Sunday, September 5, 2010

ငါ့မှာ အချစ်ဟာ ဝေဒနာဖြစ်

အရွယ်ကတူတူ
အသားဖြူဖြူ
မူယာမာယာမရှိ
ပကတိဖြူစင်
မနောရွှင်တဲ့
သူ့ကို...
ငယ်ကပင်ချစ်ခဲ့တယ်...။

တီတီတာတာ
ချိုချိုသာသာ
ပလီပလာနဲ့
ရီစရာစကားကို
ကိုယ့်မှာအတည်မှတ်လို့
ချစ်ဓာတ်တွေ
ပြင်းသထက်ပြင်း...။

ချစ်နိမိတ်တွေဖတ်
ချစ်ဗေဒင်တွေဟော
ချစ်သဘောတွေနှောကာ
သြကာသလောကကြီးက
အရမ်းကိုလှနေတော့တယ်
တာရာတွေ နက္ခတ်တွေ
စုံညီထွန်းလို့
ယှဉ်ပြိုင်ဝန်းလို့ပေါ့
ဒီလိုနဲ့...
ချစ်ခြင်းတွေ
ဖြေမရအောင်
ရစ်ပတ်ခြည်နှောင်ခဲ့ကြတယ်...။

. . . . . . . . .
. . . . . . . . .
. . . . . . . . ....။

နှုတ်ဆက်စကား
တခွန်းများတောင်
ပြောမသွားရှာဘူး
သူဆိုတဲ့...
ချစ်ဦးလေးတယောက်လေ...။

ဟိုအဝေးဝေးမှာ
ရိုးမတွေတားထားတယ်
ပင်လယ်ခြားထားတယ်
မတွေ့တာတောင်ကြာပြီ
ကာလတွေ အလီလီပေါ့
နှစ်တွေတော့ညောင်းပြီ
ချစ်တွေများ နှောင်းပြီးလား
ကိုယ့်ထံပါးမှာ
အခြား... ဘယ်သူမှမရှိ...။

ကာလတွေ ထုတောင်းတော့
ဘဝင်များလည်းထွေ
စိတ်တွေကားလေလို့
ရွက်ကြွေတောမှာ
လေနှင်ရာလွင့်ပါရင်း
သြော်...
အချစ်ဆိုတာဟာ
လွမ်းချင်းများသာ ပါတကား
တမ်းချင်းများသာ ပါတကား...။

2 comments:

Anonymous said...

နှုတ်ဆက်စကား
တခွန်းများတောင်
ပြောမသွားရှာဘူး
သူဆိုတဲ့...
ချစ်ဦးလေးတယောက်လေ...။

ရက်စက်လိုက်တာနော် နှုတ်ဆက်စကားလေတောင် မပြောသွားဘူးလား... တော်တော်ဆိုးတဲ့ လူဆိုးပဲ... :) ဒီကဗျာလေးက ခံစားပြည့်နဲ့ ရေးထားသလိုပဲ ဂျူးလိယက်တော့ သဘောကျတယ်

Anonymous said...

ဟိုအဝေးဝေးမှာ
ရိုးမတွေတားထားတယ်...တဲ့
အဲဒီဝေါဟာရလေးထွေးအန်ပြနိုင်ဖို့
ညီလေးရင်ဘတ်ကြီး ဘယ်လောက်တောင်
တောထူခဲ့လဲဆိုတာ ကိုကြီး နားလည်မိရဲ့

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။