Saturday, August 14, 2010

တောင်းဆိုချက်

အိုသခင်...
အစဉ်သဖြင့် ကြည်လင်မြဲ
ဝေဟင်မှ တိမ်လိပ်တိမ်စွယ်တို့ကို
အပြစ်မြင်မိသော
ငါ၏ မျက်လုံးအစုံအား
အလင်းအားများ
တိုးပွားအောင် သနားတော်မူပါ...။

အိုသခင်...
အစဉ်သဖြင့် သင်းပျံ့မြဲ
အရောင်စုံ မာလာအငုံအဖူးတို့ကို
ငြိုငြင်မိသော
ငါ၏ စိတ်ဘဝင်ကို
ဖြူစင်ဝင်းပအောင်
သနားသဖြင့် သန့်စင်လှည့်ပါ...။

အိုသခင်
အစဉ်သဖြင့် ကြည်လင်မြဲ
တောင်စဉ်ချောင်းကလေးအား
ဒေါသပွားမိသော
ငါ၏ နှလုံးသွေးတို့ကို
ခန္တီတရားထားနိုင်အောင်
ဓမ္မတေးများဖြင့် ဆေးကြောပစ်ပါ...။

အိုသခင်
ကျေးငှက်တို၏ တေးသံအား
ငါ နာကြားခွင့်ရလို၏
ဖြစ် တည် ပျက်
ခြားရဟတ်မောင်းတံကို
စက္ကန့်မျှ ရပ်နားပေးပါ
ဘဝ၏ အရသာကို ရှာဖွေပါရစေ
လောက၏ အလှကို ဖော်ထုတ်ပါရစေ
သဘာဝ၏ ဖြူစင်ခြင်းကို ချီးမွမ်းပါရစေ
စက်ဆုတ်ဖွယ် အတ္တဘောကို မြုပ်နှံပါရစေ
သနားသဖြင့်
မေတ္တာနှင့် ဆောင်ကျဉ်းပေးပါ... သခင်။

1 comment:

zue said...
This comment has been removed by the author.

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။