Thursday, May 17, 2012

မွေးမေမေအတွက်

အမှောင်ကိုထွင်းဖောက်
အလင်းရောက်လို့ လာချေပြီ
အိမ်ဦးဘုရားခန်းမှာ
ဆီမီး၊ ရေချမ်း၊ မြတ်တော်ပန်းနှင့်
လှပဝင်းထိန်၊ အမေကုသိုလ်ပြုပြီးပြီ။
ဆွမ်းဖြူလည်းကျက်၊ ဟင်းလည်းချက်ပြီး
ဘုရားဆွမ်းတော် တင်ဦးမည်။

သားကလေးတို့ ထပါလေတော့
ဆွမ်းခံဝင်ချိန်နီးခဲ့ပြီ။
ကြေးစည်နောင်နောင်၊ ကုသိုလ်ရဖို့
ဆွမ်းမြတ်တော်ကို သွားလောင်းချေ။
အမျှဝေနေ သတ္တဝါတွေ
အေးချမ်းကြပါစေ။

သားကလေးတွေ ကျောင်းသွားချေ
အမေခြံထဲ ဝင်ဦးမည်။
သားကလေးတွေ သင်နိုင်ရဲ့လား
လူတော်လူကောင်း ဖြစ်ဖို့ပေ။
သားကလေးတွေ ကြိုးစားကြကွဲ့
လူနုံလူဖျင်း မဖြစ်ဖို့လေ။
သားကလေးတွေ ပျင်းကြနဲ့ကွဲ့
ကြီးပွားချမ်းသာ ဖြစ်ဖို့ပေ။
ဆုံးမ စကားတွေ မမေ့ပါနဲ့
လူပေလူတေ မဖြစ်ဖို့လေ။
အမေ့စကား နေ့စဉ်ကြား
ခုထိတိုင်အောင် မမေ့နိုင်ပေ။

ခုတော့ကျနော်
တောမှာပျော်ပြီး
လူသာကြီးလာ
ပညာနည်းပါး
ဗျာပါများလှ
သောကဖိစီး
ပူမီးတောက်ကာ
ဗမာပြည်ကြီး
ရွှေစည်ဟီးဖို့
သူပုန်ကြီးလည်းဖြစ်ခဲ့ပြီ။

မေနှင့်၊ ဘိုးဘွား
ဆွေမျိုးများကို
မတွေ့နိုင်အား
နှစ်ရှည်များလှ
နေရသော်လည်း
တနေ့မှဘဲ
မေ့လည်းမမေ့
တွေ့လည်းတွေ့ချင်
ကျေးဇူးရှင်ကို
ဆပ်ပါလိုလျက်
သည်မောင်လက်လျှော့
နေဦးတော့...။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ