ဘာမှမရှိ ဘာမှမဖြစ်
ငါက အသစ်စက်စက်။
ဝင်းလိုကဝင်း၊ ပလိုကပ
ထွန်းလိုကထွန်း၊ လင်းလိုကလင်း
ငါက ငွေစင်လမင်း။
ဖူးလိုဖူး၊ ပွင့်လိုပွင့်
ပျံ့လိုပျံ့၊ သင်းလိုသင်း
ငါက ပန်းပိတောက်မင်း။
သို့သော်...
တဏှာပေမ၊ မှောင်ချဝိဇ္ဇာ
လောဘာဒေါသ၊ မောဟတဖြာ
သူတို့လာလျှင်၊ သည်လူ့အင်မှာ
သစ်, ပင်သော်လည်း၊ ဟောင်းဖြစ်မြဲ၏
မလွှဲရှောင်သာ ဓမ္မတာ။
တိမ်မြူ တိမ်မျှင်၊ မှိုင်းလို့ပင်သာ
တဖြာမှောင်ဖုန်း၊ တိမ်ညစ်မျိုးတို့
ဖုံးကာအုံ့ကာ၊ တားဆီးကာနှင့်
သို့လေခါတွင်၊ ထွန်းပါသော်လည်း
မှောင်မြဲပင်သာ ဓမ္မတာ။
ခူးသူဆွတ်သူ၊ မြတ်နိုးသူတို့
တံချူနှင့်ထိုး၊ ဓားမျိုးနှင့်ချိုင်
အားရနိုင်ဘဲ၊ ပင်ကိုလှဲ၍
ပန်းပိတောက်မင်း၊ မီးသို့ဆင်းမှ
ရွှင်ပြုံးကြည်သာ ဓမ္မတာ။
ထိုကြောင့်
သွေးသည်နိစ္စာ၊ ငါ့ခန္ဓာဟု
ကြမ္မာယွင်းယို၊ ဖြစ်မျိုးစုံတို့
ကလိယုဂ်ခေတ်၊ သည်စံနစ်က
ပြုပြုသမျှ၊ မဖြစ်ရဘဲ
ဖြစ်ဖြစ်သမျှ၊ ပျက်ပါရသည်
ဘယ်သို့ခင်မင် သည်လူ့ခွင်။
ထိုကြောင့်သာပင်၊ ငါသူတပါး
ယောက်ျားမိန်းမ၊ ဆင်းလှလုလု
ဓာတုကလျာ၊ နှုန်းပမာသို့
ထုံးမကွာစေ၊ ချစ်စိတ်ပွေသော်
စက်မပျော် မှိုင်လို့ပါကွယ်။
ခင်ရယ်....
ချစ်၍ပင်သာ မုန်းပါတော့
ဆင့်၍ပင်သာ ချုန်းပါတော့
ဖြစ်၍ပင်သာ သုဉ်းပါတော့။
1 comment:
တိမ်မြူ တိမ်မျှင်၊ မှိုင်းလို့ပင်သာ
တဖြာမှောင်ဖုန်း၊ တိမ်ညစ်မျိုးတို့
ဖုံးကာအုံ့ကာ၊ တားဆီးကာနှင့်
သို့လေခါတွင်၊ ထွန်းပါသော်လည်း
မှောင်မြဲပင်သာ ဓမ္မတာ....
Post a Comment