
ရေးချင်ရာရေးပြီး
ခြစ်ချင်ရာခြစ်ထားတာပါ။

ကဗျာမဟုတ်ပါဘူး
ခြစ်ချင်ရာခြစ်ပြီး
ဖြစ်သလို ပစ်ထားတာပါ။

ကျုပ်ဟာတွေက
လွမ်းချင်ဆွေးချင်သူတွေအတွက် မဟုတ်ပါဘူး
လွမ်းတတ်ဆွေးတတ်သူတွေအတွက်ပါ...။

မျှော်... မျှော်ပါလေတိုင်း

ရော်ရွက်ကြွေလျှင်
ဝေဖူးတဖန် နုထွားပြန်၏။

ပိတောက်ဝါလျှင်
တာရည်ပက်ဖြန်း မြူးရွှင်လန်း၏။

အတာကြူးလျှင်
တူးပို့တေးသံ တိုင်းလုံးညံ၏။

တေးသံကြားလျှင်
ရင်ဝယ်လှိုက်ဖို နှလုံးခုန်၏။

တာရေစိုလျှင်
ခိုကပ်ညစ်ကြေး ကင်းစင်ဝေး၏။

တာရေလောင်းလျှင်
ကောင်းဟူသမျှ ဆွတ်ယူရ၏။

သင်္ကြန်တက်လျှင်
နောင်နှစ်ကိုမျှော် တွေးတိုင်းပျော်၍
မမေ့တသ လွမ်းဆွတ်ရ၏။

ပစ္စုပ္ပန် ကမ္ဘာ

နေမပွင့်တဲ့ ကမ္ဘာမှာ
သက္ကရာဇ်တွေဖြို
ပြက္ခဒိန်တွေ ဖျက်
လက်တံတွေကို ချိုး
ငါတို့ ခိုးစားကြတာပေါ့...။

Thursday, April 7, 2011

ပျိုမေကို နေညိုကစောင့်

နေညိုညိုဆိုင်းပါမယ့်
ရှစ်တိုင်းကိုတဲ့ သိုင်းခြုံ
ညိုတလီ ပြာတလှည့်နဲ့
မှောင်တချီ မှိုင်းပါလို့
တိမ်ဆိုင်ကအီအီ။
 
လေချိုချို သွေးပါမယ့်
ပင်ကိုင်းတို့ ညွတ်ရုံ
ထုံသင်းနံ့ ပျံ့ပါသနဲ့
မွှေးကြူစွာ ကြည်ပလို့
ပွင့်ခိုင်က စီစီ။

မေပျိုပျို ဆင်းပါမယ့်
နံပိုင်းငယ် တိုတို
ရေအိုးကို ရွက်ကာတဲ့
ယဉ်သာစွာ လှမ်းပါလို့
မြေလမ်းက ညီညီ။

Wednesday, April 6, 2011

သဲသဲမဲမဲ တဝဲလည်လည်

ကုန်ကြမ်းမရှိတဲ့ တိုင်းပြည်မှာ
ကုန်ချောက တနင့်တပိုး
ပုံစံအမျိုးမျိုး၊ တံဆိပ်အမျိုးမျိုးနဲ့
နာမည်အမျိုးမျိုးကိုမှည့်
ဈေးအမျိုးမျိုးသတ်မှတ်ပြီး
တန်းစားအမျိုးမျိုးဆီပို့
ပြီးတော့ မြို, ဆို့,
ပြီးတော့ ဖဲ့, ချိုး
ပြီးတော့ ဝိသေသအမျိုးမျိုးတိုးနဲ့
ဂုဏ်ပုဒ်တွေတပ် တံဆိပ်အပ်ပြီး
ပညာတတ်၊ အထက်တန်းစား
နိုင်ငံကြီးသား၊ ကယ်တင်ရှင်များစတဲ့
ရာဇမတ်တွေနဲ့ ကာလို့ ကွယ်လို့...။

အဘိုးတန်ကုန်ကြမ်းများပြည့်နေတဲ့
ဆင်းရဲသားနိုင်ငံ
ကြမ်းပန်းကန်၊ မတ်ခွက်
ယောက်မနဲ့၊ စဉ်းသီတုံး
အုန်းဆံကြိုးနဲ့၊ ခုံဖိနပ်စသည်
ပုံစံအမျိုးမျိုး၊ တံဆိပ်အမျိုးမျိုးနဲ့
နာမည်အမျိုးမျိုးကိုမှည့်
ဈေးအမျိုးမျိုးသတ်မှတ်ပြီး
တန်းစားအမျိုးမျိုးဆီပို့
ပြီးတော့ ငတ်, ပြတ်
ပြီးတော့ ခြောက်, ကပ်
ပြီးတော့ ဝိသေသအမျိုးမျိုးနဲ့
ဂုဏ်ပုဒ်တွေတပ် တံဆိပ်အပ်ပြီး
ပညာမဲ့၊ အောက်တန်းစား
ဆင်းရဲသား၊ လူမိုက်စသည်
ရာဇမတ်တွေက ခွာလို့၊ ကွာလို့...။

Wednesday, March 30, 2011

မပေါက်တဲ့ နဖူးလည်း မထူးပါ

ကံမကောင်း အကြောင်းမလှလို့
ငါတို့ ထုထောင်းခံရတယ်
ဆုတောင်းလည်း မပြည့်တဲ့ဘဝ
နောက်ကြောင်းမလှတာ ဆန်းသလား
ပင်ပင်ပန်းပန်းနဲ့ ရှိုက်သံတွေ
တရားခံလည်းပျောက်ဆုံး
မှန်ကန်တာတွေ မှား
နီးစပ်မှုတွေ ခြားနား
မြင့်မြတ်မှုတွေ ကားကြိုးတက်
သက်သက်မဲ့ ပျက်ဖို့ လူဖြစ်လာသူ
ဘယ်လို လူလူသူသူ ဖြစ်မှာလဲ
တကယ်တော့ တူတူနူနူပါပဲလေ
ဆူဆူဖြိုးဖြိုးတွေက ဟန်ဆောင်ကောင်း
ပူလောင်မှု ထီးကိုဆောင်းလို့
နောက်ကြောင်းပြန်လည်း
လှိုင်းက ထန်မြဲထန် သန်သန်မာမာကြီး...။

Friday, March 25, 2011

ဧကရီမရှိလို့ ဝေရာမဏိ

ညသည် အလင်းရောင်ငံ့လျက် မဟူရာတို့ကို နက်သထက် နက်စေ၏။  ငါ၏ ခဏငယ် စက်ဝိုင်းဝင်ရိုးအသံတို့ကား  နေဝင်မိုးချုပ်သည်မှစ၍ ရောင်နီမလာခင်အထိ စုန်းစုန်းမြုပ် ပျောက်ကွယ်ကာ  ဆိတ်ညိမ်လျက်ရှိ၏ သူသည် ညကို မုန်း၏၊ နေ့ကို ခါးသီး၏ သူ့ကိုယ်သူ သည်ဘဝတွင်တော့ ပီဘီ သမားတယောက် မဖြစ်တော့ဟု မှတ်ယူဟန်ရှိလေ၏။

ငါသည် နေ့ကိုငံ့လင့်လျက် ညကိုဖြတ်သန်း၏ နာရီပြန် နှစ်ချက်အထိ ယောက်ယက်ခတ်နေသည့် ငါ၏ စိတ်အစဉ်တို့သည်ကား ငြိမ်သက်ခြင်းတခဏကို မမက်မောမိသည်မှာ ကြာချေပြီ။ ခါးသက်သော ကာဖီကို စွဲမက်သည့် အချိန်မှစ၍ သာယာခြင်း လျဉ်းမျှမရှိသော ငါ၏ဘဝသည် ပို၍ပင် စက်ဆုတ်ဖွယ် ဖြစ်လာတော့၏။ သို့သော်လည်း စွဲမက်ပြီးသော ထိုရသတဏှာကား ဖားကို မြွေဖမ်းသကဲ့ တန်းတန်း စွဲမိပြီတကား။

ငါသည် စနေသား ဖြစ်၍လည်းကောင်း၊ မရဏဖွား ဖြစ်၍လည်းကောင်း စိတ်အစဉ်တို့သည် ခက်ထန်၏၊ မာကျော၏၊ ရိုင်းစိုင်း၏၊ ပြင်းပျ၏၊ ရင့်သီး၏။ သို့သော်လည်း တက်လွယ်ကျလွယ်၏။ ထို့သို့ တက်လွယ်ကျလွယ်မှုကို မနှစ်မြို့ပါချေ။ မနှစ်မြို့လေတိုင်းလည်း ဒေါသလှိုင်း ခက်ထန်လာတတ်သည်မှာ ဖန်တရာမကပြီ။

ငါသည် ကြမ်းတမ်းမာကျော ရိုင်းစိုင်းတတ်သော်လည်း မွေးပျံ့သော ပန်းရနံ့တို့ကို နှစ်သက်မက်မော၏။ နူးညံ့ပျော့ပြောင်းသော အလှဧကရီတို့ကိုလည်း ချစ်ခင် မြတ်နိုး၏။ မွေးပျံ့ကြိုင်သင်းသော ပန်းမာလာတို့သည် ရှားပါးချေပြီ၊ ချစ်ခင်မြတ်နိုးဖွယ် ဧကရီတို့ကား သည်လောကတွင် လုံးဝပျောက် ကွယ်သွားချေပြီ။ ထိုကြောင့်ပင် ငါသည် သည်ဘဝတွင်တော့ လက်လျှော့ရပေဦးမည်။ ညသည် မှောင်သထက်မှောင် မည်းသထက်မည်း နက်သနက် နက်နေပေဦးမည်။

Friday, March 18, 2011

ကျနော့် ချစ်သူစာရင်း


ဟေ့၊ ဘယ်သူလဲလို့ လေးတွဲ့တွဲ့အသံနဲ့ မေးတတ်တဲ့ ဘွားဘွားကြီးကို ချစ်တယ်။
လူကြီးတွေ စကားပြောနေတယ် မဆူကြနဲ့လို့ ထထငေါက်တတ်တဲ့ ဘိုးဘိုးကြီးကို ချစ်တယ်။
မလေး၊ ငါ့မြေးကြီး ထွားလာလိုက်တာ ကြည့်စမ်းလို့ ပြောပြီး ပါးကို လက်နဲ့ဆွဲတတ်တဲ့ အဘွားကိုချစ်တယ်။
လိမ်လိမ်မာမာနေ၊ စာကြိုးစား၊ ရန်မဖြစ်နဲ့လို့ ဆုံးမတတ်တဲ့ အဘိုးကိုချစ်တယ်။
ဘိနပ်ပျောက်ရင် ရိုက်တတ်တဲ့ မေမေ့ကိုချစ်တယ်။
ကျောင်းပြေးရင် အရိုက်ကြမ်းတဲ့ ဖေဖေ့ကို ချစ်တယ်။
ကျနော့်မုန့်ကို လုစားတတ်တဲ့ အစ်ကို့ကို ချစ်တယ်။
ကျနော့်မုန့်ကို ခိုးစားတတ်တဲ့ ညီလေးကို ချစ်တယ်။
ကျနော်ကြွေးမှ စားရရှာတဲ့ ညီငယ်ဆုံးလေးကို ချစ်တယ်။
အားအားရှိ နင်းခိုင်းတတ်တဲ့ ဒေါ်ကြီးကို ချစ်တယ်။
မရတဲ့ ပုစ္ဆာကိုမှ မေးတတ်တဲ့ ဒေါ်လေးကို ချစ်တယ်။
အင်္ကျီကျယ်သီးပြုတ်နေရင် မကြိုက်တဲ့ ဦးကြီးကို ချစ်တယ်။
ဆေးပေါ့လိပ် ဝယ်ခိုင်းတတ်တဲ့ ဦးလေးကို ချစ်တယ်။
ကျောင်းစာမရရင် ထိုင်ထလုပ်ခိုင်းတဲ့ ကျောင်းအုပ်ဆရာမကြီးကို ချစ်တယ်။
ဘာစားချင်လဲ ကြိုက်တာပြောလို့ သဘောကောင်းတတ်တဲ့ သူလေးကို ချစ်တယ်။
ကောင်းတူဆိုးတူ ရောင်းရင်းသူငယ်ချင်းတွေကို ချစ်တယ်။

အခုတော့
ဘိုးဘိုးကြီး၊ ဘွားဘွားကြီးတို့ မရှိတော့ဘူး..။
ဘိုးနဲ့ ဘွားတော့ လွမ်းနေရှာမှာပဲ…
အဖေနဲ့ အမေတော့ စိတ်ပူနေမှာ သေချာတယ်…။
ဒေါ်ကြီးက တခြားရွာမှာ အိမ်ထောင်ကျလို့၊ ဒေါ်လေးကတော့ ရုတ်တရက်ဆုံးသွားတယ်…။
ဦးကြီးကတော့ တခြားရွာမှာ ကြီးပွားလို့၊ ဦးလေးကတော့ ဆိုးတုန်းမိုက်တုန်း…။
အစ်ကိုက တိုင်းတပါးမှာ စီးပွားရှာ၊ ညီငယ်က အမေ့ကိုကူ၊ ငယ်ဆုံးလေးက ကျောင်းနေအရွယ်…။
ဆရာမကြီးကတော့ အမြဲတမ်းမေးတယ်တဲ့..။
ရွာဘုန်းကြီးကတော့ ပြန်မလာနဲ့တဲ့…။
သူလေးကတော့ ဘယ်ချိန်ပြန်လာမလဲတဲ့…။
ရောင်းရင်းတွေကတော့ အိမ်ထောင်ကျသူကျပေါ့…။

Thursday, March 17, 2011

ဥတု

နွေဆိုပေမဲ့
ချောင်းရိုးကလေးက ကြည်ကြည်
ရွက်ဝါလေးတွေ စီရီမျော
ဒိုက်သရောနဲ့ မြုပ်ချီပေါ်ချီ
ဥသြလေးက တေးကိုသီ
လေပြည်နဲ့ ပုလွေသံ
အေးအေးနဲ့ ချိုချိုညံ
ခြေသံညင်းညင်း လာတဲ့နွေ...။

မိုးဆိုရင်တော့
ချောင်းရိုးကလေး ပြည့်လို့လျှံ
ရေစီးသံက ပြင်းပြင်း
ကိုတံငါ ရွှေဗျိုင်းနဲ့
သံစာစာ ကြိုးကြာတို့
အခါခါ ငါးရှာသော်လည်း
မရဘဲ စိတ်လျှော့ကာပြန်
တိမ်တမန် မှိုင်းညို့လာပြီ
တချီတမ ရွာလိုက်ပါမိုး...။

ဆောင်းကျတော့
ချောင်းရိုးကလေးက တည်ငြိမ်
သင်ဖြူးဖျာလိုပေါ့
မြောက်လေသွေးလိုက်တော့
ယီးလေထတဲ့ ကြက်ခွပ်တွေ
နေခြည်ကလောင်း
ကြာဖူးငုံ ပွင့်အာလို့
ရိုးတံတို့ရှည်ရှည်
ဖြူနီပြာ ပဒုမ္မာတွေနဲ့
အိနြေ္ဒကြီးတဲ့ ဆောင်း...။

သုံးဥတု သုံးရာသီ
လှကိုယ်စီနဲ့
နွေရာသီ ရွက်ကြွေတော
ဥသြငှက်တို့ ပလီတီ
မိုးရာသီ ဗေဒါသိုင်း
ရွှေဗျိုင်းနဲ့ ကြိုးကြာ
ဆောင်းမှတော့ နှင်းရည်လူး
မြောက်လေကဖြူးလို့ပါ
လှတွေက ထူးတာကြောင့်
ရူးလောက်စရာ
ဗမာ့ရာသီ ဗမာ့ဥတုတွေ...။

သန်းခေါင်

လကိုတိမ်ကွယ်
ညသန်းခေါင်ဝယ်
လင်းရောင်မရှိ
လရောင်မလင်း
တိတ်ဆိတ်ခြင်းကြီးစိုးနေ
ပုစဉ်းရင်ကွဲအသံ
ပုရစ်တို့အသံ
ညံစွာသဲသဲ
မည်းမည်းမှောင်မှောင်
ကြယ်ရောင်ပြိုးပျက်
သန်းခေါင်းထက် ညဥ့်နက်ချိန်
ဆိတ်ငြိမ်နေစဉ်
ဆွဲဆွဲငင်ငင်
အူသံတို့ ညံနေတုန်း
ငါ... တရေးနိုးခဲ့ပြီ
အိပ်မက်က ကြောက်ဖွယ်
ကြောက်ဖွယ် မမက်ဖွယ်မက်တွေ
သက်ပြင်းတွေချ
ချွေးတွေကျလို့
နှလုံးတုန်တုန်
ရင်ခုန်ခုန်ဖြင့်
ကျောမလုံသောငါ
ဗျာများတဲ့ည
တော်ပါ နောက်ထပ်မရချင်တော့...။

Wednesday, March 16, 2011

ရင့်ချိန်

ပန်းတပွင့် ရော်ရင့်ချိန်မှာ
အခါသင့်လေက အားကောင်းလာ
နှုတ်မဆက်အားပဲ ကြွေရရှာတော့
စိမ်းကားခြင်းတို့ နှစ်ဆတိုး
ငါစိတ်ဆိုးတော့ ဘာထူးမလဲ
ပွင့်ချိန်ပွင့်ပြီး ရင့်ချိန်ရင့်
ကြွေချိန်ကျလို့ ကြွေတာမဟုတ်လား...။

Friday, March 11, 2011

ချစ်ဦးသူ

ချစ်ဦး
သွားတက်ကလေး ပေါ်ရုံ
ပါးချိုင့်ကလေး ခွက်ရုံ
ဖူးပွင့်စ စံပယ်ငုံလေးလို
ပြုံးချိုချိုလေးကို မေ့မရ...။

ချစ်ဦး
မျက်လုံးကလေး မှိတ်ရုံ
မျက်ခုံးကလေး ပင့်ရုံ
ဖြူလွှလွှ ပန်းချီငိုခိုင်လေးလို
ကပိုကရိုအကြည့်လေးကို တသသ...။

ချစ်ဦး
မခွဲတမ်းနော်လို့
လက်လှမ်းပေးတယ်
ဖြူလွှလွှ လက်ချောင်းသွယ်လေး
တဖွဖွ မဝတမ်းနမ်းမိတယ်
တဘဝလွမ်းလောက်ပါရဲ့...။

ချစ်ဦး
မောင့်ရင်ခွင် သိပ်နွေးတာပဲ
ချွေးစက်ကလေးက မွေးတယ်
တသက်ရယ် ဘယ်ခါမခွဲ
ကွန်းခိုရာလို့လဲ မှတ်မယ်
ယုကို အမြဲထွေးပွေ့ထားနော်...။

ချစ်ဦး
သိမ်းကျုံးလို့ သုံးဆောင်ပါ
အပြုံးမပျက် စိတ်ရှည်မယ်
နေလဲမခွဲ သေလဲတူတူ
သွေးယူယူ သားယူယူ
အသဲကိုလဲ လှူပါ့မယ်...။

ချစ်ဦး
ငွေလရောင်အောက်မှာ
ဝန်းကျင်က လေတွေဖြူး
ဂေါ်သဇင်က မြူးလာပြန်
ချစ်ဆူးစိုက်တဲ့ဒီည
နုတ်လည်းမရ ထုတ်မရ...။

ချစ်ဦး
နဖူးပြင်ပြင်မှာ နံ့သာတင်လို့
ငွေချည်နု ယုရဲ့ကေသာ
လေပြေမှာ ယိမ်းကလို့
တသသ ဖယ်ကာဖယ်ကာ
နမ်းဖွဖွ အသနား
ပန်းကလေးမှာ စွင့်စွင့်ကား...။

ချစ်ဦး
ယုရယ် ချစ်တယ်လို့ မပြောရက်
ဒီ့ထက်ပိုတယ်
ကြင်နာတယ် မဆိုအား
လိုတာများ ရှိမလားလို့
ဆထက်ကဲ ထောင်သောင်းမက
ဘယ်သို့မှ မခွာရက်ပါ...။

ချစ်ဦး
ခုတော့ တပြည်ရွာ
ချစ်ဂါထာတွေမှား
အနာအဆာတွေကများ
တောင်ကမ်းပါးယံတွေက တား
ပင်လယ်ခြားကလို့
ကမ္ဘာ့ရွာခေတ်ရောက်မှ
ငါတို့က ဝေးရတာ
ကံကြမ္မာယိုးမယ်ဖွဲ့ရင်
ကိုယ့်တာဝန်မဲ့တဲ့ပြင်
သစ္စာမခိုင်လေသလား
မေတ္တာယိုင်လေသလား
တွေးမှားက ဝင်ဦးမယ်
ယုရယ် မထူးဇာတ်က
ဘယ်လိုခင်းရသလဲ...။

Thursday, March 10, 2011

ဗိုလ်မိုးကြိုးကို ကြောက်ပါတယ်

တစိတ်၊ တပြား၊ တပိုင်းနဲ့
ဒေါင်ချာစိုင်းနေတဲ့ငါ
မျက်လုံးဝါဝါနဲ့ ငါ့ကိုကြည့်ကြတယ်
အရူးလား၊ ဘီလူးလား
အာ... မဟုတ်ဘူး
ဒီကောင် ရေခြင်ကိုက်နေတာ...။

မှားပါပြီ မှတ်ပါပြီ
ကိုယ်လက်မအီမသာ
နံရံတွေက ပတ်လည်ချာ
လမ်းမကြီးက မိုးပေါ်ရောက်
ငါကလည်းဇော်ထိုး
တော်တော်ဆိုးတာပဲ
နောက်ဆို လုံးဝပဲ
အာ... မဟုတ်သေးပါဘူး
ငါ... မုသားသုံးပြန်ပြီ...။

"ဂျိမ်း" မိုးခြိမ်းသံ
ဒိန်းခနဲ ရင်တွေတုန်
ဖြန်းခနဲ ကြက်သီးထ
ငါမပါဘူးနော်
မှန်တာပြောသစ္စာ...။

အချစ်ကင်ဆာ

နှစ်ကိုယ်တူ ရင်ချင်းထပ်
ပါးချင်းအပ်တဲ့ ဘဝကို
ကျေကျေနပ်နပ် ကျောခိုင်းပြီး
ဆေးလိပ်မီးရဲရဲနဲ့သာ တင်းတိမ်တယ်...။

မင်းကြောင့် ငါ့စိတ်တွေ
ဂယောက်ဂယက်
မငြိမ်မသက် ဖြစ်ဖန်များလို့
အရေထုံနေတဲ့ငါ
ကင်ဆာလည်း မကြောက်တော့...။

မင်းကလွဲလို့ ငါ့ချစ်တွေကို
ဘယ်သူ့ကိုမှ လွှဲမပြောင်းလို
ထိုသစ္စာစကားကြောင့်
ငါခံစားရတဲ့ ဝေဒနာကို
ပိုမိုချစ်တတ်လာတယ်...။

ငါ့ရင်ကိုခွဲ
ငါ့သဲကိုနှုတ်
ငါ့နှလုံးကိုထုတ်
ငါ့သွေးကိုစုပ်
ဘာလုပ်လုပ်ကျေနပ်တယ်
ကင်ဆာရယ်
ငါ နင့်ကို ချစ်ပါတယ်...။

Saturday, March 5, 2011

မတရားသူကြီးနဲ့ နောက်နေ

တည်ငြိမ်နေတဲ့
ကိုယ်တိုင်လုပ်ပြီး ကိုယ်ပိုင်မဟုတ်တဲ့
တခြမ်းပဲ့နှလုံးသား
ရင့်ကျက်ခြင်း၊ အေးချမ်းခြင်း
ခန့်ငြားခြင်း၊ ထည်ဝါခြင်း
သို့မဟုတ်...
မောက်မာခြင်း၊အေးစက်ခြင်း
ခက်ထန်းခြင်း၊ သွေးကြီးခြင်း
ဝိဝါဒ အယူအဆ
ပညတ်တွေကြား
ငါဟာ...
တုံးအောက်ကဖား
မြုံးမိတဲ့ငါးလိုပဲ...။

လူတွေက
ဘင်လာဒင်နှလုံးသားနဲ့
ငါ့ကို သနားကြတယ်
ဖတ်ဆယ်မရတဲ့
ပျော်ရွှင်မှု သုခအတုတွေ
ဒေါသနဲ့ ပခုံးဖက်ရန်ဖြစ်တတ်တဲ့
သောမနဿအတုတွေ
လွတ်မြောက်နယ်မြေရဲ့
စာမျက်ရာချီတဲ့
ပိတ်ဆို့တားဆီးမှုတွေ
ကိုယ်ကျိုးမဖက်တဲ့ နာဇီတို့ရဲ့
တဖက်သတ် မျိုးချစ်စိတ်တွေ
တာဝန်မယူတတ်တဲ့
Human right ပွဲစားတွေ
မြင်မှားများနဲ့ စဉ်လာမရှိတဲ့
အာရပ်ကမ္ဘာရဲ့ ဟောက်စားတွေ
ဒီကြားထဲ... ငါက
ထမင်းလုံး တစ္ဆေဖြစ်နေရတယ်။

စစ်မှန်တဲ့ အတုတွေ
မှားနေတဲ့ အမှန်တွေ
ပူလောင်တဲ့ နှင်းမှုန်တွေ
မေ့နေတဲ့ အောက်မေ့မှုတွေကြား
ငါဟာ ယားခံလို့
အောက်ခံဘောင်းဘီကိုချွတ်...။


ညတချို့ရဲ့ ဂန္ဓာရီခရီး

ထင်တလုံးနဲ့
ကြင်ကြင်နာနာ
ခင်ခင်မင်မင်
ထိန်းထိန်းသိမ်းသိမ်း
ယုယုယယ
ရင်ရင်လေးရူးနေသူ...။

ဆူးတချောင်းနဲ့
စူးစူးနစ်နစ်
ယစ်ယစ်မူးမူး
တောင့်တောင့်တတ
မတူမတန်
တန်ပြန်ဖို့ မေ့နေသူ...။

ဖဲတထုပ်နဲ့
မသဲမကွဲ
မည်းမည်းမြင်ရာ
ဂျိုကာလား
ဒေါင့်ခွန်လား
ဖူးတစ်လား
ပုံတူလား
ချိုးပြောင်းတိုင်းလွဲ
ချိုးကောင်းတိုက်ကွဲ
ငါ့ဖဲကိုသူလိုချင်
သူ့ဖဲကို ငါလိုချင်
နားထင်တွေတောင်ကိုက်
မိုးစင်စင်လင်းပြီး
ဝါး....
အိပ်ရေးပျက်တာပဲ
ဖတ်တင်တယ်

Monday, February 28, 2011

မော်ဒဝင်

ရှေ့မဟုတ်၊ နောက်မဟုတ်
ထက်မဟုတ်၊ အောက်မဟုတ်
မြတ်မဟုတ်၊ ညံ့မဟုတ်
သစ်မဟုတ်၊ ဟောင်းမဟုတ်
မှန်မဟုတ်၊ မှားမဟုတ်
ဟုတ်ဟုတ်၊ မဟုတ်ဟုတ်
စပ်ကြားကဗျို့ စပ်ကြားက
သပ်သပ်ဘဲ...။

စိတ်ခန့်မသင့်တော့
ခပ်နင့်နင့် ဆေးလိပ်ဖွာ
ဖတ်တင်တာက ပြာ
ဝေဒနာ၊ ကင်ဆာ
ဘာဖြစ်ဖြစ်ပါလေ
ညင်ညင်သာသာ သေရရင်
ကောင်းကင်မှာ ကြယ်မှုန်တပွင့်
ဖြစ်တန်ကောင်းရဲ့...။

နီးစပ်ခွင့်ရတုံးက
ချစ်ဇာတ်တွေခင်း
မင်းသားလဲငါ
လူဆိုးလည်းငါ
ခံလိုက်စံလိုက်ပေါ့
ခုတော့ဝေးပြီ
ဆွေးရတာပဲ ဖတ်တင်တယ်
တွေးလေတိုင်း မော...။

စောစောကတည်းက သိခဲ့ရင်
ရှစ်ခွင်ကိုသိမ်း
မီးမှန်သမျှငြိမ်းစေ
အောင်ဇေယျတု
သပြေနုကိုဆွတ်ခူး
ဆုထူးကြီးသာ ပန်လိုက်ချင်...။

ခုတော့ မော်ဒန်လည်းမဟုတ်
ကြိုးမျှင်တွေနဲ့
ဂန္ထဝင်လည်း မဆိုသာ
ကာကျက်အောင် ချက်ယုံ
ဒုံရင်း ဒုံရင်း...။

Wednesday, January 26, 2011

ယု (၂)

ချိုမြစကား သကာပျားသို့
နားဆင်သသူ  စိတ်ကြည်ဖြူ၍
နှလုံးစိတ်ဝမ်း  ရွှင်လန်းရသည်
မဒီကညာ ငယ်မူဖြာသွေး
လှယဉ်ကျေးကာ ဆွေးမြေ့ပါရ
ခင့်ကိုတ၍ စိတ်အားငယ်မိ
နီးဖို့ရာမှန်း မောင်ပင်ပန်းသည်
သမုဒ္ဒကျယ်တို့ ခြားသကိုး။

ယု (၁)

ခွင့်မပြုဘဲ ရင်ထဲကဝေဒနာ
ကြည့်ခြင်းဆုံရာ ရင်တခုံစာမျှ
သိုဝှက်သိမ်းဆီး ချုပ်တီးတုပ်နှောင်
လှည့်လည်းမရ လှုပ်မရပေါင်
ချစ်မီးတောက်လောင်နေခဲ့သည်။

Monday, January 24, 2011

ဝန်ပိုများ

မှုန်ပြာရီသော ကောင်းကင်ကြီးသည်
ဖြူလွှလွှ တိမ်တိုက်များဖြင့် ခမ်းနားလျှက်
ပုံမှန်မဟုတ်သော သြကာသလောကကြီးအား
ကြိုးမဲ့ဂစ်တာကို တီး၍လည်းကောင်း
ချွဲပျစ်သောအသံကို ပြု၍လည်းကောင်း
အနှစ်မဲ့ သီချင်းကို ကြေကွဲစွာ သီဆိုလျက်ရှိ၏။

မှောင်မိုက်သော ညအချိန်မှာ
သိပ်သည်းလှသည့် တောအလယ်တွင်
စားသုံးစရာမှာ ခါး၍
သောက်စရာ ချွေးတစက်နှင့်
ပိုးစုန်းကြူးတို့၏ အလင်းရောင်ဖြင့်
အသက်ရှူသံ ပြင်းသထက်ပြင်းကာ
ပိန်းရွက်အောက်တွင် တိုးဝှေ့လျက်ရှိကြ၏။

ထိုအရာတို့သည်
ကျေးဇူးဆပ်ခြင်းမဟုတ်
လာဒ်ပေးလာဒ်ယူမဟုတ်
အရောင်းအ၀ယ်မဟုတ်
မွေးနေ့လက်ဆောင်မဟုတ်ပါ
ခဏငယ်များ
ဖောက်ပြန်ချက်ကြောင့်သာ
အလိုကျကျ မကျကျ
ဇာတ်ဆရာမှာ ကိုယ်တိုင်သာလျှင်ဖြစ်သည်။

အကောက်အခွန်ကင်းသော ငရဲရွာ
သံဇကာတို့နှင့် လုံခြုံသည့် တိရိစ္ဆာန်ရုံ
ရာသီဥတုကောင်းသည့် အင်းစိန်တို့တွင်
သင် သဘောကျမည်ဆိုလျင်
ပင်စင်လစာဖြင့် လုံလောက်စွာ
နေလိုပါက နေနိုင်သည်
ပွဲခလည်းမလို
စရံလည်းမပေးရပါ။

သောက်စရာ အက်ဆစ်ရေနှင့်
ရှူရှိုက်စရာ ကာဗွန်တို့ကိုသာ
ပေးနိုင်တော့ရာ
သိသာတာက
ချိန်စီးလှသည့်
အတ္တ, လောဘ, အာဃာတ, မာန်မာနတို့ကို
ထမ်းရသည်မှာ လေးလံလှသည်
ကမ္ဘာကြီးလည်း ပခုံးနာနေပြီ...။

နောက်ကျသွားပြီ
ဗိုင်းငင်ရန် လလည်းမသာတော့
ရေခံရန် မိုးလည်းမရွာတော့ပေ...။

Thursday, January 20, 2011

ဂေါ်သဇင်

ဂနိုင်ပြောကျယ်
တောအလယ်တွင်
တပါးဧကစာ
ကျင့်သုံးခါဖြင့်
ပင်ယံမြင့်မြင့်
တင့်လည်းတင့်ကာ
ဝင့်ဝင့်ထယ်ထယ်
အလှကြွယ်သား
ဆန်းပြားရနံ့
သင်းထုံပျံ့စေ
မြေလည်းမခ
ဂုဏ်မာနနှင့်
ပုညထူးမှ
ဆင်ပါရသည်
မြတ်ပန်းဘုရင် ဂေါ်သဇင်...။

ဖြူနီတင့်ဆန်း
တခန်းထိန်ဝါ
ခရမ်းပြာနှင့်
စုံစုံပွင့်၍
ဖူးငုံရနံ့
ထုံသင်းပျံ့လည်း
မ၀ံ့ရဲစွာ
ယှဉ်ပါရသော်
ပလ္လင်တော်နန်း
စံမြန်းဘုန်းရှင်
ထီမထင်သို့
ပန်းတို့သခင် ဂေါ်သဇင်...။

Tuesday, January 11, 2011

မနက်ကို ကြိုဆိုပါ

ဝေသီဆဲ အာရုံဦးမှာ
နိုးထလာတဲ့ ငါတို့ရဲ့
စိတ်ဝိညာဉ်တွေဟာ...

နှင်းမှုန်မှုန်အကြားမှာ
နေခြည်တွေ ဖြာကြလို့
လေပြည် (ပြေ) တွေ တညင်းညင်းနဲ့
အေးစက်သော ကာလမှာ
နွေးထွေးစွာ အာရုံကို
ကြိုဆိုကြတယ်...။

တယောက်သောသူနဲ့ ငါ
အေးမြမြ ရေသင်ဖြာနဲ့
စိမ်းလွှလွှ လွင်ပြင်သာ
ပြာလဲ့လဲ့ မိုးအာကာနဲ့
ညိုမှိုင်းလျက် ရိုးမကြီးလည်းပါတယ်...။

လင်းလက်သော ရောင်ခြည်ကို
မမြင်ရစေဦးတော့
လင်းကြက်တွန်သံ ကြားရင်ပဲ
တမနက်ရောက်မှန်း
ရောင်းရမ်းကာ သိရပြီ...။

အာရုံပီသ၊ မပီသ
ငါတို့ အားလုံး
ကြိုဆိုနေကြတယ်...။

Saturday, January 8, 2011

ငါနော်...

ပြောစကား နားထောင်ပါ
စိတ်မဆိုးနဲ့
စိတ်မညှိုးနဲ့
စိတ်မညစ်နဲ့
စိတ်မရှုပ်နဲ့
စိတ်မပုပ်နဲ့
စိတ်မလေနဲ့
စိတ်မထွေနဲ့
စိတ်မကောက်နဲ့
စိတ်မပေါက်နဲ့
နော်... နော်....။

ပြောစကား နားမထောင်ရင်
သိမယ်...
သိတယ်မဟုတ်လား...
ငါ... စနေဘွား...။

Friday, January 7, 2011

ညစောင့်

ညမှောင်မှောင်မှာ
တဒေါင့်ဒေါင့်နဲ့ ဘာကောင်လဲ
တုတ်တချောင်း ထမ်းလို့
ခရာမှုတ်လို့ တတွီတွီ
ခေါက်တုတ်ခေါက်ပြန်
လာပြန်ပြီ....
တောက်... တကတည်းမှပဲ။

ဘာကောင်လဲကွ
ဘာလုပ်နေတာလဲ
ဘာရှုပ်နေတာလဲ
တုတ်တချောင်းနဲ့...။
ဘာလဲကွ... ဘာလဲ။

ဟိတ်ပြသလိုလို
မိန့်ချသလိုလို
တုတ်ပြ၊ ဓားပြနဲ့
သူဝှက်လိုလို၊ သူခိုးလိုလို
ဘာလိုလို၊ ညာလိုလို
ဘာလဲကွ... ဘာလဲ။

ဘာထင်လဲ
ဘာထင်လို့လဲ
အဲဒါ... ညစောင့်ဗျ။

စောင့်မနေနဲ့ဗျ

စောင့်ဗမာပြည်က
စောင့်ပြည်သားတွေ
ဘာကို စောင့်နေသလဲဗျ...။

နေ့ကိုစောင့်တာလား
ညကိုစောင့်တာလား
စောင့်မယ့်စောင့်
နေ့ကိုသာစောင့်ပါဗျ...။

နေ့ကိုစောင့်ရင်
အလင်းရမယ်
နေကိုမြင်ရမယ်
နွေးနွေး ထွေးထွေးပေါ့
ပူပူလောင်လောင်တော့ မဟုတ်ဘူး...။

ညကိုတော့ စောင့်မနေနဲ့
ဗမာပြည်မှာ ခုလဲညပဲ
မှောင်လို့ မဲလို့ပေါ့
မသဲမကွဲနဲ့
လရောင်က အားရစရာမရှိ
လပြည့်ကလည်း မပြည့်နိုင်
လင်းမရှိ၊ လမ်းမမြင်
လမ်းမရှိ၊ လူမမြင်
ဘာကို စောင့်ချင်နေကြတုန်း...။

ဟေ့ စောင့်မျိုးတွေ
စောင့်မနေနဲ့...။
ညစောင့်တွေ လုပ်မနေနဲ့...။

Tuesday, January 4, 2011

ငရဲရွာ

ချစ်ချင်သော်လည်း
မချစ်ရဲ....
နမ်းချင်သော်လည်း
မနမ်းရဲ....
ဒီလူ့ဘောင်
ဒီကမ်းသောင်မှာ
ငရဲရွာ
ငါရောက်
မြင်သလောက်
ကြည့်သလောက်
ထိသလောက်
တွေ့သလောက်
ဒီငရဲလောက်မဆိုး
ဆိုးဆိုး... ဆိုးလိုက်တာ...။

ဖြစ်ချင်ဖြစ်

ဟေ့...
ငါ စိတ်ပျက်နေတယ်
ငါ စိတ်လေနေတယ်
ငါ စိတ်ညစ်နေတယ်
ငါ စိတ်နာနေတယ်
ညစ်တယ်ဟေ့ ညစ်တယ်
သေလောက်အောင်ပဲ
တနေပြီး တနေကုန်
စားလဲ မစားချင်ဘူး
ဆာမှမဆာတာ
ငပေ၊ ငတေ၊ ငလေ
သေချင်သေ၊ နေချင်သလိုနေ
ဖြေဆေးလည်းကုန်ပြီ
ဒီလိုမနေချင်ဘူး
သတင်းလည်းစုံပြီ
ဒီလိုတွေချည်းပဲ....။
ခဲကြ၊ သဲကြ
မဲကြ၊ ရဲကြ
ကွဲကြ၊ ပြဲကြ
တကတည်းမှပဲ
ဘာလဲကွာ
ဘာလဲဘာလဲ...။

Saturday, January 1, 2011

ငါရဲ့ မဟာအတ္တများ

အမေ့ကို လွမ်းမိတယ်
ပြုံးပြုံးရွှင်ရွှင်၊ နွေးနွေးထွေးထွေး။

ထမနဲကို တမ်းတမိတယ်
ပူပူနွေးနွေးဆိမ့်ဆိမ့်လေး။

လယ်စောင့်တဲကို မှန်းဆကြည့်တယ်
မှည့်နေတဲ့ စပါးခင်းတွေ ဝင်းလို့ဝါလို့။

ရောင်းရင်းတွေကို အောင့်မေ့တယ်
သွားတူ၊ စားတူ၊ ဆိုးတူ၊ ကောင်းတူ။

(......) သူ့ကို သတိရတယ်
နုလို့၊ ထွားလို့၊ လှလို့၊ ပလို့။

သန့်စင် (သဇင်) ပန်းကို နမ်းချင်တယ်
ဖြူဖြူ ဖွေးဖွေး၊ သင်းသင်း ပျံ့ပျံ့။

ချက်မြုပ်မြေကို ပြန်ချင်တယ်
အေးအေးချမ်းချမ်း၊ စိမ်းစိမ်းလန်းလန်း။

ဒါတွေက...
ဆန္ဒတွေ၊ အာသီသတွေ
မျှော်လင့်ချက်တွေ၊ ဖြစ်ချင်တာတွေ
ရချင်တာတွေ၊ လိုချင်တာတွေ
ကိုယ်အမြဲမက်တဲ့ အိပ်မက်တွေ
သေးငယ်လှစွာသော
လောကဓမ္မတာမျှသာ
ဖြစ်နိုင်ကောင်းရဲ့
ဖြစ်တန်ကောင်းရဲ့
ဝေဝါးမသွားပါနဲ့လား
ထွေပြားမသွားပါနဲ့လား
သနားပါ၊ စာနာပါ
ခွင့်ပြုပါ၊ လက်ခံပါ
လက်ဆယ်ဖြာစုံ ကြာပဒုံဖြင့်
ဦးထိပ်ပန်ဆင် ရှိခိုးပြီး၍
အို... သဗ္ဗညု အရှင်မြတ်ဘုရား
သနားသဖြင့်
တပည့်တော်အား
ကြည့်ရှုစောင်မတော်မူပါ...။

တဆယ့်တစ်

ခရစ္စမတ်တေးသံဟာ
တူးပို့သီချင်းလောက်
ရင်ခုန်စရာ မရှိပါဘူး
ငါက ဗမာပဲ...။

ခရစ္စမတ်လက်ဆောင်ဟာ
ပိတောက် တခက်လောက်
မြတ်နိုးစရာ မရှိပါဘူး
ငါက ဗမာပဲ...။

နှင်းဖွေးဖွေး လွင်ပြင်ဟာ
နွေ, ရွက်ကြွေတောလောက်
ရင်ဖိုစရာ မရှိပါဘူး
ငါက ဗမာပဲ...။

ဘာများထူးလို့လဲ
မနှစ်ကလဲ ဒီလိုပဲ
မနေ့ကလဲ ဒီလိုပဲ
မနက်ဖြန်လဲ ဒီလိုပဲ
ငါ တယောက်ထဲ
သင်္ခါရတွေလည်း
မြဲသထက်မြဲ...။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ