Friday, March 25, 2011

ဧကရီမရှိလို့ ဝေရာမဏိ

ညသည် အလင်းရောင်ငံ့လျက် မဟူရာတို့ကို နက်သထက် နက်စေ၏။  ငါ၏ ခဏငယ် စက်ဝိုင်းဝင်ရိုးအသံတို့ကား  နေဝင်မိုးချုပ်သည်မှစ၍ ရောင်နီမလာခင်အထိ စုန်းစုန်းမြုပ် ပျောက်ကွယ်ကာ  ဆိတ်ညိမ်လျက်ရှိ၏ သူသည် ညကို မုန်း၏၊ နေ့ကို ခါးသီး၏ သူ့ကိုယ်သူ သည်ဘဝတွင်တော့ ပီဘီ သမားတယောက် မဖြစ်တော့ဟု မှတ်ယူဟန်ရှိလေ၏။

ငါသည် နေ့ကိုငံ့လင့်လျက် ညကိုဖြတ်သန်း၏ နာရီပြန် နှစ်ချက်အထိ ယောက်ယက်ခတ်နေသည့် ငါ၏ စိတ်အစဉ်တို့သည်ကား ငြိမ်သက်ခြင်းတခဏကို မမက်မောမိသည်မှာ ကြာချေပြီ။ ခါးသက်သော ကာဖီကို စွဲမက်သည့် အချိန်မှစ၍ သာယာခြင်း လျဉ်းမျှမရှိသော ငါ၏ဘဝသည် ပို၍ပင် စက်ဆုတ်ဖွယ် ဖြစ်လာတော့၏။ သို့သော်လည်း စွဲမက်ပြီးသော ထိုရသတဏှာကား ဖားကို မြွေဖမ်းသကဲ့ တန်းတန်း စွဲမိပြီတကား။

ငါသည် စနေသား ဖြစ်၍လည်းကောင်း၊ မရဏဖွား ဖြစ်၍လည်းကောင်း စိတ်အစဉ်တို့သည် ခက်ထန်၏၊ မာကျော၏၊ ရိုင်းစိုင်း၏၊ ပြင်းပျ၏၊ ရင့်သီး၏။ သို့သော်လည်း တက်လွယ်ကျလွယ်၏။ ထို့သို့ တက်လွယ်ကျလွယ်မှုကို မနှစ်မြို့ပါချေ။ မနှစ်မြို့လေတိုင်းလည်း ဒေါသလှိုင်း ခက်ထန်လာတတ်သည်မှာ ဖန်တရာမကပြီ။

ငါသည် ကြမ်းတမ်းမာကျော ရိုင်းစိုင်းတတ်သော်လည်း မွေးပျံ့သော ပန်းရနံ့တို့ကို နှစ်သက်မက်မော၏။ နူးညံ့ပျော့ပြောင်းသော အလှဧကရီတို့ကိုလည်း ချစ်ခင် မြတ်နိုး၏။ မွေးပျံ့ကြိုင်သင်းသော ပန်းမာလာတို့သည် ရှားပါးချေပြီ၊ ချစ်ခင်မြတ်နိုးဖွယ် ဧကရီတို့ကား သည်လောကတွင် လုံးဝပျောက် ကွယ်သွားချေပြီ။ ထိုကြောင့်ပင် ငါသည် သည်ဘဝတွင်တော့ လက်လျှော့ရပေဦးမည်။ ညသည် မှောင်သထက်မှောင် မည်းသထက်မည်း နက်သနက် နက်နေပေဦးမည်။

1 comment:

မောနေယျ said...

ငါသည် ကြာသပတေးသားဖြစ်၍ လည်းကောင်း။
ရာဇတံခွန်ဖွား ဖြစ်၍လည်းကောင်း။
စိတ်အစဉ်တို့သည် ပျော့ခွေ၏..။
နူးညံ့၏။
ဧကရီမရှိသည့်ဘ၀မို့ ခါတစ်ရံ ကြွက်ကလေးတစ်ကောင်ကဲ့သို့ဖြစ်၏။

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။