Friday, March 11, 2011

ချစ်ဦးသူ

ချစ်ဦး
သွားတက်ကလေး ပေါ်ရုံ
ပါးချိုင့်ကလေး ခွက်ရုံ
ဖူးပွင့်စ စံပယ်ငုံလေးလို
ပြုံးချိုချိုလေးကို မေ့မရ...။

ချစ်ဦး
မျက်လုံးကလေး မှိတ်ရုံ
မျက်ခုံးကလေး ပင့်ရုံ
ဖြူလွှလွှ ပန်းချီငိုခိုင်လေးလို
ကပိုကရိုအကြည့်လေးကို တသသ...။

ချစ်ဦး
မခွဲတမ်းနော်လို့
လက်လှမ်းပေးတယ်
ဖြူလွှလွှ လက်ချောင်းသွယ်လေး
တဖွဖွ မဝတမ်းနမ်းမိတယ်
တဘဝလွမ်းလောက်ပါရဲ့...။

ချစ်ဦး
မောင့်ရင်ခွင် သိပ်နွေးတာပဲ
ချွေးစက်ကလေးက မွေးတယ်
တသက်ရယ် ဘယ်ခါမခွဲ
ကွန်းခိုရာလို့လဲ မှတ်မယ်
ယုကို အမြဲထွေးပွေ့ထားနော်...။

ချစ်ဦး
သိမ်းကျုံးလို့ သုံးဆောင်ပါ
အပြုံးမပျက် စိတ်ရှည်မယ်
နေလဲမခွဲ သေလဲတူတူ
သွေးယူယူ သားယူယူ
အသဲကိုလဲ လှူပါ့မယ်...။

ချစ်ဦး
ငွေလရောင်အောက်မှာ
ဝန်းကျင်က လေတွေဖြူး
ဂေါ်သဇင်က မြူးလာပြန်
ချစ်ဆူးစိုက်တဲ့ဒီည
နုတ်လည်းမရ ထုတ်မရ...။

ချစ်ဦး
နဖူးပြင်ပြင်မှာ နံ့သာတင်လို့
ငွေချည်နု ယုရဲ့ကေသာ
လေပြေမှာ ယိမ်းကလို့
တသသ ဖယ်ကာဖယ်ကာ
နမ်းဖွဖွ အသနား
ပန်းကလေးမှာ စွင့်စွင့်ကား...။

ချစ်ဦး
ယုရယ် ချစ်တယ်လို့ မပြောရက်
ဒီ့ထက်ပိုတယ်
ကြင်နာတယ် မဆိုအား
လိုတာများ ရှိမလားလို့
ဆထက်ကဲ ထောင်သောင်းမက
ဘယ်သို့မှ မခွာရက်ပါ...။

ချစ်ဦး
ခုတော့ တပြည်ရွာ
ချစ်ဂါထာတွေမှား
အနာအဆာတွေကများ
တောင်ကမ်းပါးယံတွေက တား
ပင်လယ်ခြားကလို့
ကမ္ဘာ့ရွာခေတ်ရောက်မှ
ငါတို့က ဝေးရတာ
ကံကြမ္မာယိုးမယ်ဖွဲ့ရင်
ကိုယ့်တာဝန်မဲ့တဲ့ပြင်
သစ္စာမခိုင်လေသလား
မေတ္တာယိုင်လေသလား
တွေးမှားက ဝင်ဦးမယ်
ယုရယ် မထူးဇာတ်က
ဘယ်လိုခင်းရသလဲ...။

1 comment:

Anonymous said...

ယု တမ်းချင်းတွေသိပ်များနေပြီနော် ဟဲဟဲ
ခုတလော ငလျင်သတင်းတွေက ကိုလောင်စာ့ရင်ထဲက
မုန်တိုင်းကိုတော့ မှီအံ့မထင်

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။