Wednesday, October 19, 2011

အလကားပဲ

အတွယ်အတာကိုစွန့်
အချုပ်အနှောင်ကိုရှင်း
ဘဝကိုပေး
အသက်ကိုပေး
ဒါ၊ ကလေးကစားသလို ပျော်လို့မဟုတ်ဘူး။

သွေးနဲ့ဖြန်း
ချွေးနဲ့ဆွတ်
အူကိုထုတ်
သဲကိုနှုတ်
ငါတို့ အလုပ်လုပ်ခဲ့တာဟာ ပါရမီအတွက်။

အတ္တအတွက်
စွန့်စားခန်းအားလုံးကို
ဖြတ်တောက်ပစ်ခဲ့တယ်။
ဘယ်လို အစကောင်းတဲ့ ဇာတ်ကွက်ဖြစ်ပါစေ
အဆုံးသတ်မကောင်းရင် အလကားပဲ။
ကြားမှာ...
ဒူးပြဲ တံတောင်ပြဲ
အသဲကွဲခြင်းနဲ့ ငိုခြင်းတပုဒ်သာ အဖတ်တင်မယ်။
ငါဆင်တဲ့ ဇာတ်မှာ
လိုချင်တာ၊ ဒါမှ မဟုတ်ဘဲ။

စွန့်ခဲ့ရသမျှ၊ ဖွတ်မွဲပြာစု
လွဲပြီးရင်းလွဲ...
သေပွဲတခုပဲ သေချာတယ်
ကဲ...
အရာအားလုံးဟာ အလကားပါပဲ
ဒီအတွက် ဘာလို့ ဝမ်းနည်းနေဦးမှာလဲ။

1 comment:

စံပယ်ချို said...

လောင်စာရဲ့ကဗျာတွေ
ရင်ထဲထိပြီး ငြိသွားခဲ့ပါတယ်ရှင်။

စွန့်ခဲ့ရသမျှ၊ ဖွတ်မွဲပြာစု
လွဲပြီးရင်းလွဲ...
သေပွဲတခုပဲ သေချာတယ်....စာသားလေးတွေမိုက်တယ်

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။