Wednesday, January 23, 2013

မျှော်တော်ရောင်

လရောင်ဖြာလျက်
ကြယ်ပြိုးပြက်တို့
လင်း၍တချက်
မှိတ်တချက်နှင့်
ဝန်းရံလျက် ခစားစဉ်...

လေပြေသွင်းပက်
ညှင်းသွဲ့သွဲ့နှင့်
ယိမ်းနွဲ့စီရီ
ဖူးငုံစီတို့
လှုပ်လဲ့လှုပ်လီ ကျီစယ်စဉ်...

သဇင်အင်ကြင်း
မွေးထုံသင်းလျက်
ဝင်းဝင်းမွတ်မွတ်
ဂုဏ်ရောင်ကွန့်ကာ
မာလာမင်းတို့ မြူဆွယ်စဉ်...

မကြည်မသာ
နေထိကြာနှယ်
ငြိုးငယ်မှိုင်တွေ
လွမ်းမှုပွေလျက်
ဆယ်နွေမက
ပူပြင်းလှသည်
လျှံကျဖိတ်ဖိတ်
ဆွေးသည့်စိတ်တို့
မုန်း၍မရ
မေ့မရနှင့်
တသသလွမ်း
ဘုန်းမောင့်ပန်းလည်း
မျှော်မှန်းကာသာနေမိသည်။

Monday, January 14, 2013

တယောက်တည်းသာပဲကွယ်


အအေးရှာလည်း ပူတာပဲ ဖတ်တင်တယ်
ပျော်ရွှင်မှုရှာလည်း နာကျင်မှုပဲ ဖတ်တင်တယ်
ကြင်နာမှုရှာလည်း ရင်နာရတာပဲ ဖတ်တင်တယ်
ငါ့ဘဝဟာ သန်းခေါင်ညပေါ့။

အချစ်ရှာလည်း အမုန်းပဲရတယ်
ငါကပြုံးပြ သူမဲ့ပြ
ငါ့အပြုံးကြောင့် သူတို့ဘာကြောင့် မဲ့ကြတာလဲ
ငါ့ဘဝဟာ သုညပေါ့။

လက်ယပ်ခေါ်လဲ ထွက်ပြေးတယ်
ချည်နှောင်ထားလဲ ကိုယ်လွတ်ရုန်းတယ်
ဆက်စပ်ထားလည်း ဆက်ဖြတ်ပစ်တယ်
ငါဟာ အပြင်ကလူပါ။

နမ်းလို့လည်း မအီ
ဒါပေမယ့်
လှမ်းလို့လည်း မမှီပါ။
ချစ်လို့လည်း မဝ
ဒါပေမယ့်
သူပြောတဲ့ တခဏ
ဆယ်ရက် ဆယ်လ
ဆယ်နှစ်လား ဆယ်ဘဝလား။
ချစ်ဒဏ်ရာ ထိခံငြိခံလို့ မရဘူးဆိုတာ
မင်းသိသားနဲ့…။

Friday, December 21, 2012

သင့်အတွက် ကျနော့်လက်ဆောင်

မာနမထားလို
အာဃာတက အပိုပါပဲ
မုန်းပါသော်လည်း
ဘာထူးလဲ၊ အကုသိုလ်ပဲ အဖတ်တင်မယ်။

မာန်ချိုနှိမ့်ချ
သနားသင့်က သနားပါ
ကရုဏာ၊ မေတ္တာ၊ သစ္စာ
အမှန်ကျင့်သုံးလေက
ဘဝါဘဝေဖြတ်သန်းသမျှ
မြင့်မြတ်တင့်ဆန်း တော်ဝင်ပန်းသို့လန်းလိမ့်မယ်။

လူ့ဘဝဟာ တခဏ
အူဝဲကစ မရဏတိုင်ကွယ်
ရှည်လှတယ် မထင်လိုက်ပါနဲ့
ရေပွက်ပမာ တသက်လျာဟု
ရေးမှတ်ပြုသွား သုန္ဒရမတ်ကြီးစကား
စက္ကန့်မခြား သတိထားပါ
မြတ်ဗုဒ္ဓါပင် မစံခင်နိဗ္ဗာန်
ဖန်ဖန်မှာကြား သတိတရားပဲ
မကောင်းလည်းကံ ကောင်းလည်းကံကြောင့်
ကံကိုချည်းသာ မကိုးရာလည်း
ကံသာဆွေမျိုး၊ မိဘဘိုးဘွား
သတိထားရှိ၊ ရှေးကဝိတို့
အမှာစကား သတိထားလျှင်
လိုအင်ဆန္ဒ ပြည့်ဝရမည်
တောင်းတသမျှ ဖြိုးကြွယ်ကြမည်
သောကဟူသမျှ ကင်းဝေးပမည်
ထက်မှာစကား ကျင့်ကြံငြားသော်
အပူဗျာပါ ကင်းဝေးရာကြောင်း
ကျနော်တဆင့် အဆင်သင့်၍
လက်ဆောင်ကောင်းလေး ပေးလိုက်သည်။

Tuesday, December 18, 2012

ဒီနေ့မျက်ရည်ဟာ တနေ့သုခဖြစ်ပါမှာ

ငိုနေကြတယ်
ဆုံးရှုံးမှု၊ ဝမ်းနည်းကြေကွဲမှု
မတရားမှု၊ ကိုယ်ချင်းစာတရားကင်းမဲ့မှု
ခေါင်းရှောင်မှု၊ တာဝန်မယူမှုတွေကြောင့်
မျက်ရည်စက်တွေကို ဘယ်သူမှ အသိအမှတ်မပြုဘူး။

ရီ (ရယ်) နေကြတယ်
ပြောင်လင်းတောက်ပ ကျွန်းစားပွဲရှည်
ချို၊ ချဉ်၊ ငံ၊ စပ်၊ ခါးသက်သက်နဲ့ အရသာစုံ
အဆီတဝင်းဝင်း၊ အနံသင်းသင်းနဲ့
တယောက်မျက်နှာတယောက်ကြည့်
ပီတိဝေဖြာ ပြုံးကာပျော်ကာ စားသောက်ကြ
ထမင်းမဲစားတဲ့ သူတို့ဘဝ။

ပျော်နေကြတယ်
ဂီတသံစုံ၊ မီးရောင်စုံ
လက်လှုပ်၊ ခြေလှုပ်၊ တင်ပါးလှုပ်
ဟေးတကျော်ကျော် အားပေးသံ
လက်ခုပ်ဖြောင်းဖြောင်း ချီးမြောက်သံ
ပျော်ကြ ရွှင်ကြ ဂီတည
တဏှာကာမ သူတို့ဘဝ။

ဓူဝံမြေခ၊ မြင့်မိုရ်ပြိုကျ
တောင်ကုန်းတွေက တွင်းဖြစ်ရ
ရိုးမတွေက လဟာပြင်
တောတွေလည်းပြုန်း တောင်ဂတုံး
အက်ဆစ်မိုးတွေ ဖြိုင်ဖြိုင်ရွာ
ဒုက္ခများစွာနဲ့ မုန်ညှင်းစေ့ကမ္ဘာ
ပျော်ကြပါ၊ ရွှင်ကြပါ
ပြုံးကြပါ၊ ရီ (ရယ်) ကြပါ
သင်းတို့... မျက်ကွယ်ပြုလို့ ညစ်သမျှ
ငါတို့... မျက်ရည်နဲ့ ဆေးကျောပါ့မယ့်။

လောကပါလ ဗြဟ္မစိုရ်တရား
ငါတို့ရဲ့ဘက်တော်သားရှိလို့
ကြိတ်မှိတ်ပြီး ခံလိုက်ကြဦးစို့
တို့ခေတ် တနေ့ရောက်ရမယ်
နောက်မဆုတ်ဖို့ ပြောချင်တယ်
ရှေ့တိုးဖို့ တိုက်တွန်းမယ်
အမြဲသတိရှိကြစေ
ကျုပ်တို့မှာ ပန်းတိုင်ရှိနေတယ်မဟုတ်လား
နောင်လာနောင်သား ကောင်စားဖို့ရာ
ယောကျာ်းဘသား တို့မြန်မာဟေ့လို့
ကြွေးကြော်လိုက်ကြစမ်းပါဗျား။


Monday, December 10, 2012

အချစ်ရဲ့ သင်္ကေတ


ရာဇဝင် ရိုင်းလိုက်တာ
ဒီလောက်ရိုင်းရာဇဝင်ကို
ငါ… မေ့ပျောက်ဖို့ ကြိုးစားတိုင်း
သတိရစိတ်နဲ့ ဒေါသလှိုင်းပဲ ထွက်ထွက်လာတယ်။

မုန်းတရားတွေ များလိုက်တာ
ဒီလောက်မုန်းတဲ့ တရားကို
ငါ့… ဖြေသိမ့်ဖို့ ကြိုးစားတိုင်း
ဆွေးစိတ်တွေနဲ့ လွမ်းနေ့တွေကိုပဲ သတိရမိတယ်။

အာဃာတတွေ ထားလိုက်တာ
ထားသမျှ အာဃာတတွေကို
ငါ… မေ့ပျောက်နိုင်ဖို့ ကြိုးစားတိုင်း
ထိုင်ခဲ့ဖူးတဲ့ မြက်ခင်းစိမ်းနဲ့ ယိမ်းနွဲ့နေတဲ့ ကိုင်းပင်တွေကို မြင်ယောင်လာတယ်။

မာနတွေ ထားလိုက်တာ
ထားလိုက်တဲ့ မာနတွေကို
ငါ့… လျော့ချဖို့ကြိုးစားတိုင်း
ရှူခဲ့ဖူးတဲ့ လေပြေညှင်းနဲ့ ပန်းသင်းရနံ့တွေကို သတိရမိတယ်။

မာန်မာန အာဃာတနဲ့ အမုန်းတရားရာဇဝင်တွေဟာ
ဘယ်ချိန် ဘယ်ကာလမဆို ရှိခဲ့ဖူးပေမယ့်
ငါ့အချစ်ရဲ့ အမှန်တရားကို နင်သာသိရင်
သစ္စာလည်း ခိုင်မြဲလာမယ်၊ မေတ္တာလည်း ယိုင်မလဲတော့ဘူး
အချစ်ဆူးဆိုတာ မနာကြင်ဘူး အချစ်ရဲ့
အဆိပ်လူးထားတယ် ဆိုရင်တောင်
တသက်မခွဲ ခိုင်မြဲဖို့ဘဲ ဖြစ်လိမ့်ထင်။

Monday, November 26, 2012

ဘယ်ဆီဘယ်ဝယ်


ခနဲ့တဲ့တဲ့ ရိသက်သက်
အမုန်းတွေဖက်ပြီး
တားဆီးမရ ထွက်ပြေးသူ။

ငါတို့တွဲလက်တွေ
ကမ္ဘာတည်သမျှ
ရိုးမြေကျအောင်
ထာဝရခိုင်မြဲဖို့
ငါတို့ပြောခဲ့ကြစကားတွေ
လေပွေတချက်နဲ့ပဲ လွင့်ပျယ်ခဲ့ရတယ်။

မေတ္တာယှက်လို့ တွေ့ခဲ့ကြသလို
ပေါင်းဖက်နိုင်ဖို့ သစ္စာထားခဲ့ကြတယ်
ဝေးဖို့ဆိုတာ မတွေးခဲ့ဖူးတာ အမှန်ပါ
မမုန်းကြေး၊ မမေ့ကြေး
ကတိတွေ အခါခါပေးခဲ့ကြတာ
ဖန်တရာမကပါဘူး
အခုတော့ ကံစေရာတဲ့လား။

ဘယ်လိုဖြစ်ဖြစ်
ဘာတွေဖြစ်ဖြစ်
အကြောင်းသင့်ရင် ပြန်လာခဲ့ပါ
ငါ့ကမ္ဘာမှာ မင်းအတွက်သာ နေရာရှိတယ်။

ချိုမိန်မိန်


ပြစ်မှုတခုကြောင့်
တဘဝလော၊ တသံသရာလော
အဟောသိကံ မချိန်တန်
တခါလောက်တော့ ခံသင့်တယ်
ခံလည်းခံရမယ်။

ကျူးလွန်သူတိုင်း
ပြစ်ဒဏ်မခံ ဝန်မခံရဲ
ပုန်းမြဲပုန်းနေချင်ကြတယ်။

မုနှ်င်းစေ့ကမ္ဘာမှာ
ဒုက္ခတွေက ချိုမြမြ
ပြုံးကြ ပျော်ကြ ကြည်နူးကြ။

ငါသာလူချော ဥစ္စာပေါ
ငါပညာတတ် ငါသာမြတ်
ငါသာသခင် ငါဘုရင်
ငါနှင့်ငါသာ နှိုင်းစရာ
ငါ့ဟုမော်ကြွား ငါတကားနှင့်
ဘုရားကိုပယ် တရားကွယ်
ဘယ်လမ်းကိုလျှောက် ဘယ်ဆီရောက်
ဘယ်လမ်းပေါက်မှန်းငါမသိ
လမ်းပျောက်ခဲ့ပြီ ပျောက်ခဲ့ပြီ။

ငါကားဘယ်သူ ဘယ်လိုလူလည်း
ငါဘယ်သို့ပြု ဘာအမှုလည်း
ငါ့ကိုစွပ်စွဲ ဘာသက်သေလည်း
စစ်လားဆေးလား ဘာတရားလည်း
ဖမ်းကာဆီးကာ ဘယ်နေရာလည်း
ချုပ်ကာနှောင်ကာ ဘာလုပ်မှာလည်း
ပညာရှိကြီး မဖြေနိုင် လက်မှိုင်ချလို့ထိုင်ရပြီ
ငါသိငါတတ် မဖြေနိုင် တွေဝေငေးမှိုင်နေရပြီ
တတ်နိုင်သေးလား ငရဲသား
ပုန်းနိုင်ရဲ့လား ငရဲသား
တရားဆိုတာ ညာလို့မရ၊ှာလို့မရ
သာစေနာစေမရှိ၊ ပကတိသဘော
မင်းအတွက် ဟောဒီမှာ အဝိစိ
ဝဋ်ရှိသမျှ ခံပေတော့…။

Saturday, November 17, 2012

ပန်းစကား


ပင်မြင့်ယံတင့်
ပနာသင့်တဲ့ ဂေါ်သဇင်
မော်မဆုံးနိုင်ဘူး
လှထူးပါတဲ့ ပန်တော်ပန်း
နန်းသူတို့ဆင်ကြတယ်
မန်းသူတို့ယဉ်လှတယ်။

သူကတော့…
ရွေးချယ်ပိုင်ခွင့်မရှိ
ပန်သူတင့်တယ်စေ
ရန်သူမရှိ၊ မိတ်ဆွေသာရှိ
မင်းစိုးရာဇာ၊ ဘုန်းရှိသူသာမဟုတ်
တော်ပဲသုံးသုံး၊ ကျွန်သုံးသုံး
မျိုးလေးပါ မခွဲခြားပါ
သဇင်ဟာ သဇင်ပဲ
အပင်မြင့်ယံမှာပျော်ရရင်
တင့်တယ်ဝင့်ထည်ပွင့်ဦးမယ်။

မြေမှာမြစ်တွယ် ပန်းစံပယ်ကလည်း
ခူးလိုကခူး ပန်ချင်သူပန်
ဆင်ခြင်သူတွေ ဆင်ပါစေ
မည်သူမဆို ကြည်ဖြူပါတယ်။
ညှိုးရော်လျှင် အို.. မင်းရှင်
ငါ့ကို... စွန့်လိုက်ပါ၊ ပစ်ပယ်ပါ၊
နင်းပါ၊ ချေပါ၊ ကျော်လွှားပါ
စံပယ်ဟာ စံပယ်ပဲ
ကဲမပိုတတ် သင်းရနံ့ကြိုင်လှိုင်
မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်ဦးမယ်။

ပင့်လည်းယ၊ ရင့်လည်းရ
ရတာခြင်းအတူတူ
ဒြပ်ခြင်းမတူအောင်
ဘယ်သူ ဘယ်သင်း
ဘယ်လူကြီးမင်းက ခွဲခဲ့သလဲ။

လှကြွတဲ့သည်ပန်း
ရနံ့ဆန်းတွေနဲ့
နန်းသူတို့ခင်မင်
တော်လေးဝဝင်
ပန်ဆင်သူ ဗိုလ်လူဟူသမျှ
မွေးပါကြ လှကြစေ
ပန်းတို့ဝေဖြာ
ပန်းတို့စေတနာကို
ပန်းချစ်သူများ
ပန်ဆင်သူများ
မှတ်တမ်းတင်ကြဖို့
ပန်းစကား ပါးလိုက်ပါတယ်။

Saturday, November 10, 2012

ကျေးဇူးပါဗျာ

ဘဝခရီး ရေစီးမှာ
အမှိုက် ဒိုက်သရောတွေနဲ့
ဂယက်ထဲမှာ
နွမ်းလျစွာ ကူးခတ်ခဲ့ရတယ်။

ကြမ်းတမ်းပြီး အသက်စွန့်ကြိုးပမ်းရတဲ့
ကစားပွဲတခုရဲ့ ရလာဘ်ဟာ
ဝေဒနာအရောင်တောက်နေတဲ့
နာကျင်ခြင်းသရဖူတခုသာ။

တလအကြာလောက်
လျှောက်ခဲ့ရတဲ့ခရီးကတော့
ရေပြင်မှာဆိုရင်လည်း
သင်ဖြူးဖျာလို ငြိမ်းငြိမ်သက်သက်
ကျနော်တော်တော် ပျော်ခဲ့ပါတယ်။

စေတနာ မေတ္တာနဲ့
အနုပညာ ဖလှယ်ခဲ့ရတာ
သြဘာသံ ချိုချိုမှာ
ငါ ကျီးမိုက်ဖြစ်ခဲ့တယ်။

ပေးသလောက်ယူ
ကျွေးသလောက်စားမိငါ
နိဂုံးမှာ ငါဟာဒေဝဒတ်
တဖက်သတ်လူမိုက်ပေါ့။

ဒဏ်ရာမမြင်ရတဲ့
နာကျင်မှုတွေဟာ
ကုရာနတ္ထိ ဆေးမရှိခဲ့ဘူး။
အဲဒီအတွက်
ကျေးဇူးအထူးတင်ပါတယ်။

အလင်းအောက်မှာ လမ်းပျောက်သူ

စေတနာကျင့်စဉ်ကြောင့်
ဝေဒနာထွက်ရပ်ပေါက်ခဲ့တယ်။
တွဲလက်တွေ ဖြုတ်ချခဲ့လို့
ပြုတ်ကျသွား ငါ့အသဲတွေ
လှလှပပ ကြေမွခွင့်မရခဲ့ဘူး။

အာဟာရပြတ်တဲ့ နှလုံးသား
သွေးခုန်နှုန်းများ ပြောင်းပြန်
အသက်ရှူသံမှ မမှန်တော့တာ
ဘယ်လိုငါ ဖြစ်ပျက်ရှုမလဲ
ဝေဒနာပဲ အဖတ်တင်မယ်။

ငါ့ရယ်မောသံတွေဟာ
သန်းခေါင်ယံ ငှက်ဆိုးထိုးသံအလား
ငါ့အသံကိုတောင် ငါမကြားချင်
ဝေဒီခင် ရှင်ကွဲခွဲရက်တယ်
သက်ရှိသရွေ့ မမေ့နိုင်ဘူး။

ငါမာန ပလွှားမှုနဲ့
သူတို့ရဲ့ ထက်မြက်မှုတွေဟာ
ချစ်လျက်နဲ့ ခွဲရခြင်းသာ
ပုရပိုက်မှာ မှတ်တမ်းတင်
ဒေဝီခင် ကြင်နာတွေ မပေးပါနဲ့
တသက်လုံး နာကျင်မှာ မို့လိုပါ
..........
လရောင်သာတိုင်း ငါမပျော်တော့ပါဘူး။

Tuesday, September 18, 2012

နှလုံးအားတိုးဆေး

ဘယ်အမှောင့်ပယောဂတွေက
မာယာများကို သကာပျားလို ချိုစေနိုင်သလဲ
ကျနော်...
မယိုင်မလဲအောင် ထူထောင်ခဲ့ဖို့
တပက်လောက်သာ ချတာပါ။
 

လူတိုင်းနဲ့ ပြိုင်ဆိုင်ချင်တယ်
ဒါပေမယ့်...
အနိုင်မလိုချင်ဘူး

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ရင်
သူ စိတ်ညစ်မှာစိုးလို့....။
 

မနိုင်ချင်ဘဲ နိုင်တယ်ဆိုရင်လည်း
မြို့ပြရဲ့ အလှကမ္ဘာဟာ
အလိုအပိုတွေ များတာကြောင့်
တထောင့်တနေရာမှာ ကွေးနေမယ်။
 

ဒါပေမယ့်...
သေချာတဲ့ ဇာတ်လမ်း
ရေရာတဲ့ မှတ်တမ်းနဲ့
သေလမ်းတော့ဖြောင့်ချင်တယ်။


ဒါပေမယ့်
ဘဝက ဝိုးတိုးဝိုးတား
ကိုးယိုးကားယားရယ်။
ကြိုက်တယ် မကြိုက်တယ် အပထား
ဒါဟာ... ကျနော်ကိုယ်တိုင်
ကဗျာလား၊ လင်္ကာလား မခွဲခြားနိုင်

ကာရန်ဆိုတာ ဝေလာဝေး
ဒါကြောင့်မို့ အရှုံးပေးတာလို့တော့ မထင်လိုက်နဲ့။

အရှုံးပေးလိုက်မယ်

အပြုံးလေးနဲ့ပဲ
နှလုံးအေးအောင်လို့လေ။

Tuesday, August 21, 2012

ပုန်းတော့မယ်


ဂုဏ်သတင်းတွေက၊ မြိုင်မြိုင်ဆိုင်ဆိုင်
ဂနိုင်ကစ၊ ပင်လယ်မှသည်၊ သမုဒ်ဆီသို့
ပျံ့ကြိုင်ပျံ့ကြိုင်၊ သတင်းရနံ့တွေလှိုင်
သို့သော်…
စံပယ် မြတ်လေး၊ သန့်စင် (သဇင်) အေးကဲ့သို့
မဟုတ်ပါလေ၊ အဆိုးတွေ၊ အဆိုးတွေ
ကြားရသည်မှာလေ၊ နားဝမချိုသာပေ
သကာဆွေ ဘယ်မှာပုန်းပါလို့
မရှာဖွေ အမှန်ပင်ပြုန်းလေပေါ့
လောကဓံတွေ ဆိုးလှပါပေ။

တဦးနဲ့တဦး၊ ကြည်နူးချစ်ခင်
ပျော်ပျော်ရွှင်ရွှင်၊ ကြင်နာရမလေ
ငါတို့အမေ၊ အဖေစပါလို့
ဆရာများက ဆုံးမတဲ့စကားတွေ
အခုတော့ဖြင့်….
တဦးနဲ့တဦး၊ နဖူးထိပ်ကွက်
လယ်ဇက်ကိုစင်း၊ ဘဝနင်းကာလေ
ငါ ငါ ငါ ငါနဲ့
အတ္တပြိုင်ကြ၊ မာနတံခွန်တွေ
တလူလူလွှင့်၊ မူကျင့်ဆိုးတွေ
မြင်မဆုံးပါပေ၊ ကြားလို့မဆုံးပါပေ။

ဒီလိုတော့ဖြင့်၊ စနစ်အခြေတွေ
ပျက်သွေယိုယွင်း၊ ဘယ်ပုံသင်းကမှ
မလှမပ၊ အုံကြွကာနေ
ငါဆိုတဲ့…. မင်း၊ ရှောင်ကွင်းလွတ်ဖို့….
လင်းပျောက်လို့… အမှောင်ကမ္ဘာထဲ
မချင့်မရဲနဲ့….. ပုန်း
ပုန်းရတော့မှာ မသွေ။

Monday, July 30, 2012

အစဉ်အလာ

သူတို့မို့ဆောင်တာဗျာ
ဒါပေါ့ဗျာ...
အစဉ်အဆက် ထိမ်းလာတာ
အမျိုးနဲ့အရိုးနဲ့ဆိုပါတော့...။
ဒါပေမယ့် သူတို့ဖို့ အပန်းကြီးတာမှ မဟုတ်တာဗျာ...
ဒီလောက်ကတော့ အပျော့ပေါ့...။
ကျုပ်တို့ကသာ သူတို့ကိုကြည့်ပြီး စကားအဖြစ်ပြောနေတာပါ။
သူတို့ကတော့ ပေါ့ပေါ့ပါးပါးပါပဲ
ကျုပ်တို့ကသာ လေးပင်နေတာပါ...။

ဒါနဲ့... ကုလားပဲဟင်းသောက်ရင်တော့ ခက်မှာပဲနော့်...။

Tuesday, July 24, 2012

မလွမ်းပို

ဘယ်သူတွေ ဘယ်လိုလွမ်း
ဘယ်သူက ဘယ်လောက်လွမ်း
ဘယ်လိုလွမ်းလွမ်း သူ့ထက်မပို
ဘယ်လောက်လွမ်းလွမ်း သူ့ထက်မပို
နာမည်ကကို မလွမ်းပို။


လွမ်းသီချင်းနားထောင်
လွမ်းသတင်းဖတ်
လွမ်းကဗျာရေး
လွမ်းစာလေးတွေနဲ့
သူ လွမ်းနာကျနေတယ်။


သူ့အလွမ်းက
သားနားတယ်
ခမ်နားတယ်
ကြီးကျယ်တယ်
ပြီးစလွယ်မဟုတ်
မမုန်းမမေ့ မုန်းမမေ့။


သြော်...
ဘဝကိုက လွမ်းဘွယ်
လွမ်းသယ်ကမွေး
လွမ်းလူကကျွေး
သူက လွမ်းကလေးပေကိုး။

Sunday, July 22, 2012

ဖြူဖွေး

ကျနော့် မွေးနေ့မှာ ထူးထူးခြားခြား မွေးနေ့လက်ဆောင်တခု ရဖူးပါတယ်။ အဲဒါကတော့ ဖြူဖြူဖွေးဖွေး ဝတုတ်တုတ်လေးနဲ့ ချစ်စရာ ဝက်ကလေးတကောင်ပါပဲ။ မွေးနေ့လက်ဆောင် ပေးပို့သူ သူငယ်ချင်းကတော့ ဘာသဘောနဲ့ ပေးပို့မှန်းမသိပေမယ့် သူပေးပို့တဲ့ ဝက်ကလေးကို ကြင်ကြင်နာနာပဲ မွေးမြူထားခဲ့ပါတယ်။ မွေးနေ့မှာ လက်ဆောင်အဖြစ် ရခဲ့တဲ့ ဝက်ကလေးဆိုတော့ ပိုပြီး ဂရုစိုက် ကြင်နာခဲ့ပါတယ်။

ဝက်ကလေးနဲ့ အတူနေခဲ့တာ နှစ်ချီကြာခဲ့ပြီမို့ ဝက်ကလေးဟာ စကားမပြောတတ်ပေမဲ့ ကျနော်ရဲ့အထာကိုတော့ စွဲမြဲစွာ မှတ်မိနေပါတယ်။ ဝက်ကလေးဟာ ဆာလောင်မွတ်သိပ်ချိန်မှာ ဂျီကျတာကလွဲလို့ ကျန်တဲ့အချိန်တွေမှာ အေးဆေးစွာ နေတဲ့ ဝက်ကလေးပါ။ ဒါပေမယ့် ဝက်ကလေးဟာ တော်တော်လေး အိပ်နိုင်ပါတယ်။ ကျနော်မနိုးခင် တခါမှ မနိုးပါဘူး။

မနက်မိုးလင်းတာနဲ့ ဝက်ကလေးဆီကိုသွားပြီ နှိုးရပါတယ်။ ဝက်ကလေးဟာ နှိုးလိုက်တာနဲ့ ကပြာကယာ ထပါတယ်။ လူတွေလို မထချင်ထချင်နဲ့ ဘယ်ပြန်ညာပြန် လှိမ့်ပြီးအိပ်နေတာမျိုး တခါမှ မကြုံဖူးပါ။ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ဝက်ကလေးနဲ့အတူ လမ်းလျှောက်ထွက်ပါတယ်။ လမ်းလျှောက်မထွက်ခင်မှာ အတူနေ သူငယ်ချင်းရဲ့ အခန်းတံခါးကို မိုးလင်းလို့ ဘယ်ချိန်ရှိပြီ အိပ်ယာထချိန် တန်ပြီဖြစ်ကြောင်း သတိပေးပါတယ်။

သာယာကြည်လင်တဲ့ မနက်ခင်းရဲ့ အေးမြတဲ့လေကို အားပါးတရရှူရှိုက်ပြီး ကိုယ်လက်လေ့ကျင့်ခန်းများ သိမှတ်သမျှလုပ်ပါတယ်။ တနာရီခန့် လမ်းလျှောက်၊ လေ့ကျင့်ခန်းလုပ်ပြီး အိမ်ကို ပြန်လာတဲ့ အခါမှာ သူငယ်ချင်းကတော့ အိပ်ကောင်းနေဆဲပါပဲ။

ကျနော်က သူငယ်ချင်းကို တော်တော်ကျက်သရေတုန်းတာပဲ။ ဒီချိန်ကြီးထိ အိပ်တုန်းပဲ။ သူ့ကိုယ်စောင့်နတ်ကတော့ ကျိန်ဆဲနေတော့မှာပဲ။ ကျနော့် ဝက်ကလေး အိပ်ပုပ်တယ်ဆိုပေမယ့် ထချိန်ကျ ပုံမှန်ထသေးတယ်။ ဒီလိုတွေးပြီး ကျနော်သူ့ငယ်ချင်းထက် ကျနော့် ဝက်ကလေးကို ပုသံယောဇဉ်ဖြစ်မိတယ်။ ကျနော် ဘုရားဝတ်ပြုတဲ့ အချိန်မှာဆိုရင်လည်း ဝက်ကလေးဟာ အလိုက်တသိ လုံးဝအသံမပြုဘဲ ညိမ်သက်စွာ နေပေးပါတယ်။ ကျနော်က ဒီလို နေပေးတဲ့အတွက် သူလည်း ကုသိုလ်ရမှာပဲလို့ တွေးမိပါသေးတယ်။

အခုဆို ဝက်ကလေး ဆုံးပါးသွားတာဟာ ငါးနှစ်ဆိုတဲ့ အချိန်ကိုတောင် ရောက်ခဲ့ပါပြီ။ ကျနော်အိပ်ယာထချိန် ပုံမမှန်တာလည်း ဒီနေ့အထိပါပဲ။ ဒါပေမယ့် ကျနော် ဝက်ကလေးကို မမေ့သေးပါဘူး။ ဝက်ကလေးနာမည်က ဖြူဖွေးတဲ့။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။