Sunday, May 6, 2012

ထပ်ဆင့်တောသား

အမှောင်ကို ဖောက်ခွင်း
လင်းရောင်ကျင်းသည်
နေဝန်းနီနီ လာခဲ့ပြီ။

ငြိမ်သက်တာကို လှုပ်နှိုးဖို့
တတုံးတုံးနဲ့ အုံးမောင်းမြည်
အားမာန်ချီလို့ ထရှာသည်။

အွတ်အီးအော်သံ
တုံးမောင်းညံလို့
ကျေးလက်နာရီ မှန်ကန်သည်။

ဆွမ်းဖြူလည်းညက်
ပဲပြုတ်ကျက်လို့
ကျေးစည်သံတို့ ညံစီစီ။

သဒ္ဓါဖြိုးပေ
ကုသိုလ်တွေ
နံနက်မှာပင် ရလိုက်သည်။


ထမင်းဆီဆမ်း
ပဲပြုတ်လွှမ်း
ရေနွေကြမ်းနဲ့ လွေးခဲ့ပြီ။


နွားညီနောင်သင်း
ဆွဲလို့ဆင်း
ပျိုးခင်းကိုပင် ဝင်ခဲ့ပြီ။


နေကကျဲကျဲ
သားမည်းမည်း
ဇွဲလုံ့လတော့ မလျော့သည်။

ထမင်းထုပ်ရောက်
နွားရေသောက်
ခဏသာပဲ နားခဲ့သည်။

နွားနှင့်တူရုန်း
ရွှံ့ပုတီးလုံး
ပုဆိုးကတောင် မွဲလှပြီ။


နေဝန်းညှို့မှ
ထွန်ဖြုတ်ကျ
အမိဂါရ ပြန်ရသည်။


မီးခွက်မှုန်မှိုင်း
ထမင်းဝိုင်း
မျက်နှာစုံညီ စားကြသည်။

လသာပြင်ဝယ်
ခဏငယ်
ညောင်းညာဖြေရသည်။

ဓာတ်စက်မရှိ
သီတင်းမသိ
လမ်းဘေးစကားကတည်။

ရွာဦးဆရာတော်
ဟောကြားဖော်
သိဉာဏ်ကြွယ်ရသည်။

တို့ရွာဓလေ့
ငါမမေ့
တောသားကြီးပါအတည်
အဲဒါကြောင့်...
အစဉ်အမြဲ ဘဝင်ထဲ
ဂုဏ်ယူမိပါသည်။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ