Thursday, December 9, 2010

အခန်းငယ်သည် အခန်းကျယ်ထဲတွင်

ခန်းမရဲ့ လယ်ခေါင်မှာ
ယိုင်နဲ့နဲ့ ရပ်နေတဲ့ ငါ့ကို
မျက်လုံးပေါင်းစုံက
အကြည့်မျိုးစုံနဲ့ ကြည့်ပြီး
ဘယ်လို အမြင်ပေါင်းများစွာဖြင့်
မြင်သွားကြပါလိမ့်...။

ဒီမျက်လုံးများကို ရင်ဆိုင်ဖို့
ကြောက်ရွံ့ခဲ့တာကို
ရိပ်မိကြရက်နဲ့
မျက်လုံးတွေ ကြည့်သွားခဲ့တယ်...။

ဒီအကြည့်တွေရဲ့
အဓိပ္ပါယ်ကို မသိရပေမဲ့
ဒီအကြည့်တွေကို
လိုလို ရွံမုန်းသွားခဲ့တယ်...။

ဒီလိုနဲ့...
အကြည့်တွေက လွတ်မြောက်ဖို့
အခန်းကျဉ်းတခုမှာ
လွတ်လပ်မှုကို ရှာဖွေဖို့
တောင့်တနေမိတယ်...။

ငါနေတဲ့ ခန်းကျဉ်းထဲမှာ
ကြွက်တကောင်
နာရီတလုံး
ပေါင်မုန့်တလုံးနဲ့
ကြိုးတချောင်းဟာ
ငါရဲ့ မဟာမိတ်တွေပေါ့...။

ငါ.. မှေးစက် နားယူချိန်မှာ
နာရီကတရစပ် ဟောက်နေတယ်
တရေးနိုး မွတ်သိပ်နေလို့
ပေါင်မုန့်ထယူချိန်မှာ
ကြွက်က မ၀မချင်း
ခိုးယူစားသောက်နေတယ်
အရမ်း ဒေါသထွက်မိတယ်
စိတ်မပါဘဲ အိပ်ခန်းပြန်ဝင်တော့
ကြိုးတချောင်းက မသိကျိုးကျွံပြုကာ
အိပ်စက်နေလိုက်တယ်
ဒေါသ ငယ်ထိပ်ရောက်သွားတယ်
ဟင်းချကာ ဒေါသက
ခန်းတံခါးကို ဆွဲပိတ်လိုက်တယ်...။

ကမ္ဘာငယ်တခုရဲ့
ပဋိပက္ခမှာ
ကိုယ့်ကိုကိုယ် ရှေ့နေလိုက်ခဲ့တယ်
အတ္တသုံးကောင်က
လက်နက်အမျိုးမျိုးနဲ့
တရစပ် ပစ်ခေတ်လာမှ
တရားသူကြီးမရှိမှန်း သိသွားတယ်
စိတ်ပျက်အားငယ်ကာ
ခန်းတံခါးတောင် မပိတ်မိတော့...။

သွေးဆုတ်ပြီး လဲအကျမှာ
လာထူမဲ့သူကို ကြောက်ရွံ့မိတယ်
ကြွက်သူခိုးကများ ကိုက်ဖဲ့သွားမလား
မောဟကြိုးကများ ချည်နှောင်သွားမလား
လက်တံတွေကများ ရုတ်ပုတ်သွားမလား
တကယ်အားကိုးရမှာက
ကိုယ့်ကိုကိုယ်လို့ သိလိုက်ရတယ်...။

ငါ့ကို နှိပ်စက်မှာ သေချာမှန်း
သိလိုက်တဲ့အချိန်မှာ
အကုန်လုံးကို ငါ....
သတ်မိလိုက်ပြီ
တကယ့်တော့
ငါဟာ ကမ္ဘာငယ်ရဲ့သူကောင်းပေါ့
အောင်ဆုတွေ ပွေ့ပိုက်ပြီး
ကမ္ဘာကြီး ခြေဆန့်လိုက်တော့
အောင်နိုင်သူတွေ ဒုနဲ့ဒေး
ဆရာ့ဆရာကြီးတွေ အပြည့်
တလှမ်းချင်း ရှေ့တိုးတော့
ငါ့ကို မသင်္ကာကြည့်ကြတယ်

ခန်းမရဲ့ လယ်ခေါင်မှာ
ယိုင်နဲ့နဲ့ ရပ်နေတဲ့ ငါ့ကို
မျက်လုံးပေါင်းစုံက
အကြည့်မျိုးစုံနဲ့ ကြည့်ပြီး
ဘယ်လို အမြင်ပေါင်းများစွာဖြင့်
မြင်သွားကြပါလိမ့်...။


ဒီမျက်လုံးများကို ရင်ဆိုင်ဖို့
ကြောက်ရွံ့ခဲ့တာကို
ရိပ်မိကြရက်နဲ့
မျက်လုံးတွေ ကြည့်သွားခဲ့တယ်...။


ဒီအကြည့်တွေရဲ့
အဓိပ္ပါယ်ကို မသိရပေမဲ့
ဒီအကြည့်တွေကို
လိုလို ရွံမုန်းသွားခဲ့တယ်...။


ဒီလိုနဲ့...
အကြည့်တွေက လွတ်မြောက်ဖို့
အခန်းကျဉ်းတခုမှာ
လွတ်လပ်မှုကို ရှာဖွေဖို့

တောင့်တနေမိပြန်တယ်...။

1 comment:

Anonymous said...

ငါ.. မှေးစက် နားယူချိန်မှာ
နာရီကတရစပ် ဟောက်နေတယ်..။
အဲဒီအဖွဲ့လေး ရှတတနဲ့ လျှောကနဲ ဗိုက်ထဲ ၀င်သွားတယ်

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ