Friday, March 8, 2013

နေဝင်ချိန်

နေရီရီ နီနီစွေးချိန်ဝယ်
ဂဠုန်ချီ တိမ်နဂါးရယ်က
ပုစွန်ဆီ ဖြူပြာလဲ့ရယ်တို့
နတ်ဆေးချယ်သို့။

လုံမငယ် ပျိုတသင်းရယ်က
ဆိုသီချင်း ညံစာစာနဲ့
သံသာသာ နှော့ကာကျူးတာမို့
လွမ်းလို့သာ ပူဆွေး။

ပင်ကျရေ
အမောပြေ တမြူလောက်တော့
မြည်းမကူ မော့ကာသုံးကြတယ်
ဒို့တောရွာ ထုံးစဉ်လာပ
တမ်းတရှာသေး။

Thursday, March 7, 2013

ရွှေစိတ်တော်ညိုနဲ့ကွယ်

လွမ်းရသည်တဲ့ ဆွေးရသည်
တွေးစရှည် ချည်နှောင်ရစ်ပါလို့
အေးဖို့ရည် လွတ်ကာရုန်းသော်လည်း
ဖြေပြေနိုင်ဘဲ။

နှုတ်ခွန်းချို မြွက်ဆိုမတတ်သော်ကြောင့်
ရှက်ပိုအောင် ပြောရက်တယ်လို့
မျက်ထားသို ညိုပါဘဲ
စိတ်ထဲဝယ်ကြည်ပါတော့။

ခွင့်လွှတ်ပါကွယ်
မှန်တကယ် ရည်ရွယ်ပါဘူး
ငွေမေတ္တာ ရှင်သန်ဆဲဟာမို့
ရွှေမျက်နှာ ပြန်လို့ကြည့်လှည့်ပါ
နွဲ့သခင်ကျော့။

Saturday, March 2, 2013

ခက်တာပဲကွယ်


တနေ့တနေ့ တရွေ့ရွေ့ကုန်
နာရီလက်တံ မြန်လှတယ်
စက္ကန့်သံတွေ ညံလှတယ်။

ဆောင်းရောက်တော့လည်း လွမ်းရတယ်
ဆောင်းပြောက်တော့လည်း လွမ်းမိတယ်
နွေပေါက်တော့လည်း လွမ်းရပြန်ပြီ။

ကြင်နာလှည့်ပါ၊ ချစ်လှည့်ပါ
မပြောသာတဲ့အဖြစ်ရယ်ပါ။
ရစ်ပတ်နှောင်တွယ် မေတ္တာနွယ်ကြိုး
ဖြတ်သော်လည်း မပြတ်ချင်
ပြတ်မှာလည်း စိုးမိတယ်ခင်။

ဖြစ်စဉ်တခုလုံးက
ကျေနပ်စရာလည်းမကောင်း
မကျေနပ်လို့လည်း မရပြန်
တခန်းလည်း မရပ်ချင်သလို
ရှေ့ဆက်ဖို့လည်း ကြောက်နေမိ။

အမေးသာရှိ
အဆွေးသာရှိ
ပကတိငါ့အသည်းတွေ
ဆွေးမြေ့ကြွေကျ
အသက်ပင် ဝအောင်မရှူနိုင်တော့။

Tuesday, February 26, 2013

မဇ္ဈိမတိုင်း ရိုင်းခဲ့ပြီ


မဇ္ဈိမာ ဇမ္ဗူကျွန်းမှာလ
ဟိုရှေးခါက မြတ်ဗုဒ္ဓါ
ထွန်းပေါ်ခဲ့ရာ။

မြတ်သာသနာ ရောင်ဝါလင်းပါလို့
နတ်လူဗြဟ္မာ သတ္တဝါများတို့မှာ
ဘေးဒုက္ခာလွတ်ငြိမ်း။

ယခုချိန်ခါ
သည်ဌာနာ ဇမ္ဗူကျွန်းဝယ်
နေရဉ္ဇာ မြစ်ယံပျက်သလို
ှိုးခဲ့ပြီလေး။

ပွင့်ပင်ပွင့်မြဲ


ပန်းမာလာ နီ ဝါ စိမ်းရယ်နှင့်
ဆန်းဝေဖြာ ဖြူ ပြာ ပွင့်ရယ်တို့
နတ်ဆေးချယ်သို့။

ပိတုန်းလိပ်ပြာ ဝေ့ကာဝဲကာနှင့်
သုံးလေပါ လိုရာပြည့်စေဖို့
ဖြည့်ခံမို့ ခန္တီယှဉ်။

ပန်းဆိုတာ
ပြည်လူ့ရွာ လှစေကြောင်းရယ်လို့
မွေးထုံစွာ ရနံ့ဆန်းတွေနှင့်
ပွင့်လို့သာပင်။

တဦးမေတ္တာ တဦးမှာ


ငွေသော်တာ ပြည့်ကာ ဝန်းပါလှ
ဝိသာခါ တာရာထွန်းပြန်ရာ
ပွင့်ကြရွှေကြာ။

စမ်းရေအိုင် ကြည်ကြည်စိမ်းမှာလ
ဆန်းဝေမြိုင် ကြိုင်လှိုင်မွှေးကြရှာ
သာယာပေစွလေး။

သုံးလောကာ
ထုံးမကွာ များသူငါတို့
ဖွေးမေတ္တာ ကိုယ်စီထားပါကြ
လူ့ဂုဏ်မြင့်ရေး။

Friday, February 22, 2013

လတပို့တွဲ

ကုံရာသီ၊ တာရာညီ ချိန်ခွင်နှင့်
ငွေသော်တာ ကြယ်မာဃရယ်တို့၊ ပြည့်ဝစုံညီ။

တပို့တွဲ၊ ထူးကဲသည့် လရာသီ၊
သင်းပျံ့ချီ မာလာဖူးငုံတို့၊ ထူးစုံလှသည်။

သရဖီ၊ ညံစီစီပေါက်လဲရယ်တို့
ထိန်ထိန်ကြည် ပွင့်ရှာကြတယ်၊ ဆောင်းလရာသီ။

ရွက်ဝါကြွေ၊ ဖူးဝေကြ တမာနု
သံသာသာ ဆက်ရက်တွေက၊ မြူးကြရှာသည်။

လဲ့လဲ့ကြည်၊ ငွေနှင်းရည် သွင်းပက်တာကြောင့်
ညှင်းသွဲ့သွဲ့မြောက်ပြန်လေက၊ အေးပါလှသည်။

နွှဲပျော်ပျော်၊ ထိုးနော်ကွဲ့ ထမင်းနှဲ
အားခဲလို့ ဇွဲကောင်းပါမှ၊ အောင်ပွဲရမည်။

မြတ်ရှင်တော်၊ ပူဇော်ရန် သဒ္ဓါကြွလို့
ဆွမ်းယာဂု ကပ်လှူကြသည်၊ နိဗ္ဗာန်သို့ရည်။

Sunday, February 17, 2013

တကွေ့


မျက်ရည်တစက် ကျခဲ့ပြီ 
မဟာပထဝီ တည်တန့်စေ

ရှိုက်သံတချက် သဲ့ခဲ့သည် 
မြောက်ပြန်လေပြည် အေးမြစေ

မျက်နှာတချက် မဲ့ခဲ့သည် 
ကြယ်တာရာတို့ လင်းလဲ့စေ

ထီးတည်းကျန်လျက် နေရပြီ 
မျက်နှာစုံညီ ပြုံးရွှင်စေ

ချစ်ပါသော်လည်း ခွဲခဲ့သည် 
သေမင်းနိုင်ငံ ရှင်သန်စေ

မချစ်သော်လည်း တွဲရသည် 
ရှင်သန်ခြင်းတို့ သေဆုံးစေ

နိမ့်တုံမြင့်တုံ ကြုံခဲ့ပြီ 
ဘုရားကားသည် မြင့်ပါစေ 
မျောက်ကား အောက်သာ ရှိပါစေ။

Tuesday, February 5, 2013

ဧည့်သည်

ရွှေကျီးရယ်သာ တအာအာနှင့်
ရှေ့ရပ်မှာ နေခြည်ဖြာကျ
ဘယ်ရပ်က ဘယ်ဧည့်သည် ငါ့ဆီလာမယ်
ရွှေကျီးရယ်ပြောပါဗျား ရွှေဧည့်သည်လား။
ငွေကျီးရယ်ပြောပါဗျား ငွေဧည့်သည်လား။

ရေပွက်ပမာ တသက်လျာမို့
ခဏတာ လူဖြစ်လာပေါ့
ဘယ်ရပ်ကငါလာတယ် သည်လူ့ပြည်ဝယ်
ငါဧည့်သည်ပါ ကိုရွှေကျီးရယ်။
ငါဧည့်သည်ပါ ကိုငွေကျီးရယ်။ 

၁၊ ၂၉၊ ၂၀၁၃။ 

အမေနေ့ အမှတ်တရ

မွေးမေ့ဦးကင်၊ ဆံချည်မျှင်တို့၊ ပိတုန်းပင်လော၊ ချည်ခင်လော။ ဖိတ်ဖိတ်နက်မှောင်၊ ပိတုန်းရောင်ကြောင့်၊ မလောက်မင၊ ချစ်မဝခဲ့။ ဖြူဖွေးချည်ခင်၊ မေ့ဆံပင်ကြောင့်၊ အချစ်တန်ဘိုး၊ တိုး၍ တိုးကာ၊ ချစ်မိုးရွာသည်၊ ဖြိုးဖြိုးမစဲ၊ အချစ်ကဲကာ၊ မေတ္တာမြဲမြဲ၊ ပီတိရွှဲစို၊ ရွှေမြင့်မိုရ်အား၊ ပို၍ပိုလာ၊ ချစ်မိပါခဲ့။

မွေးမေ့မုခ၊ သွားဒန္တတို့၊ စီရရီလော၊ ကျိုးကျဲလော။ ဖြူဖြူလွှလွှ၊ ပုလဲလှနှင့်၊ ချိုမြပြုံးကြောင့်၊ ချစ်မလောက်ခဲ့။ ကျိုးကာကြဲကာ၊ ၊ နာနာနဲ့နဲ့၊ တချို့ပဲ့၍၊ တဖက်တိုရှည်၊ မညီမညာ၊ မေ့ပြုံးမှာကား၊ တိုးကာတိုးကာ၊ မမေ့ပါနိုင်၊ သာယာခွန်းဆင့်၊ ချစ်၍ချစ်လာ၊ မဝပါခဲ့။

သမင်ရှုံးလု၊ မေ့စက္ခုတို့၊ မှိုင်းလို့ကာလော၊ မှုန်၍လော။ ရွှန်းရွှန်းစိုစို၊ သမင်ပျို၏၊ သို့ဆိုမျှလောက်၊ လဲ့လဲ့တောက်ပြောင်၊ ရေကြည်ရောင်နှင့်၊ မျက်တောင်ကော့ကော့၊ မူး၍မော့အောင်၊ မေ့ကျော့ခေါင်အား၊ လုလုသားလှ၊ ရှုမဝခဲ့။ မှုန်ရီဝိုးဝါး၊ လင်းအားမသန်၊ မြင်ရန်မစွမ်း၊ တစမ်းစမ်းနှင့်၊ တရမ်းရမ်းထင်၊ သားလှပင်လော၊ သမီးလောဟု၊ မြင်စုအာရုံ၊ မှိုင်းပြာမှုန်လည်း၊ လှိုက်လှိုက်သဲသဲ၊ ချစ်ပွဲကြီးကို၊ ဆင်နွဲခြိမ့်ခြိမ့်၊ တသိမ့်သိမ့်မျှ၊ ချစ်၍ပင်သာ၊ ချစ်မိပါခဲ့။

သွယ်သွယ်လျလျ၊ မေ့ကာယတို့၊ ကိုင်းလို့ပင်လော၊ ကုန်း၍လော။ နွဲ့နွဲ့နှောင်းနှောင်း၊ ပျော့ပျော့ပြောင်းမတ်၊ တည်တန့်တန့်နှင့်၊ ခန့်ခန့်ငြားငြား၊ ဆင်ရင်သွားသို့၊ ငွားငွားစွင့်စွင့်၊ တင့်တင့်တယ်တယ်၊ မေ့နတ်မယ်အား၊ သားလှယဉ်ကျေး၊ ချစ်ကြွေးပြင်ပြင်၊ ဆပ်ပင်ဆပ်ငြား၊ ပြေကာသွားဘဲ၊ ဆင်မြဲပင်သာ၊ ဆပ်ချင်ပါခဲ့။ တောင်ဝှေးကိုထောက်၊ ကုန်းကောက်ကောက်နှင့်၊ စိတ်နောက်ကိုယ်မှာ၊ မလိုက်ပါနိုင်၊ လှမ်းလာလှုပ်လှုပ်၊ နှေးတုံ့ဆဆ၊ ဇရာပြကား၊ သားလှပုခုံး၊ တပြုံးပြုံးနှင့်၊ ထမ်းပိုးလိုက်ပါ၊ မေ့ စေရာကို၊ လျင်စွာမနှေး၊ ရွက်ဆောင်ပေးအံ့၊ အမေပြုလို၊ ကောင်းမှုစုံစီ၊ အလီလီကို၊ ကြည်ကြည်သာ၊ သဒ္ဓါဖြာလျက်၊ လိုရာပြည့်စေ၊ အမျှဝေသံ၊ မိုးထိညံအောင်၊ ရွက်ဆောင်ရာတွင်၊ အမေ့ဆန္ဒ၊ ပြည့်ရပါအံ့။ အမေ့ခန္ဓာ၊ မညောင်းညာစေ၊ မွေးမေပေးထား၊ လက်ချောင်းများနှင့်၊ ပလွှားရောဂါ၊ ဖိစီးလာလျင်၊ ပယ်ကာတွန်းလှန်၊ ဘေးရန်ခပင်း၊ မခိုရှင်းသား။ ထို၍ထိုမျှ၊ မကပါဘဲ၊ ချစ်သွေးခဲကြောင့်၊ မွေးမေ့ကျေးဇူး၊ မြင့်မိုရ်ဦးအား၊ မခြားနေ့ရက်၊ တနံနက်မျှ၊ ကျေးဇူးဝဝ၊ အနန္တကို၊ ဆင်၍ပင်သာ၊ ဆပ်စေရာအံ့။

၁၊ ၂၆၊ ၂၀၁၃။

Wednesday, January 23, 2013

မျှော်တော်ရောင်

လရောင်ဖြာလျက်
ကြယ်ပြိုးပြက်တို့
လင်း၍တချက်
မှိတ်တချက်နှင့်
ဝန်းရံလျက် ခစားစဉ်...

လေပြေသွင်းပက်
ညှင်းသွဲ့သွဲ့နှင့်
ယိမ်းနွဲ့စီရီ
ဖူးငုံစီတို့
လှုပ်လဲ့လှုပ်လီ ကျီစယ်စဉ်...

သဇင်အင်ကြင်း
မွေးထုံသင်းလျက်
ဝင်းဝင်းမွတ်မွတ်
ဂုဏ်ရောင်ကွန့်ကာ
မာလာမင်းတို့ မြူဆွယ်စဉ်...

မကြည်မသာ
နေထိကြာနှယ်
ငြိုးငယ်မှိုင်တွေ
လွမ်းမှုပွေလျက်
ဆယ်နွေမက
ပူပြင်းလှသည်
လျှံကျဖိတ်ဖိတ်
ဆွေးသည့်စိတ်တို့
မုန်း၍မရ
မေ့မရနှင့်
တသသလွမ်း
ဘုန်းမောင့်ပန်းလည်း
မျှော်မှန်းကာသာနေမိသည်။

Monday, January 14, 2013

တယောက်တည်းသာပဲကွယ်


အအေးရှာလည်း ပူတာပဲ ဖတ်တင်တယ်
ပျော်ရွှင်မှုရှာလည်း နာကျင်မှုပဲ ဖတ်တင်တယ်
ကြင်နာမှုရှာလည်း ရင်နာရတာပဲ ဖတ်တင်တယ်
ငါ့ဘဝဟာ သန်းခေါင်ညပေါ့။

အချစ်ရှာလည်း အမုန်းပဲရတယ်
ငါကပြုံးပြ သူမဲ့ပြ
ငါ့အပြုံးကြောင့် သူတို့ဘာကြောင့် မဲ့ကြတာလဲ
ငါ့ဘဝဟာ သုညပေါ့။

လက်ယပ်ခေါ်လဲ ထွက်ပြေးတယ်
ချည်နှောင်ထားလဲ ကိုယ်လွတ်ရုန်းတယ်
ဆက်စပ်ထားလည်း ဆက်ဖြတ်ပစ်တယ်
ငါဟာ အပြင်ကလူပါ။

နမ်းလို့လည်း မအီ
ဒါပေမယ့်
လှမ်းလို့လည်း မမှီပါ။
ချစ်လို့လည်း မဝ
ဒါပေမယ့်
သူပြောတဲ့ တခဏ
ဆယ်ရက် ဆယ်လ
ဆယ်နှစ်လား ဆယ်ဘဝလား။
ချစ်ဒဏ်ရာ ထိခံငြိခံလို့ မရဘူးဆိုတာ
မင်းသိသားနဲ့…။

Friday, December 21, 2012

သင့်အတွက် ကျနော့်လက်ဆောင်

မာနမထားလို
အာဃာတက အပိုပါပဲ
မုန်းပါသော်လည်း
ဘာထူးလဲ၊ အကုသိုလ်ပဲ အဖတ်တင်မယ်။

မာန်ချိုနှိမ့်ချ
သနားသင့်က သနားပါ
ကရုဏာ၊ မေတ္တာ၊ သစ္စာ
အမှန်ကျင့်သုံးလေက
ဘဝါဘဝေဖြတ်သန်းသမျှ
မြင့်မြတ်တင့်ဆန်း တော်ဝင်ပန်းသို့လန်းလိမ့်မယ်။

လူ့ဘဝဟာ တခဏ
အူဝဲကစ မရဏတိုင်ကွယ်
ရှည်လှတယ် မထင်လိုက်ပါနဲ့
ရေပွက်ပမာ တသက်လျာဟု
ရေးမှတ်ပြုသွား သုန္ဒရမတ်ကြီးစကား
စက္ကန့်မခြား သတိထားပါ
မြတ်ဗုဒ္ဓါပင် မစံခင်နိဗ္ဗာန်
ဖန်ဖန်မှာကြား သတိတရားပဲ
မကောင်းလည်းကံ ကောင်းလည်းကံကြောင့်
ကံကိုချည်းသာ မကိုးရာလည်း
ကံသာဆွေမျိုး၊ မိဘဘိုးဘွား
သတိထားရှိ၊ ရှေးကဝိတို့
အမှာစကား သတိထားလျှင်
လိုအင်ဆန္ဒ ပြည့်ဝရမည်
တောင်းတသမျှ ဖြိုးကြွယ်ကြမည်
သောကဟူသမျှ ကင်းဝေးပမည်
ထက်မှာစကား ကျင့်ကြံငြားသော်
အပူဗျာပါ ကင်းဝေးရာကြောင်း
ကျနော်တဆင့် အဆင်သင့်၍
လက်ဆောင်ကောင်းလေး ပေးလိုက်သည်။

Tuesday, December 18, 2012

ဒီနေ့မျက်ရည်ဟာ တနေ့သုခဖြစ်ပါမှာ

ငိုနေကြတယ်
ဆုံးရှုံးမှု၊ ဝမ်းနည်းကြေကွဲမှု
မတရားမှု၊ ကိုယ်ချင်းစာတရားကင်းမဲ့မှု
ခေါင်းရှောင်မှု၊ တာဝန်မယူမှုတွေကြောင့်
မျက်ရည်စက်တွေကို ဘယ်သူမှ အသိအမှတ်မပြုဘူး။

ရီ (ရယ်) နေကြတယ်
ပြောင်လင်းတောက်ပ ကျွန်းစားပွဲရှည်
ချို၊ ချဉ်၊ ငံ၊ စပ်၊ ခါးသက်သက်နဲ့ အရသာစုံ
အဆီတဝင်းဝင်း၊ အနံသင်းသင်းနဲ့
တယောက်မျက်နှာတယောက်ကြည့်
ပီတိဝေဖြာ ပြုံးကာပျော်ကာ စားသောက်ကြ
ထမင်းမဲစားတဲ့ သူတို့ဘဝ။

ပျော်နေကြတယ်
ဂီတသံစုံ၊ မီးရောင်စုံ
လက်လှုပ်၊ ခြေလှုပ်၊ တင်ပါးလှုပ်
ဟေးတကျော်ကျော် အားပေးသံ
လက်ခုပ်ဖြောင်းဖြောင်း ချီးမြောက်သံ
ပျော်ကြ ရွှင်ကြ ဂီတည
တဏှာကာမ သူတို့ဘဝ။

ဓူဝံမြေခ၊ မြင့်မိုရ်ပြိုကျ
တောင်ကုန်းတွေက တွင်းဖြစ်ရ
ရိုးမတွေက လဟာပြင်
တောတွေလည်းပြုန်း တောင်ဂတုံး
အက်ဆစ်မိုးတွေ ဖြိုင်ဖြိုင်ရွာ
ဒုက္ခများစွာနဲ့ မုန်ညှင်းစေ့ကမ္ဘာ
ပျော်ကြပါ၊ ရွှင်ကြပါ
ပြုံးကြပါ၊ ရီ (ရယ်) ကြပါ
သင်းတို့... မျက်ကွယ်ပြုလို့ ညစ်သမျှ
ငါတို့... မျက်ရည်နဲ့ ဆေးကျောပါ့မယ့်။

လောကပါလ ဗြဟ္မစိုရ်တရား
ငါတို့ရဲ့ဘက်တော်သားရှိလို့
ကြိတ်မှိတ်ပြီး ခံလိုက်ကြဦးစို့
တို့ခေတ် တနေ့ရောက်ရမယ်
နောက်မဆုတ်ဖို့ ပြောချင်တယ်
ရှေ့တိုးဖို့ တိုက်တွန်းမယ်
အမြဲသတိရှိကြစေ
ကျုပ်တို့မှာ ပန်းတိုင်ရှိနေတယ်မဟုတ်လား
နောင်လာနောင်သား ကောင်စားဖို့ရာ
ယောကျာ်းဘသား တို့မြန်မာဟေ့လို့
ကြွေးကြော်လိုက်ကြစမ်းပါဗျား။


Monday, December 10, 2012

အချစ်ရဲ့ သင်္ကေတ


ရာဇဝင် ရိုင်းလိုက်တာ
ဒီလောက်ရိုင်းရာဇဝင်ကို
ငါ… မေ့ပျောက်ဖို့ ကြိုးစားတိုင်း
သတိရစိတ်နဲ့ ဒေါသလှိုင်းပဲ ထွက်ထွက်လာတယ်။

မုန်းတရားတွေ များလိုက်တာ
ဒီလောက်မုန်းတဲ့ တရားကို
ငါ့… ဖြေသိမ့်ဖို့ ကြိုးစားတိုင်း
ဆွေးစိတ်တွေနဲ့ လွမ်းနေ့တွေကိုပဲ သတိရမိတယ်။

အာဃာတတွေ ထားလိုက်တာ
ထားသမျှ အာဃာတတွေကို
ငါ… မေ့ပျောက်နိုင်ဖို့ ကြိုးစားတိုင်း
ထိုင်ခဲ့ဖူးတဲ့ မြက်ခင်းစိမ်းနဲ့ ယိမ်းနွဲ့နေတဲ့ ကိုင်းပင်တွေကို မြင်ယောင်လာတယ်။

မာနတွေ ထားလိုက်တာ
ထားလိုက်တဲ့ မာနတွေကို
ငါ့… လျော့ချဖို့ကြိုးစားတိုင်း
ရှူခဲ့ဖူးတဲ့ လေပြေညှင်းနဲ့ ပန်းသင်းရနံ့တွေကို သတိရမိတယ်။

မာန်မာန အာဃာတနဲ့ အမုန်းတရားရာဇဝင်တွေဟာ
ဘယ်ချိန် ဘယ်ကာလမဆို ရှိခဲ့ဖူးပေမယ့်
ငါ့အချစ်ရဲ့ အမှန်တရားကို နင်သာသိရင်
သစ္စာလည်း ခိုင်မြဲလာမယ်၊ မေတ္တာလည်း ယိုင်မလဲတော့ဘူး
အချစ်ဆူးဆိုတာ မနာကြင်ဘူး အချစ်ရဲ့
အဆိပ်လူးထားတယ် ဆိုရင်တောင်
တသက်မခွဲ ခိုင်မြဲဖို့ဘဲ ဖြစ်လိမ့်ထင်။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။