Sunday, November 14, 2010

ကိုယ့်ကဗျာက ဝေဒနာမှလာ

ငါဟာ...
ကဗျာတပုဒ်ဖြစ်ဖို့အတွက်
ခေါင်းချောက်ခဲ့ဖူးတယ်
စဉ်းစားခဲ့ရတယ်
စကားလုံးရွေးရတယ်
ဝေါဟာရစီချယ်ခဲ့ရတယ်
ကာရန်တွေ ညှိုခဲ့ရတယ်
ဒါတွေဟာ...
မလိုအပ်တာတွေပဲလို့
တညမှာ
ရုတ်တရက်ပဲ သိလိုက်ရတယ်...။

ငါ့မှာ...
သူတို့ပေးခဲ့တဲ့ ဝေဒနာတွေ တပုံကြီး
သူတို့ထိုးနှက်ခဲ့တဲ့ ဒဏ်ရာတွေ အများအပြား
သူတို့ပစ်ပယ်ခဲ့တဲ့ ငါ့မေတ္တာတွေ
သူ့တို့ခနဲ့နေတဲ့ ငါ့စေတနာတွေ
တွေ့ကြုံဆုံကွဲ မဖြစ်ချင်ပဲဖြစ်ရတဲ့ သင်္ခါရတွေ
ငါ့ကို မလိုလားသူတွေအတွက် ကျရတဲ့ မျက်ရည်တွေ
ဒါတွေအကုန်လုံး
ငါသုံးရမယ့် ဝေါဟာရ
ငါရွတ်မယ့် အစွမ်းထက်ဂါထာ
ငါလိုက်နာရမယ့် ဥပဒေတော်
ငါ့ကျင့်ရမယ့် ကဗျာ့ဘောင်တွေပေါ့။

ဟော...
ငါချစ်တဲ့သူတွေ ဟိုမှာဘက်ကို
ငါ့ကိုချစ်တဲ့သူတွေ ဒီမှာထားခဲ့ပြီ
ငရဲမှာ အတူနေဖူးသူတွေ
ဒုသနသော ရွှတ်ဖော်တွေ
ဆုံခဲ့တာဟာ ကွဲဖို့သက်သက်
သိရဲ့သားနဲ့
ဒီဓမ္မ၊ ဒီသဘာဝတွေကို
တကယ်သဘောမကျလှဘူး...။

ဟူး...
လေပူတွေ
ဒေါသတွေ၊ မောဟတွေ
ဗျာပါဒတွေ၊ နီဝရဏတွေ
မကုန်သေး
ဟိမဝန္တာကလည်း ငါ့ကိုမဖိတ်
နေရဉ္စရာက ရေမပေးတော့...၊
သြော်... တကယ်တော့
ကိုယ်ကသာ သံယောဇဉ်ထားတာ
သူတို့က ပြတ်သားနေပြီ
ကိုကြီးကျော်ပလီတာ မလွန်ပါလား...။

အတိတ်တပုံကြီးတောင် စွန့်နိုင်သေးတာပဲ
အခုလဲ ကဗျာတပုဒ်စာ
ဝေဒနာတွေကို ဝေမျှပါရစေ
ဒီတော့...
နည်းနည်းခံသာမယ်ထင်ပါ့...။။

1 comment:

ခေါင်ခေါင် said...

ကိုယ့်ရဲ့ဝေဒနာတွေကနေ..
အဆန်းသစ်ဆုံးစကားလုံးတွေ
အလတ်ဆတ်ဆုံးဝေါဟာရတွေ
အရဲရင့်ဆုံးကာရံတွေနဲ့..
ရာဇ၀င်တွင်မယ့် ကဗျာတွေဖော်ထုတ်ရေးသားနိုင်ပါစေ..။

ရင်ထဲရောကက်အောင် ရေးတတ်ပါတယ်။
အားပေးလျက်..
ခေါင်ခေါင်

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။