Monday, June 25, 2012

အာသာကြောင့် ဘာညာရေးတာပါ့

အသက်ကား နှစ်ဆယ့်ငါးကျော်ခဲ့ပြီ။ အရွယ်အားဖြင့် အထိုက်အလျောက် ပညာပြီးမြောက်၍ မိဘကို စောင့်ရှောက်ရမည့်အရွယ်။ သို့သော် ဂိမ်းကို တစိုက်မတ်မတ်ဆော့၊ အွန်လိုင်းကို မပျက်မကွက် တက်ပြီး မိဘဆီမှာ လက်ဖြန့်တောင်းနေတုန်း။ အားကိုးစရာကြီး။ နေတက် ရေတက်မှာဖွားတာကိုး။ ပြီးတော့ စနေသား။ သွေးကြီးတယ်၊ ဂိမ်းတော့ လုံးဝရှုံးမခံဘူး။

တဖန် Blog တွေထံ လည်မိပြန်တော့ လက်သွေးလို့ စာရေးချင်လာတယ်။ “ချင်” ဆိုတာ ဆန္ဒ၊ “ဆန္ဒ” ဆိုတာ အာသာ။ အာသာပြင်းပြင်းနဲ့ ရေးခဲ့တဲ့စာ ပညာရှိကြီးများ မြင်ရင်တော့ သတ်ချင်စိတ်ပေါက်မှာ အသေအချာပဲ။ စာလည်းမဟုတ်၊ ကဗျာလည်းမဟုတ်၊ လင်္ကာလည်းမဟုတ်။ မဟုတ်တာတွေချည်းပဲကိုး။

အမယ်၊ အဓိဋ္ဌာန်က နှစ်ဆယ့်ခြောက်နှစ်ထဲ ရောက်ပြီဆိုတော့ ပုဒ်ရေ (၂၆) ပုဒ် ရေးမယ်ပေါ့။ အရင်လကတော့ ပြည့်တယ်ဗျ။ ဒီလတော့ မလွယ်ပြီ၊ အဓိဋ္ဌာန် ပျက်တော့မည့်ဟန်ပဲ။ ယူရိုးပါး ဘောလုံးပွဲကလည်း ကောင်းတာကိုး။ ကောင်းတော့ကြည့်၊ ကြည့်တော့ကိုက်၊ ကိုက်တော့ပျက်။ သြော်... သြော်... သြော်... ကိုယ်အသုံးမကျတာနဲ့ ဘောလုံးပွဲကို လွှဲချလိုက်တာပဲ။ ကောင်းလင့်တေး၊ ကောင်းလင့်တေး။

ဒါနဲ့ လက်သွေးတယ်ဆိုလို့ ထက်မြက်လာသလားဆိုတော့။ ဘယ်ဟုတ်မတုန်း မသွေးတတ်တော့ တုန်းတောင် သွားသဗျ။ ကိုယ့်ကိုယ်ကိုလည်း စိတ်ပျက်မိပါရဲ့။ ဒါပေမယ့် Blogger မောင်နှမတွေက မောင်လေး ဆက်ရေးပါ ဆိုတော့ သွေးတွေ ပြန်တက်လာပြီး ရေးဖြစ်ပြန်ရော။ “နားထင်သွေးရောက်တာမျိုးတော့ မဟုတ်ပါဘူး ခင်ဗျာ့၊ သွေးရောက်စရာလည်း မရှိပါဘူးခင်ဗျာ့”။

တောင်တောင်အီအီ ပလီတီရင်းနဲ့ ဘယ်ရောက်သွားမှန်းမသိ။ ကိုယ်တိုင်ရေးတဲ့ ကိုယ့်စာ။ အလည်လာကြသူများကိုတော့ အားနာရဲ့ဗျာ။ ကျနော် ကောင်းကောင်းဧည့်မခံနိုင်ခဲ့ဘူး။ ဒါပေမယ့် အပြုံးပန်း တပွင့်တော့ ပွင့်စေချင်ပါရဲ့၊ နှစ်ပွင့် သုံးပွင့် ပွင့်ရင်လည်း ပွင့်ပါစေလေ။ အများကြီး အများကြီး ပွင့်စေချင်ပါတယ်လေ။ ကျနော် လောင်စာ (မပွင့်သေးတဲ့ အဖူးအငုံ) လေးရဲ့ ဆန္ဒပါ။ တကယ်ပါ။ အဆုံးသတ်လိုက်တော့မယ်ဗျား။ ဆက်လည်း မရေးတတ်တော့ပါဘူး။ စာရှုသူအပေါင်း အပြုံးပန်းများ ပွင့်ပါစေကြောင်း မေတ္တာဆောင်း၍ ကျနော်ဆုတောင်းလိုက်ပါတယ်။

3 comments:

အလွမ်းမြို့ said...

မိမိကတော့ ဘာဘဲရေးရေး စာလေးတွေက သာမန်လိုမဟုတ်တော့
ဖတ်ရင်း မှတ်သားစရာလေးတွေ မှတ်သားသွားတယ်။


မိမိ

စံပယ်ချို said...

မောင်လေးလောင်စာရေ
အဲလိုပါပဲနော်
ဘာရယ်မဟုတ်ပဲအမလဲရေးနေတာပါပဲ
လောင်စာလာရေးထားတဲ့ကွန်မက်လေးက message ထဲကိုရောက်တယ်နော်
ဘလော့ထဲ မ၀င်လို့တော်ကြာအမ ကဖျက်လိုက်တယ်ထင်မှာစိုးလို့ပါ
လောင်စာတို့ ဘာပဲ ရေးရေးလေ အမအားတိုင်းလာဖတ်ပါ့မယ်

သံစဉ်ဖြူဖြူ said...

အများကြီး ပြုံးသွားပါတယ် မောင်လေးရေ ♦♦

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။