ငါ့မှာလေ မြင်ခွင့်ရှိရဲ့သားနဲ့ မမြင်ရတာ
ငါ့မှာလေ ကြားခွင့်ရှိရဲ့သားနဲ့ မကြားရတာ
ငါ့မှာလေ သိခွင့်ရှိရဲ့သားနဲ့ မသိရတာ
ဒါဟာ ငါ့ကံကြမ္မာလား
ဒါကို ငါဖန်တီးတာလား
ဒီလောက်သင်းပျံ့မွေးကြူနေတဲ့ ပန်းကလေးတွေ
ဘယ်လို ဖူးပြီး ဘယ်လိုပွင့်လိမ့်မလဲ
ဘယ်လောက်လှလိမ့်မလဲ
မြင်စမ်းချင်ဘိတယ်။
ဒါဟာ သဘာဝပဲ မဟုတ်လား
မမြင်ရရင် မြင်ချင်တယ်
မကြားရရင် ကြားချင်တယ်
မသိရရင် သိချင်တယ်
ဒီ မြင်ချင်၊ ကြားချင်၊ သိချင်စိတ်တွေဟာလေ
ဘယ်လိုတားတား မရပဲလား။
ဒီလို ဖူး၊ ဒီလိုပွင့်
ဒီလို သင်းပျံ့မွှေးကြူပြီး
လောကကြီး လှပတယ်
နေချင်စရာကောင်းတယ်ဆိုရင်
ပိုပိုပြီး လှအောင်
နေချင်အောင်
ရေလောင်းပေးချင်
ပေါင်းသင်ပေးချင်တာပေါ့။
ခက်တာက ဒီလိုအတွေးတွေကလေ
မမြင်ရ၊ မကြား၊ မသိရတဲ့သူကမှ
မြင်ချင်၊ ကြားချင်၊ သိချင်ပြီး
လောကကြီးကို လှပစေချင်တာပါပဲလား။
အိုကွယ်…
ဒါကို ဝဋ်ကြမ္မာလို့ဆိုရင်
ဘယ်ဝဋ် ဘယ်ကြမ္မာဆိုးတွေကြောင့်
ဒီဝဋ် ဒီကြမ္မာဆိုးတွေကို
ရလာတာပါလိမ့်… လို့
သိချင်ပြန်တယ်… အိုကွယ်။
No comments:
Post a Comment