Friday, November 12, 2010

ဒုက္ခက ယုယတတ်သေး

ဖိနပ်ကလေး တဖက်
သွေးစက်တွေ ပေလို့
ဘဝပျက်နေပုံ...
ရေစိုပြီး ချမ်းတုန်နေတယ်
စိုစိုထိုင်းထိုင်းနဲ့
ပိုင်းပိုင်းဖြတ်မခံရဘို့
သို့မဟုတ်
မိတ်ဘက် ဖိနပ်တဖက် ပြန်ရဖို့
ငိုကြွေးမြည်တမ်း နေလေရဲ့...။

ဒီဆောင်းတွင်း
ကဆုန်ဆိုင်းပြေးဝင်လာတဲ့
လေရိုင်း၊ လေပွေ
ရိုးကွဲမတတ်အောင်
အားခဲရလွန်းလို့
နှုတ်ခမ်းဖျားမှာ သွေးစွန်းနေလေပြီ
အံကြိတ်ရလွန်းလို့
မေးရိုးတွေလည်း တထောင်ထောင်
အကာအကွယ်ဆိုလို့
ပေရေစုတ်ပြတ်နေတဲ့
စွပ်ကြယ်တထည်သာ...။

မှက်...ခြင်...ယင်
သူတို့က ချစ်ခင်စရာပါ
သွေးစုပ်ပေမဲ့ ဝရုံ
အသားစားပေမဲ့ တော်ရုံ
ဆာပြေရုံပဲ
ဒီထက်ကဲ မလွန်ကျူးဘူး
သူငယ်ချင်းမှ မရှိတာ
အဖော်ဟာ သူတို့ပေါ့
မိဘမှမရှိတာ
ကြင်နာစရာဟာ သူတို့ပေါ့
ချစ်သူမှမရှိတာ
တွယ်တာစရာဟာ သူတို့ပဲပေါ့၊
သူတို့နဲ့ ငါက
ဒီဂနိုင်ထဲမှာ
ငါ့မျက်လုံး မမှိတ်ခင်အထိ
အဖော်ပြုနေတဲ့ မိတ်ဘက်ပါ...။

ငါ့မျက်လုံးအစုံ
အာရုံဟာ မှုန်ရေဝါး
နှင်းစက်များ တဖောက်ဖောက်
ဒီသန္တိအေးချက်က ရက်စက်တယ်
တသက်မယ် မကြုံဖူးရ
ဒုက္ခဆိုတာလဲ
မဖိတ်ခေါ်ပဲ ရောက်တတ်ကလား
ရွှေပေါ်မြသားတင်တဲ့ ဘဝက
အားအင်ကုန် ပုံကျသွားတော့
ဟော...
လာပြီးဗျား ဒုက္ခ
တဘဝစာ
...........
...........
...........
မျက်လုံးအမှိတ်မှာ...။

1 comment:

KLNG said...

ခံစားသွားပါတယ်

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။