Friday, March 18, 2011

ကျနော့် ချစ်သူစာရင်း


ဟေ့၊ ဘယ်သူလဲလို့ လေးတွဲ့တွဲ့အသံနဲ့ မေးတတ်တဲ့ ဘွားဘွားကြီးကို ချစ်တယ်။
လူကြီးတွေ စကားပြောနေတယ် မဆူကြနဲ့လို့ ထထငေါက်တတ်တဲ့ ဘိုးဘိုးကြီးကို ချစ်တယ်။
မလေး၊ ငါ့မြေးကြီး ထွားလာလိုက်တာ ကြည့်စမ်းလို့ ပြောပြီး ပါးကို လက်နဲ့ဆွဲတတ်တဲ့ အဘွားကိုချစ်တယ်။
လိမ်လိမ်မာမာနေ၊ စာကြိုးစား၊ ရန်မဖြစ်နဲ့လို့ ဆုံးမတတ်တဲ့ အဘိုးကိုချစ်တယ်။
ဘိနပ်ပျောက်ရင် ရိုက်တတ်တဲ့ မေမေ့ကိုချစ်တယ်။
ကျောင်းပြေးရင် အရိုက်ကြမ်းတဲ့ ဖေဖေ့ကို ချစ်တယ်။
ကျနော့်မုန့်ကို လုစားတတ်တဲ့ အစ်ကို့ကို ချစ်တယ်။
ကျနော့်မုန့်ကို ခိုးစားတတ်တဲ့ ညီလေးကို ချစ်တယ်။
ကျနော်ကြွေးမှ စားရရှာတဲ့ ညီငယ်ဆုံးလေးကို ချစ်တယ်။
အားအားရှိ နင်းခိုင်းတတ်တဲ့ ဒေါ်ကြီးကို ချစ်တယ်။
မရတဲ့ ပုစ္ဆာကိုမှ မေးတတ်တဲ့ ဒေါ်လေးကို ချစ်တယ်။
အင်္ကျီကျယ်သီးပြုတ်နေရင် မကြိုက်တဲ့ ဦးကြီးကို ချစ်တယ်။
ဆေးပေါ့လိပ် ဝယ်ခိုင်းတတ်တဲ့ ဦးလေးကို ချစ်တယ်။
ကျောင်းစာမရရင် ထိုင်ထလုပ်ခိုင်းတဲ့ ကျောင်းအုပ်ဆရာမကြီးကို ချစ်တယ်။
ဘာစားချင်လဲ ကြိုက်တာပြောလို့ သဘောကောင်းတတ်တဲ့ သူလေးကို ချစ်တယ်။
ကောင်းတူဆိုးတူ ရောင်းရင်းသူငယ်ချင်းတွေကို ချစ်တယ်။

အခုတော့
ဘိုးဘိုးကြီး၊ ဘွားဘွားကြီးတို့ မရှိတော့ဘူး..။
ဘိုးနဲ့ ဘွားတော့ လွမ်းနေရှာမှာပဲ…
အဖေနဲ့ အမေတော့ စိတ်ပူနေမှာ သေချာတယ်…။
ဒေါ်ကြီးက တခြားရွာမှာ အိမ်ထောင်ကျလို့၊ ဒေါ်လေးကတော့ ရုတ်တရက်ဆုံးသွားတယ်…။
ဦးကြီးကတော့ တခြားရွာမှာ ကြီးပွားလို့၊ ဦးလေးကတော့ ဆိုးတုန်းမိုက်တုန်း…။
အစ်ကိုက တိုင်းတပါးမှာ စီးပွားရှာ၊ ညီငယ်က အမေ့ကိုကူ၊ ငယ်ဆုံးလေးက ကျောင်းနေအရွယ်…။
ဆရာမကြီးကတော့ အမြဲတမ်းမေးတယ်တဲ့..။
ရွာဘုန်းကြီးကတော့ ပြန်မလာနဲ့တဲ့…။
သူလေးကတော့ ဘယ်ချိန်ပြန်လာမလဲတဲ့…။
ရောင်းရင်းတွေကတော့ အိမ်ထောင်ကျသူကျပေါ့…။

4 comments:

ညီသူအိမ် said...

ဟာ....
ကိုလောင်စာရေးခဲ့သမျှ ကဗျာတွေထဲမှာ
ဒီလက်နက် ၀ုန်းဒိုင်းပဲဗျာ..
တကယ်ပြောတာ...
သဘောကျလွန်းလို့ ဖေ့ဘုတ်မှာ ပြန်ပြီး ရှယ်ခွင့်ပြုပါနော်
(တကယ်လေးစားတယ်ဗျာ)

Htuu said...

ဖတ်တာရင်ထဲကိုနွေးပြီးအမည်မသိတဲဝေဒနာလေးတွေလိုခံစားလိုက်ရတယ်။
Heart ထိတယ်လို့ဆိုမလားပဲ။
လူတိုင်းမှာအဲလိုအချစ်တွေနဲ့မကင်းနိုင်ကြပဲကိုးလေ။
လေးစားလျက်။
ထူးဆန်း
www.onlinepyadaik.com

SHWE ZIN U said...

ဖတ်ရတာ ရင်ထဲမှာ ခံစားရတယ် အကျယ်ချဲ့ရေးပါအုန်း

လောင်စာ said...

ကျနော်မရေးတတ်တာ အစ်မသိသားနဲ့။ ဒါပေမယ့် အစ်မက တိုက်တွန်းလာတော့ ရေးကြည့်ပါမယ်။ တော်ကြာ မျက်စိကလောစရာ ဖြစ်နေစိုးရတယ်...။

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။