Saturday, November 17, 2012

ပန်းစကား


ပင်မြင့်ယံတင့်
ပနာသင့်တဲ့ ဂေါ်သဇင်
မော်မဆုံးနိုင်ဘူး
လှထူးပါတဲ့ ပန်တော်ပန်း
နန်းသူတို့ဆင်ကြတယ်
မန်းသူတို့ယဉ်လှတယ်။

သူကတော့…
ရွေးချယ်ပိုင်ခွင့်မရှိ
ပန်သူတင့်တယ်စေ
ရန်သူမရှိ၊ မိတ်ဆွေသာရှိ
မင်းစိုးရာဇာ၊ ဘုန်းရှိသူသာမဟုတ်
တော်ပဲသုံးသုံး၊ ကျွန်သုံးသုံး
မျိုးလေးပါ မခွဲခြားပါ
သဇင်ဟာ သဇင်ပဲ
အပင်မြင့်ယံမှာပျော်ရရင်
တင့်တယ်ဝင့်ထည်ပွင့်ဦးမယ်။

မြေမှာမြစ်တွယ် ပန်းစံပယ်ကလည်း
ခူးလိုကခူး ပန်ချင်သူပန်
ဆင်ခြင်သူတွေ ဆင်ပါစေ
မည်သူမဆို ကြည်ဖြူပါတယ်။
ညှိုးရော်လျှင် အို.. မင်းရှင်
ငါ့ကို... စွန့်လိုက်ပါ၊ ပစ်ပယ်ပါ၊
နင်းပါ၊ ချေပါ၊ ကျော်လွှားပါ
စံပယ်ဟာ စံပယ်ပဲ
ကဲမပိုတတ် သင်းရနံ့ကြိုင်လှိုင်
မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်ဦးမယ်။

ပင့်လည်းယ၊ ရင့်လည်းရ
ရတာခြင်းအတူတူ
ဒြပ်ခြင်းမတူအောင်
ဘယ်သူ ဘယ်သင်း
ဘယ်လူကြီးမင်းက ခွဲခဲ့သလဲ။

လှကြွတဲ့သည်ပန်း
ရနံ့ဆန်းတွေနဲ့
နန်းသူတို့ခင်မင်
တော်လေးဝဝင်
ပန်ဆင်သူ ဗိုလ်လူဟူသမျှ
မွေးပါကြ လှကြစေ
ပန်းတို့ဝေဖြာ
ပန်းတို့စေတနာကို
ပန်းချစ်သူများ
ပန်ဆင်သူများ
မှတ်တမ်းတင်ကြဖို့
ပန်းစကား ပါးလိုက်ပါတယ်။

2 comments:

မိုးနတ်ကြယ်စင် said...

ပန်းစကားလေးကို နားဆင်သွားပါတယ်နော်...
ဖွဲ့နွဲ့တင်ပြမှုလေးက ကောင်းပါ့.....
ညက်ညော၏....နှစ်သက်မိပါတယ်ရှင်..
ခင်တဲ့...မိုးနတ်

စံပယ်ချို said...

ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတဲ့လောင်စာရေ
အလုပ်တွေများနေတယ်ထင်တယ်
စံပယ်ဟာ စံပယ်ပဲ
ကဲမပိုတတ် သင်းရနံ့ကြိုင်လှိုင်
မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်ဦးမယ်-----
ခင်မင်တဲ့ sis jasmine

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။