Sunday, July 21, 2013

အလေးပြုပါတယ်

ပြုတ်ပြုန်းမျှ သဲဗွေဆိုင်
လဲခွေယိုင် ညှိုးငယ်
မြဲစေတိုင် လွမ်းကြတယ်
တမ်းတသမှန်းရွယ်။
မျက်ရည်သွန် ချုံးချုံးချလို့
အုံးအုံးမျှ ငိုငြီးရှိုက်ဖွယ်။

တိုင်းအနှံ့ တပြည်လုံးဝယ်
မကြည်ငြှိုးမှိုင်တယ်။
ပြည်ချစ်တုံး ဇာနည်မျိုးတို့
စာဂီသုံး ကြိုးပမ်း။
ကျွန်အတွင်း လွတ်ဝေးရစေဘို့
စွန့်ပေးကြ သက်သွေးမခမ်း။

ထောင့်သုံးရာ့ လေးဆယ့်ခွန်မယ်
ဇာနည်မွန် ဝန်ကြီးများတို့ရယ်
ယမ်းငွေ့ကြား သက်စွန့်ဆိုးရဲ့
တက်ညွန့်ကျိုးခဲ့။
တက်လူတွေ မေ့စေနဲ့ကွယ်
ဂါရဝေ ဦးညွတ်ကြလေး။

အာဇာနည်နေ့ ဒို့မမေ့

လွမ်းစဖွယ် အတိတ်ကြောင်းဟာမို့
မမေ့ကောင်းပါဘူး။
ဥဒေါင်းတို့ ကျူးရင့်သာယာ
မြူးစဉ်ခါ တွေးလို့စိတ်ကူး။

မျိုးရိုးနှင့် ဂုဏ်တင့်သူမို့
ဘုံဆင့်ထူ တထူး။
ကြုံလင့်သူ များတကာတို့မှာ
ကြွားလို့သာ ဆင့်ကဲ။
စေရာသွား ထားရာနေကြလျှင်
နွားပမာ ဖြစ်ကြမှာပဲ။

ကံမှိန်လို့ နန်းမှောက်ပေမယ့်
လမ်းပြောက်ခါ ကျွန်အဖြစ်မှ
နွံမနစ် ကုန်းထပေရှာ
ရုန်းကြွလေတာ။
ဇာနည်တို့ ကြိုးကုတ်ပေလျှင်
တို့အပြေ လွတ်လပ်ပြီပေါ့လေး။
မွန်မြတ်သည့် ဇာနည်တွေကို
ဂါရဝေ ဦးညွတ်ကြပေါ့လေး။

Wednesday, April 3, 2013

စိမ်းလဲ့ညိုပြာ ပဒုမ္မာ

စိမ်းလဲ့ညိုပြာ ပဒုမ္မာ။
မြင်စမှာပင်၊
ဘဝင်ပီတိ၊ ဂွမ်းဆီထိသို့၊
တမိလှိုက်ဖို၊ ရင်ပျိုပျိုဝယ်၊
ထိုထိုဤဤ၊ လဲ့လဲ့ကြည်ပြီး၊
စချီဦးမှာ၊ ချစ်ကြင်နာမိ၊
သို့ပါသော်လည်း၊ ချုပ်တည်းတုပ်နှောင်၊
သရုပ်ဆောင်ကာ၊ စိတ်မှာမမေ့၊
သိုသိပ်ရလည်း၊
တွေ့ပင်တွေ့မြဲ တွေ့ချင်ဆဲ။
 
စိမ်းလဲ့ညိုပြာ ပဒုမ္မာ။
ခင်စမှာပင်၊ 
စိတ်တွင်နှိုင်းရှိ၊ တိုင်းမသိမျှ၊ 
ပြီးပြည့်ချမ်းသာ၊ ရွှင်လန်းကာဖြင့်၊
သတ္တာလောက၊ သိမ်းပိုက်ရပြီး၊
နန်းမ ရဝေ၊ ရွှေစည်းစိမ်သို့၊
တဖေနှိုင်းဆ၊ စိတ်တွင်ကြွသည်၊
ထိုမှတဖန်၊ ချစ်ရေငံကို၊
 ပြန်ပြန်သောက်ချင်၊ သို့စင်မျှလည်း၊
ဆုံပင်ဆုံမြဲ ဆုံချင်ဆဲ။
 
စိမ်းလဲ့ညိုပြာ ပဒုမ္မာ။
ကြင်စမှာပင်၊ ရှစ်ခွင်တိုင်းဝယ်၊
ရောင်စုံချယ်၍၊ ရှုဖွယ်မအီ၊
နတ်ပန်းချီသို့၊ ရောင်နီချယ်သန်း၊
ဘော်ငွေပန်းနှင့်၊ တခန်းညိုပြာ၊
ရင့်ရူဝါဝင်း၊ တဖြာပြိုးသန်း၊
ကိန်းခန်းတမျှ၊ စုံပြည့်ဝသူ၊
မြမဉ္ဇူသို့၊ ချစ်သူမို့ပါ၊
တသက်လျှာတွင်၊ မဖက်ကြင်နေ၊
သူ့ရင်ခွင်ဝယ်၊ မတင့်တယ်စေ၊
သို့ပေသော်လည်း၊
ချစ်ပင်ချစ်မြဲ ချစ်ချင်ဆဲ။

ငြိမ်းချမ်းပါစေ

သြဘာနိမိတ်ထွန်းတဲ့
ဇမ္ဗူလက်ျာတောင်ကျွန်းဝယ်
လူမျိုး တရာ့တပါးနော်
ရွှင်ပျော်လို့လေ။

ခုတော့ဖြင့် ငြှိုးမာန်ဖွဲ့ကြ
နင်ပဲငဆ ငါသာလျှင်ငါ
ငါကိုထိပ်မှာထားပေါ့လေ
သွေးမြေခ ရဲနီနီ။

အိုအဆွေ
အသက်တွေဟာ တိုလှပေါ့
အမုန်းတွေ သွေဖယ်ကြပြီး
အပြုံးတွေ ဝေဖြာရစ်အောင်
လုပ်ဆောင်သင့်ပြီ။

ပမာဒတရား အစဉ်ထား

အဝိဇ္ဇာ မှောင်ဖုံးလို့ရယ်
လောဘ ဒေါသတွေကြွယ်
အာဃာတ မာန်မာနတွေနဲ့
ငြှိုးမာန်တွေဖွဲ့။

မြတ်ဗုဒ္ဓလမ်းညွှန်ပြသည်
ခန္တီကို လက်ကိုင်ထားပါလို့
မေတ္တာနဲ့ ကရုဏာကွဲ့
ဥပေက္ခာတဲ့လေး။

ဗြဟ္မစိုရ်တရား
အစဉ်ထားလို့ရယ်
အကြင်နာဆပွားကာဖြင့်
ထာဝစဉ်ချစ်ခင်လို့ပင်
သတိဝင်ဉာဏ်ယှဉ်ဖို့
ရွှေပြည်နိဗ္ဗာန် မစံခင်မှာပင်
ပမာဒတရားတော်ကိုကွယ်
ဟောဖော်ခဲ့သေး။

Saturday, March 30, 2013

ရွှေဝယ်ပြည်


နာမည်ကိုကချစ်စရာ
တနင်္သာရီတဲ့ဟေ့
သမိုင်းဆက်ဆက် မြင့်မြတ်ခဲ့
ဘုန်းနဲ့ကံနဲ့ ရွှေဝယ်ပြည် (ပြေ)
ငါမွေးတဲ့မြေ။

တောင်ပိုင်းကနဂါးတွေ
ပင်လယ်ပြာ တောင်တံတိုင်းတွေနဲ့
သီးနှံတွေ ဖြိုင်ဖြိုင်ပေါပါလို့
သဇင်တွေ မြိုင်လို့သာပေ
သည်ဌာနေလှဆုံး။

ရှင်တော်ဘုရား
ထက်ဝယ်ခွေ ဗျာဒိတ်ထားခဲ့တယ်
မည်သညာ ထားဝယ်ပါတဲ့
ဇမ္ဗူမြေ လက်ျာကျွန်း
မြန်မာ့မြေတောင်းစွန်းက
ထွန်းတောက်လို့ဗျိုး။

လေးခင်နှမ

မြင်စမှာပင် ကြင်မိတယ်
လေးခင်တဲ့ မြို့ရဲ့သမီး
တနေ့တခါမှ မမြင်ရလျှင်
ဆွေးရသည့်အင်။

မျက်တော်သာ သင့်ခဲ့ရင်
နေလပင် မမြင်အောင်သာပဲ
ဆင်းရဲမှု သရဖူဆင်
လူပြည်ပင် ငရဲ။

ကောင်းချင်သော်
မနှောင်းခင်မှာပဲ
မေ့ချစ်သူမောင်နေမင်းက
မှန်စွာ လင်းစေခဲ့ပြီပေါ့
လေးခင်တို့ကတော့လေ
ကဲလို့သာပဲ။

Tuesday, March 19, 2013

ရွာအဝင်

ခင်တန်းငယ်ကျော်ပါလို့
ရွာအဝင်လမ်းဆီမှာပေါ့
ကုက္ကိုလ် ပင်ထနောင်းတွေမှာ
ချမ်းမြေ့စရာ။

ထန်းပင်ပျိုတွေက
ဖော်ရွေစွာ ကြိုဆိုပါလို့
ပင်ကျရေ ကြည်ကြည်မြမှာ
သုံးလှည့်ပါတော့လေး။

ဆွေသဟာ
ချကွာအားမနာနှင့်
နှမြူကုန် တမြူရှိပါသေး
ဆေးဖြစ်လို့ ဘေးကင်းတယ်ကွဲ့
အားပေးပြန်သေး။

ဇွဲနဲ့ခဲ

တနေ့တလံသာနော်
လှမ်းကြပါသော်
သည်ပုဂံဘယ်မပြေးနိုင်ဘူး
ပန်းဝင်လို့ခူး။

ဘယ်မြေ ဘယ်နေရာ
ဘယ်စခန်းမှာဖြစ်ပါရ
မှန်းဆရာ ပန်းတိုင်ဦး
တွေးပိုင်ပိုင်လှမ်းမည်။

ပုံပမာ
ဆောင်ကာပြသည်တိုင်း
ဝီရိယာ ဇွဲမာန်ထားလို့ရယ်
မျှော်မှန်းရာ အခြေဆိုက်ပါက
မြူးပျော်ရသည်။

Monday, March 18, 2013

မနောအလှ

တိုင်းရှစ်ခွင် အုံ့ကာမှိုင်းပါလို့
တောင်တံတိုင်းတို့ ညိုပြာပြာ
လျှိုမြောင်စိမ့်စမ်း သွယ်ကာတန်း
လှချက်တွေဆန်း။

တောပန်းတောင်ပန်း မိုးဆန်းပန်းတွေနှင့်
ဂမုန်းဆွေ လျှပ်နွယ်ပန်းရယ်တို့
ဂနိုင်မြေ ပတ်ယှက်ကာသန်း
သြော်… လွမ်းတွေနဲ့သာ ဝေဝေကဲ။

အမှန်ပေ သည်ဆွေလွမ်းတွေကြောင်း
ပြောမလေ ပိုတယ်ထင်ကြပါနှင့်
မနောမြေ ခေါင်ရေကြည်တို့
ပါးအုံ့နီ ပလီတီနှမချောတွေက
ချစ်ကျီစယ် ခွန်းဆိုတုံ့ပုံမှာ
ကွယ်… ဆွေးလို့သာဘဲ။

Wednesday, March 13, 2013

ဖြစ်မြဲဓမ္မတာ


ဘာမှမလို ဘာမှမလာ
ဘာမှမရှိ ဘာမှမဖြစ်
ငါက အသစ်စက်စက်။

ဝင်းလိုကဝင်း၊ ပလိုကပ
ထွန်းလိုကထွန်း၊ လင်းလိုကလင်း
ငါက ငွေစင်လမင်း။

ဖူးလိုဖူး၊ ပွင့်လိုပွင့်
ပျံ့လိုပျံ့၊ သင်းလိုသင်း
ငါက ပန်းပိတောက်မင်း။

သို့သော်...
တဏှာပေမ၊ မှောင်ချဝိဇ္ဇာ
လောဘာဒေါသ၊ မောဟတဖြာ
သူတို့လာလျှင်၊ သည်လူ့အင်မှာ
သစ်, ပင်သော်လည်း၊ ဟောင်းဖြစ်မြဲ၏
မလွှဲရှောင်သာ ဓမ္မတာ။

တိမ်မြူ တိမ်မျှင်၊ မှိုင်းလို့ပင်သာ
တဖြာမှောင်ဖုန်း၊ တိမ်ညစ်မျိုးတို့
ဖုံးကာအုံ့ကာ၊ တားဆီးကာနှင့်
သို့လေခါတွင်၊ ထွန်းပါသော်လည်း
မှောင်မြဲပင်သာ ဓမ္မတာ။

ခူးသူဆွတ်သူ၊ မြတ်နိုးသူတို့
တံချူနှင့်ထိုး၊ ဓားမျိုးနှင့်ချိုင်
အားရနိုင်ဘဲ၊ ပင်ကိုလှဲ၍
ပန်းပိတောက်မင်း၊ မီးသို့ဆင်းမှ
ရွှင်ပြုံးကြည်သာ ဓမ္မတာ။

ထိုကြောင့်
သွေးသည်နိစ္စာ၊ ငါ့ခန္ဓာဟု
ကြမ္မာယွင်းယို၊ ဖြစ်မျိုးစုံတို့
ကလိယုဂ်ခေတ်၊ သည်စံနစ်က
ပြုပြုသမျှ၊ မဖြစ်ရဘဲ
ဖြစ်ဖြစ်သမျှ၊ ပျက်ပါရသည်
ဘယ်သို့ခင်မင် သည်လူ့ခွင်။
ထိုကြောင့်သာပင်၊ ငါသူတပါး
ယောက်ျားမိန်းမ၊ ဆင်းလှလုလု
ဓာတုကလျာ၊ နှုန်းပမာသို့
ထုံးမကွာစေ၊ ချစ်စိတ်ပွေသော်
စက်မပျော် မှိုင်လို့ပါကွယ်။

ခင်ရယ်....
ချစ်၍ပင်သာ မုန်းပါတော့
ဆင့်၍ပင်သာ ချုန်းပါတော့
ဖြစ်၍ပင်သာ သုဉ်းပါတော့။

Tuesday, March 12, 2013

လတပေါင်း

ဆောင်းဟေမာ နှောင်းကာ ပြောင်းပြန်တော့
ကောင်းစေရာ တနွေလောင်းတဲ့ပြင်
ဟောင်းရွက်ဝါ လေအလွင့်မှာ
ခက်သစ်ဝေဖြာ။

မိန်ရာသီ လတပေါင်းမှာဖြင့်
သရဖီ ရွှေအင်ကြင်းရယ်တို့
ချိန်ခါမီ ဖူးငုံပွင့်ကြရှာ
သင်းပါလှ ပျံ့ကြူး။

ဥတ္တရာနှင့်
ငွေသော်တာ ပြည့်ကာထွန်းချိန်မို့
ပျို့မောင်မယ် ကြည်ကြည်ရွှန်းရယ်တို့
သဲစေတီ ကုသိုလ်ပွဲကို
နွှဲပျော်လို့မြူး။

Friday, March 8, 2013

နေဝင်ချိန်

နေရီရီ နီနီစွေးချိန်ဝယ်
ဂဠုန်ချီ တိမ်နဂါးရယ်က
ပုစွန်ဆီ ဖြူပြာလဲ့ရယ်တို့
နတ်ဆေးချယ်သို့။

လုံမငယ် ပျိုတသင်းရယ်က
ဆိုသီချင်း ညံစာစာနဲ့
သံသာသာ နှော့ကာကျူးတာမို့
လွမ်းလို့သာ ပူဆွေး။

ပင်ကျရေ
အမောပြေ တမြူလောက်တော့
မြည်းမကူ မော့ကာသုံးကြတယ်
ဒို့တောရွာ ထုံးစဉ်လာပ
တမ်းတရှာသေး။

Thursday, March 7, 2013

ရွှေစိတ်တော်ညိုနဲ့ကွယ်

လွမ်းရသည်တဲ့ ဆွေးရသည်
တွေးစရှည် ချည်နှောင်ရစ်ပါလို့
အေးဖို့ရည် လွတ်ကာရုန်းသော်လည်း
ဖြေပြေနိုင်ဘဲ။

နှုတ်ခွန်းချို မြွက်ဆိုမတတ်သော်ကြောင့်
ရှက်ပိုအောင် ပြောရက်တယ်လို့
မျက်ထားသို ညိုပါဘဲ
စိတ်ထဲဝယ်ကြည်ပါတော့။

ခွင့်လွှတ်ပါကွယ်
မှန်တကယ် ရည်ရွယ်ပါဘူး
ငွေမေတ္တာ ရှင်သန်ဆဲဟာမို့
ရွှေမျက်နှာ ပြန်လို့ကြည့်လှည့်ပါ
နွဲ့သခင်ကျော့။

Saturday, March 2, 2013

ခက်တာပဲကွယ်


တနေ့တနေ့ တရွေ့ရွေ့ကုန်
နာရီလက်တံ မြန်လှတယ်
စက္ကန့်သံတွေ ညံလှတယ်။

ဆောင်းရောက်တော့လည်း လွမ်းရတယ်
ဆောင်းပြောက်တော့လည်း လွမ်းမိတယ်
နွေပေါက်တော့လည်း လွမ်းရပြန်ပြီ။

ကြင်နာလှည့်ပါ၊ ချစ်လှည့်ပါ
မပြောသာတဲ့အဖြစ်ရယ်ပါ။
ရစ်ပတ်နှောင်တွယ် မေတ္တာနွယ်ကြိုး
ဖြတ်သော်လည်း မပြတ်ချင်
ပြတ်မှာလည်း စိုးမိတယ်ခင်။

ဖြစ်စဉ်တခုလုံးက
ကျေနပ်စရာလည်းမကောင်း
မကျေနပ်လို့လည်း မရပြန်
တခန်းလည်း မရပ်ချင်သလို
ရှေ့ဆက်ဖို့လည်း ကြောက်နေမိ။

အမေးသာရှိ
အဆွေးသာရှိ
ပကတိငါ့အသည်းတွေ
ဆွေးမြေ့ကြွေကျ
အသက်ပင် ဝအောင်မရှူနိုင်တော့။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။