Wednesday, March 30, 2011

မပေါက်တဲ့ နဖူးလည်း မထူးပါ

ကံမကောင်း အကြောင်းမလှလို့
ငါတို့ ထုထောင်းခံရတယ်
ဆုတောင်းလည်း မပြည့်တဲ့ဘဝ
နောက်ကြောင်းမလှတာ ဆန်းသလား
ပင်ပင်ပန်းပန်းနဲ့ ရှိုက်သံတွေ
တရားခံလည်းပျောက်ဆုံး
မှန်ကန်တာတွေ မှား
နီးစပ်မှုတွေ ခြားနား
မြင့်မြတ်မှုတွေ ကားကြိုးတက်
သက်သက်မဲ့ ပျက်ဖို့ လူဖြစ်လာသူ
ဘယ်လို လူလူသူသူ ဖြစ်မှာလဲ
တကယ်တော့ တူတူနူနူပါပဲလေ
ဆူဆူဖြိုးဖြိုးတွေက ဟန်ဆောင်ကောင်း
ပူလောင်မှု ထီးကိုဆောင်းလို့
နောက်ကြောင်းပြန်လည်း
လှိုင်းက ထန်မြဲထန် သန်သန်မာမာကြီး...။

Friday, March 25, 2011

ဧကရီမရှိလို့ ဝေရာမဏိ

ညသည် အလင်းရောင်ငံ့လျက် မဟူရာတို့ကို နက်သထက် နက်စေ၏။  ငါ၏ ခဏငယ် စက်ဝိုင်းဝင်ရိုးအသံတို့ကား  နေဝင်မိုးချုပ်သည်မှစ၍ ရောင်နီမလာခင်အထိ စုန်းစုန်းမြုပ် ပျောက်ကွယ်ကာ  ဆိတ်ညိမ်လျက်ရှိ၏ သူသည် ညကို မုန်း၏၊ နေ့ကို ခါးသီး၏ သူ့ကိုယ်သူ သည်ဘဝတွင်တော့ ပီဘီ သမားတယောက် မဖြစ်တော့ဟု မှတ်ယူဟန်ရှိလေ၏။

ငါသည် နေ့ကိုငံ့လင့်လျက် ညကိုဖြတ်သန်း၏ နာရီပြန် နှစ်ချက်အထိ ယောက်ယက်ခတ်နေသည့် ငါ၏ စိတ်အစဉ်တို့သည်ကား ငြိမ်သက်ခြင်းတခဏကို မမက်မောမိသည်မှာ ကြာချေပြီ။ ခါးသက်သော ကာဖီကို စွဲမက်သည့် အချိန်မှစ၍ သာယာခြင်း လျဉ်းမျှမရှိသော ငါ၏ဘဝသည် ပို၍ပင် စက်ဆုတ်ဖွယ် ဖြစ်လာတော့၏။ သို့သော်လည်း စွဲမက်ပြီးသော ထိုရသတဏှာကား ဖားကို မြွေဖမ်းသကဲ့ တန်းတန်း စွဲမိပြီတကား။

ငါသည် စနေသား ဖြစ်၍လည်းကောင်း၊ မရဏဖွား ဖြစ်၍လည်းကောင်း စိတ်အစဉ်တို့သည် ခက်ထန်၏၊ မာကျော၏၊ ရိုင်းစိုင်း၏၊ ပြင်းပျ၏၊ ရင့်သီး၏။ သို့သော်လည်း တက်လွယ်ကျလွယ်၏။ ထို့သို့ တက်လွယ်ကျလွယ်မှုကို မနှစ်မြို့ပါချေ။ မနှစ်မြို့လေတိုင်းလည်း ဒေါသလှိုင်း ခက်ထန်လာတတ်သည်မှာ ဖန်တရာမကပြီ။

ငါသည် ကြမ်းတမ်းမာကျော ရိုင်းစိုင်းတတ်သော်လည်း မွေးပျံ့သော ပန်းရနံ့တို့ကို နှစ်သက်မက်မော၏။ နူးညံ့ပျော့ပြောင်းသော အလှဧကရီတို့ကိုလည်း ချစ်ခင် မြတ်နိုး၏။ မွေးပျံ့ကြိုင်သင်းသော ပန်းမာလာတို့သည် ရှားပါးချေပြီ၊ ချစ်ခင်မြတ်နိုးဖွယ် ဧကရီတို့ကား သည်လောကတွင် လုံးဝပျောက် ကွယ်သွားချေပြီ။ ထိုကြောင့်ပင် ငါသည် သည်ဘဝတွင်တော့ လက်လျှော့ရပေဦးမည်။ ညသည် မှောင်သထက်မှောင် မည်းသထက်မည်း နက်သနက် နက်နေပေဦးမည်။

Friday, March 18, 2011

ကျနော့် ချစ်သူစာရင်း


ဟေ့၊ ဘယ်သူလဲလို့ လေးတွဲ့တွဲ့အသံနဲ့ မေးတတ်တဲ့ ဘွားဘွားကြီးကို ချစ်တယ်။
လူကြီးတွေ စကားပြောနေတယ် မဆူကြနဲ့လို့ ထထငေါက်တတ်တဲ့ ဘိုးဘိုးကြီးကို ချစ်တယ်။
မလေး၊ ငါ့မြေးကြီး ထွားလာလိုက်တာ ကြည့်စမ်းလို့ ပြောပြီး ပါးကို လက်နဲ့ဆွဲတတ်တဲ့ အဘွားကိုချစ်တယ်။
လိမ်လိမ်မာမာနေ၊ စာကြိုးစား၊ ရန်မဖြစ်နဲ့လို့ ဆုံးမတတ်တဲ့ အဘိုးကိုချစ်တယ်။
ဘိနပ်ပျောက်ရင် ရိုက်တတ်တဲ့ မေမေ့ကိုချစ်တယ်။
ကျောင်းပြေးရင် အရိုက်ကြမ်းတဲ့ ဖေဖေ့ကို ချစ်တယ်။
ကျနော့်မုန့်ကို လုစားတတ်တဲ့ အစ်ကို့ကို ချစ်တယ်။
ကျနော့်မုန့်ကို ခိုးစားတတ်တဲ့ ညီလေးကို ချစ်တယ်။
ကျနော်ကြွေးမှ စားရရှာတဲ့ ညီငယ်ဆုံးလေးကို ချစ်တယ်။
အားအားရှိ နင်းခိုင်းတတ်တဲ့ ဒေါ်ကြီးကို ချစ်တယ်။
မရတဲ့ ပုစ္ဆာကိုမှ မေးတတ်တဲ့ ဒေါ်လေးကို ချစ်တယ်။
အင်္ကျီကျယ်သီးပြုတ်နေရင် မကြိုက်တဲ့ ဦးကြီးကို ချစ်တယ်။
ဆေးပေါ့လိပ် ဝယ်ခိုင်းတတ်တဲ့ ဦးလေးကို ချစ်တယ်။
ကျောင်းစာမရရင် ထိုင်ထလုပ်ခိုင်းတဲ့ ကျောင်းအုပ်ဆရာမကြီးကို ချစ်တယ်။
ဘာစားချင်လဲ ကြိုက်တာပြောလို့ သဘောကောင်းတတ်တဲ့ သူလေးကို ချစ်တယ်။
ကောင်းတူဆိုးတူ ရောင်းရင်းသူငယ်ချင်းတွေကို ချစ်တယ်။

အခုတော့
ဘိုးဘိုးကြီး၊ ဘွားဘွားကြီးတို့ မရှိတော့ဘူး..။
ဘိုးနဲ့ ဘွားတော့ လွမ်းနေရှာမှာပဲ…
အဖေနဲ့ အမေတော့ စိတ်ပူနေမှာ သေချာတယ်…။
ဒေါ်ကြီးက တခြားရွာမှာ အိမ်ထောင်ကျလို့၊ ဒေါ်လေးကတော့ ရုတ်တရက်ဆုံးသွားတယ်…။
ဦးကြီးကတော့ တခြားရွာမှာ ကြီးပွားလို့၊ ဦးလေးကတော့ ဆိုးတုန်းမိုက်တုန်း…။
အစ်ကိုက တိုင်းတပါးမှာ စီးပွားရှာ၊ ညီငယ်က အမေ့ကိုကူ၊ ငယ်ဆုံးလေးက ကျောင်းနေအရွယ်…။
ဆရာမကြီးကတော့ အမြဲတမ်းမေးတယ်တဲ့..။
ရွာဘုန်းကြီးကတော့ ပြန်မလာနဲ့တဲ့…။
သူလေးကတော့ ဘယ်ချိန်ပြန်လာမလဲတဲ့…။
ရောင်းရင်းတွေကတော့ အိမ်ထောင်ကျသူကျပေါ့…။

Thursday, March 17, 2011

ဥတု

နွေဆိုပေမဲ့
ချောင်းရိုးကလေးက ကြည်ကြည်
ရွက်ဝါလေးတွေ စီရီမျော
ဒိုက်သရောနဲ့ မြုပ်ချီပေါ်ချီ
ဥသြလေးက တေးကိုသီ
လေပြည်နဲ့ ပုလွေသံ
အေးအေးနဲ့ ချိုချိုညံ
ခြေသံညင်းညင်း လာတဲ့နွေ...။

မိုးဆိုရင်တော့
ချောင်းရိုးကလေး ပြည့်လို့လျှံ
ရေစီးသံက ပြင်းပြင်း
ကိုတံငါ ရွှေဗျိုင်းနဲ့
သံစာစာ ကြိုးကြာတို့
အခါခါ ငါးရှာသော်လည်း
မရဘဲ စိတ်လျှော့ကာပြန်
တိမ်တမန် မှိုင်းညို့လာပြီ
တချီတမ ရွာလိုက်ပါမိုး...။

ဆောင်းကျတော့
ချောင်းရိုးကလေးက တည်ငြိမ်
သင်ဖြူးဖျာလိုပေါ့
မြောက်လေသွေးလိုက်တော့
ယီးလေထတဲ့ ကြက်ခွပ်တွေ
နေခြည်ကလောင်း
ကြာဖူးငုံ ပွင့်အာလို့
ရိုးတံတို့ရှည်ရှည်
ဖြူနီပြာ ပဒုမ္မာတွေနဲ့
အိနြေ္ဒကြီးတဲ့ ဆောင်း...။

သုံးဥတု သုံးရာသီ
လှကိုယ်စီနဲ့
နွေရာသီ ရွက်ကြွေတော
ဥသြငှက်တို့ ပလီတီ
မိုးရာသီ ဗေဒါသိုင်း
ရွှေဗျိုင်းနဲ့ ကြိုးကြာ
ဆောင်းမှတော့ နှင်းရည်လူး
မြောက်လေကဖြူးလို့ပါ
လှတွေက ထူးတာကြောင့်
ရူးလောက်စရာ
ဗမာ့ရာသီ ဗမာ့ဥတုတွေ...။

သန်းခေါင်

လကိုတိမ်ကွယ်
ညသန်းခေါင်ဝယ်
လင်းရောင်မရှိ
လရောင်မလင်း
တိတ်ဆိတ်ခြင်းကြီးစိုးနေ
ပုစဉ်းရင်ကွဲအသံ
ပုရစ်တို့အသံ
ညံစွာသဲသဲ
မည်းမည်းမှောင်မှောင်
ကြယ်ရောင်ပြိုးပျက်
သန်းခေါင်းထက် ညဥ့်နက်ချိန်
ဆိတ်ငြိမ်နေစဉ်
ဆွဲဆွဲငင်ငင်
အူသံတို့ ညံနေတုန်း
ငါ... တရေးနိုးခဲ့ပြီ
အိပ်မက်က ကြောက်ဖွယ်
ကြောက်ဖွယ် မမက်ဖွယ်မက်တွေ
သက်ပြင်းတွေချ
ချွေးတွေကျလို့
နှလုံးတုန်တုန်
ရင်ခုန်ခုန်ဖြင့်
ကျောမလုံသောငါ
ဗျာများတဲ့ည
တော်ပါ နောက်ထပ်မရချင်တော့...။

Wednesday, March 16, 2011

ရင့်ချိန်

ပန်းတပွင့် ရော်ရင့်ချိန်မှာ
အခါသင့်လေက အားကောင်းလာ
နှုတ်မဆက်အားပဲ ကြွေရရှာတော့
စိမ်းကားခြင်းတို့ နှစ်ဆတိုး
ငါစိတ်ဆိုးတော့ ဘာထူးမလဲ
ပွင့်ချိန်ပွင့်ပြီး ရင့်ချိန်ရင့်
ကြွေချိန်ကျလို့ ကြွေတာမဟုတ်လား...။

Friday, March 11, 2011

ချစ်ဦးသူ

ချစ်ဦး
သွားတက်ကလေး ပေါ်ရုံ
ပါးချိုင့်ကလေး ခွက်ရုံ
ဖူးပွင့်စ စံပယ်ငုံလေးလို
ပြုံးချိုချိုလေးကို မေ့မရ...။

ချစ်ဦး
မျက်လုံးကလေး မှိတ်ရုံ
မျက်ခုံးကလေး ပင့်ရုံ
ဖြူလွှလွှ ပန်းချီငိုခိုင်လေးလို
ကပိုကရိုအကြည့်လေးကို တသသ...။

ချစ်ဦး
မခွဲတမ်းနော်လို့
လက်လှမ်းပေးတယ်
ဖြူလွှလွှ လက်ချောင်းသွယ်လေး
တဖွဖွ မဝတမ်းနမ်းမိတယ်
တဘဝလွမ်းလောက်ပါရဲ့...။

ချစ်ဦး
မောင့်ရင်ခွင် သိပ်နွေးတာပဲ
ချွေးစက်ကလေးက မွေးတယ်
တသက်ရယ် ဘယ်ခါမခွဲ
ကွန်းခိုရာလို့လဲ မှတ်မယ်
ယုကို အမြဲထွေးပွေ့ထားနော်...။

ချစ်ဦး
သိမ်းကျုံးလို့ သုံးဆောင်ပါ
အပြုံးမပျက် စိတ်ရှည်မယ်
နေလဲမခွဲ သေလဲတူတူ
သွေးယူယူ သားယူယူ
အသဲကိုလဲ လှူပါ့မယ်...။

ချစ်ဦး
ငွေလရောင်အောက်မှာ
ဝန်းကျင်က လေတွေဖြူး
ဂေါ်သဇင်က မြူးလာပြန်
ချစ်ဆူးစိုက်တဲ့ဒီည
နုတ်လည်းမရ ထုတ်မရ...။

ချစ်ဦး
နဖူးပြင်ပြင်မှာ နံ့သာတင်လို့
ငွေချည်နု ယုရဲ့ကေသာ
လေပြေမှာ ယိမ်းကလို့
တသသ ဖယ်ကာဖယ်ကာ
နမ်းဖွဖွ အသနား
ပန်းကလေးမှာ စွင့်စွင့်ကား...။

ချစ်ဦး
ယုရယ် ချစ်တယ်လို့ မပြောရက်
ဒီ့ထက်ပိုတယ်
ကြင်နာတယ် မဆိုအား
လိုတာများ ရှိမလားလို့
ဆထက်ကဲ ထောင်သောင်းမက
ဘယ်သို့မှ မခွာရက်ပါ...။

ချစ်ဦး
ခုတော့ တပြည်ရွာ
ချစ်ဂါထာတွေမှား
အနာအဆာတွေကများ
တောင်ကမ်းပါးယံတွေက တား
ပင်လယ်ခြားကလို့
ကမ္ဘာ့ရွာခေတ်ရောက်မှ
ငါတို့က ဝေးရတာ
ကံကြမ္မာယိုးမယ်ဖွဲ့ရင်
ကိုယ့်တာဝန်မဲ့တဲ့ပြင်
သစ္စာမခိုင်လေသလား
မေတ္တာယိုင်လေသလား
တွေးမှားက ဝင်ဦးမယ်
ယုရယ် မထူးဇာတ်က
ဘယ်လိုခင်းရသလဲ...။

Thursday, March 10, 2011

ဗိုလ်မိုးကြိုးကို ကြောက်ပါတယ်

တစိတ်၊ တပြား၊ တပိုင်းနဲ့
ဒေါင်ချာစိုင်းနေတဲ့ငါ
မျက်လုံးဝါဝါနဲ့ ငါ့ကိုကြည့်ကြတယ်
အရူးလား၊ ဘီလူးလား
အာ... မဟုတ်ဘူး
ဒီကောင် ရေခြင်ကိုက်နေတာ...။

မှားပါပြီ မှတ်ပါပြီ
ကိုယ်လက်မအီမသာ
နံရံတွေက ပတ်လည်ချာ
လမ်းမကြီးက မိုးပေါ်ရောက်
ငါကလည်းဇော်ထိုး
တော်တော်ဆိုးတာပဲ
နောက်ဆို လုံးဝပဲ
အာ... မဟုတ်သေးပါဘူး
ငါ... မုသားသုံးပြန်ပြီ...။

"ဂျိမ်း" မိုးခြိမ်းသံ
ဒိန်းခနဲ ရင်တွေတုန်
ဖြန်းခနဲ ကြက်သီးထ
ငါမပါဘူးနော်
မှန်တာပြောသစ္စာ...။

အချစ်ကင်ဆာ

နှစ်ကိုယ်တူ ရင်ချင်းထပ်
ပါးချင်းအပ်တဲ့ ဘဝကို
ကျေကျေနပ်နပ် ကျောခိုင်းပြီး
ဆေးလိပ်မီးရဲရဲနဲ့သာ တင်းတိမ်တယ်...။

မင်းကြောင့် ငါ့စိတ်တွေ
ဂယောက်ဂယက်
မငြိမ်မသက် ဖြစ်ဖန်များလို့
အရေထုံနေတဲ့ငါ
ကင်ဆာလည်း မကြောက်တော့...။

မင်းကလွဲလို့ ငါ့ချစ်တွေကို
ဘယ်သူ့ကိုမှ လွှဲမပြောင်းလို
ထိုသစ္စာစကားကြောင့်
ငါခံစားရတဲ့ ဝေဒနာကို
ပိုမိုချစ်တတ်လာတယ်...။

ငါ့ရင်ကိုခွဲ
ငါ့သဲကိုနှုတ်
ငါ့နှလုံးကိုထုတ်
ငါ့သွေးကိုစုပ်
ဘာလုပ်လုပ်ကျေနပ်တယ်
ကင်ဆာရယ်
ငါ နင့်ကို ချစ်ပါတယ်...။

Saturday, March 5, 2011

မတရားသူကြီးနဲ့ နောက်နေ

တည်ငြိမ်နေတဲ့
ကိုယ်တိုင်လုပ်ပြီး ကိုယ်ပိုင်မဟုတ်တဲ့
တခြမ်းပဲ့နှလုံးသား
ရင့်ကျက်ခြင်း၊ အေးချမ်းခြင်း
ခန့်ငြားခြင်း၊ ထည်ဝါခြင်း
သို့မဟုတ်...
မောက်မာခြင်း၊အေးစက်ခြင်း
ခက်ထန်းခြင်း၊ သွေးကြီးခြင်း
ဝိဝါဒ အယူအဆ
ပညတ်တွေကြား
ငါဟာ...
တုံးအောက်ကဖား
မြုံးမိတဲ့ငါးလိုပဲ...။

လူတွေက
ဘင်လာဒင်နှလုံးသားနဲ့
ငါ့ကို သနားကြတယ်
ဖတ်ဆယ်မရတဲ့
ပျော်ရွှင်မှု သုခအတုတွေ
ဒေါသနဲ့ ပခုံးဖက်ရန်ဖြစ်တတ်တဲ့
သောမနဿအတုတွေ
လွတ်မြောက်နယ်မြေရဲ့
စာမျက်ရာချီတဲ့
ပိတ်ဆို့တားဆီးမှုတွေ
ကိုယ်ကျိုးမဖက်တဲ့ နာဇီတို့ရဲ့
တဖက်သတ် မျိုးချစ်စိတ်တွေ
တာဝန်မယူတတ်တဲ့
Human right ပွဲစားတွေ
မြင်မှားများနဲ့ စဉ်လာမရှိတဲ့
အာရပ်ကမ္ဘာရဲ့ ဟောက်စားတွေ
ဒီကြားထဲ... ငါက
ထမင်းလုံး တစ္ဆေဖြစ်နေရတယ်။

စစ်မှန်တဲ့ အတုတွေ
မှားနေတဲ့ အမှန်တွေ
ပူလောင်တဲ့ နှင်းမှုန်တွေ
မေ့နေတဲ့ အောက်မေ့မှုတွေကြား
ငါဟာ ယားခံလို့
အောက်ခံဘောင်းဘီကိုချွတ်...။


ညတချို့ရဲ့ ဂန္ဓာရီခရီး

ထင်တလုံးနဲ့
ကြင်ကြင်နာနာ
ခင်ခင်မင်မင်
ထိန်းထိန်းသိမ်းသိမ်း
ယုယုယယ
ရင်ရင်လေးရူးနေသူ...။

ဆူးတချောင်းနဲ့
စူးစူးနစ်နစ်
ယစ်ယစ်မူးမူး
တောင့်တောင့်တတ
မတူမတန်
တန်ပြန်ဖို့ မေ့နေသူ...။

ဖဲတထုပ်နဲ့
မသဲမကွဲ
မည်းမည်းမြင်ရာ
ဂျိုကာလား
ဒေါင့်ခွန်လား
ဖူးတစ်လား
ပုံတူလား
ချိုးပြောင်းတိုင်းလွဲ
ချိုးကောင်းတိုက်ကွဲ
ငါ့ဖဲကိုသူလိုချင်
သူ့ဖဲကို ငါလိုချင်
နားထင်တွေတောင်ကိုက်
မိုးစင်စင်လင်းပြီး
ဝါး....
အိပ်ရေးပျက်တာပဲ
ဖတ်တင်တယ်

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။