Thursday, July 1, 2010

ဒုက္ခလုတဲ့ လူ့ဒုက္ခ

ကမ္ဘာမြေ
ဗဟိုချက်မ
အစမှ အဆုံးထိ
သိဉာဏ်ရှိ လူသားတို့ရဲ့
ဖောက်လွဲတဲ့ ငါတကောတို့ကြောင့်
ရင်ဘတ်စည်တီး
မြည်ဟီး ငိုညဉ်းသံတို့ကို
မကြားလေရော့သလား...။

သမုဒ္ဒရာ
ခက်မသုံးဖြာမှ
ပင်လယ်ပြာအဆုံး
တိုးတက်တဲ့ လူသားတို့ရဲ့
လောဘဦးဆောင်တဲ့
နေ့တဓူဝတို့ကြောင့်
ကရုဏာမဲ့
လှိုင်းဂယက်တို့
သက်ပြင်းချသံကို
မကြားလေရော့သလား...။

ညစ်ဆိုး ပုပ်သိုး
အကျင့်ပျက်မှုမျိုးကို
သက်မဲ့တို့ပင် မလိုလား...။

လောဘသား
မောဟများ
ဒေါသပွား
ငါတို့လူသား
ဉာဏ်ကစား ဖောက်ပြားလျှက်
နင်း, ခြေ, ဖျက် ချောက်ခြားလျှက်
ခိုး, လု, ဝှက် ကျင့်ပျက်လျှက်...။

ဘုရားရှိလျှက်
တရားမသိသူတွေ
ဘုရားလည်းမရှိ
တရားလည်းမသိသူတွေ
ဗာလ, အန္ဓ, အမနုဿတွေ
ဒူဝေဒူဝေဒူဝေ
ဒုက္ခသံသရာမှာ
ခံကြလေဦး...။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။