Tuesday, February 26, 2013

မဇ္ဈိမတိုင်း ရိုင်းခဲ့ပြီ


မဇ္ဈိမာ ဇမ္ဗူကျွန်းမှာလ
ဟိုရှေးခါက မြတ်ဗုဒ္ဓါ
ထွန်းပေါ်ခဲ့ရာ။

မြတ်သာသနာ ရောင်ဝါလင်းပါလို့
နတ်လူဗြဟ္မာ သတ္တဝါများတို့မှာ
ဘေးဒုက္ခာလွတ်ငြိမ်း။

ယခုချိန်ခါ
သည်ဌာနာ ဇမ္ဗူကျွန်းဝယ်
နေရဉ္ဇာ မြစ်ယံပျက်သလို
ှိုးခဲ့ပြီလေး။

ပွင့်ပင်ပွင့်မြဲ


ပန်းမာလာ နီ ဝါ စိမ်းရယ်နှင့်
ဆန်းဝေဖြာ ဖြူ ပြာ ပွင့်ရယ်တို့
နတ်ဆေးချယ်သို့။

ပိတုန်းလိပ်ပြာ ဝေ့ကာဝဲကာနှင့်
သုံးလေပါ လိုရာပြည့်စေဖို့
ဖြည့်ခံမို့ ခန္တီယှဉ်။

ပန်းဆိုတာ
ပြည်လူ့ရွာ လှစေကြောင်းရယ်လို့
မွေးထုံစွာ ရနံ့ဆန်းတွေနှင့်
ပွင့်လို့သာပင်။

တဦးမေတ္တာ တဦးမှာ


ငွေသော်တာ ပြည့်ကာ ဝန်းပါလှ
ဝိသာခါ တာရာထွန်းပြန်ရာ
ပွင့်ကြရွှေကြာ။

စမ်းရေအိုင် ကြည်ကြည်စိမ်းမှာလ
ဆန်းဝေမြိုင် ကြိုင်လှိုင်မွှေးကြရှာ
သာယာပေစွလေး။

သုံးလောကာ
ထုံးမကွာ များသူငါတို့
ဖွေးမေတ္တာ ကိုယ်စီထားပါကြ
လူ့ဂုဏ်မြင့်ရေး။

Friday, February 22, 2013

လတပို့တွဲ

ကုံရာသီ၊ တာရာညီ ချိန်ခွင်နှင့်
ငွေသော်တာ ကြယ်မာဃရယ်တို့၊ ပြည့်ဝစုံညီ။

တပို့တွဲ၊ ထူးကဲသည့် လရာသီ၊
သင်းပျံ့ချီ မာလာဖူးငုံတို့၊ ထူးစုံလှသည်။

သရဖီ၊ ညံစီစီပေါက်လဲရယ်တို့
ထိန်ထိန်ကြည် ပွင့်ရှာကြတယ်၊ ဆောင်းလရာသီ။

ရွက်ဝါကြွေ၊ ဖူးဝေကြ တမာနု
သံသာသာ ဆက်ရက်တွေက၊ မြူးကြရှာသည်။

လဲ့လဲ့ကြည်၊ ငွေနှင်းရည် သွင်းပက်တာကြောင့်
ညှင်းသွဲ့သွဲ့မြောက်ပြန်လေက၊ အေးပါလှသည်။

နွှဲပျော်ပျော်၊ ထိုးနော်ကွဲ့ ထမင်းနှဲ
အားခဲလို့ ဇွဲကောင်းပါမှ၊ အောင်ပွဲရမည်။

မြတ်ရှင်တော်၊ ပူဇော်ရန် သဒ္ဓါကြွလို့
ဆွမ်းယာဂု ကပ်လှူကြသည်၊ နိဗ္ဗာန်သို့ရည်။

Sunday, February 17, 2013

တကွေ့


မျက်ရည်တစက် ကျခဲ့ပြီ 
မဟာပထဝီ တည်တန့်စေ

ရှိုက်သံတချက် သဲ့ခဲ့သည် 
မြောက်ပြန်လေပြည် အေးမြစေ

မျက်နှာတချက် မဲ့ခဲ့သည် 
ကြယ်တာရာတို့ လင်းလဲ့စေ

ထီးတည်းကျန်လျက် နေရပြီ 
မျက်နှာစုံညီ ပြုံးရွှင်စေ

ချစ်ပါသော်လည်း ခွဲခဲ့သည် 
သေမင်းနိုင်ငံ ရှင်သန်စေ

မချစ်သော်လည်း တွဲရသည် 
ရှင်သန်ခြင်းတို့ သေဆုံးစေ

နိမ့်တုံမြင့်တုံ ကြုံခဲ့ပြီ 
ဘုရားကားသည် မြင့်ပါစေ 
မျောက်ကား အောက်သာ ရှိပါစေ။

Tuesday, February 5, 2013

ဧည့်သည်

ရွှေကျီးရယ်သာ တအာအာနှင့်
ရှေ့ရပ်မှာ နေခြည်ဖြာကျ
ဘယ်ရပ်က ဘယ်ဧည့်သည် ငါ့ဆီလာမယ်
ရွှေကျီးရယ်ပြောပါဗျား ရွှေဧည့်သည်လား။
ငွေကျီးရယ်ပြောပါဗျား ငွေဧည့်သည်လား။

ရေပွက်ပမာ တသက်လျာမို့
ခဏတာ လူဖြစ်လာပေါ့
ဘယ်ရပ်ကငါလာတယ် သည်လူ့ပြည်ဝယ်
ငါဧည့်သည်ပါ ကိုရွှေကျီးရယ်။
ငါဧည့်သည်ပါ ကိုငွေကျီးရယ်။ 

၁၊ ၂၉၊ ၂၀၁၃။ 

အမေနေ့ အမှတ်တရ

မွေးမေ့ဦးကင်၊ ဆံချည်မျှင်တို့၊ ပိတုန်းပင်လော၊ ချည်ခင်လော။ ဖိတ်ဖိတ်နက်မှောင်၊ ပိတုန်းရောင်ကြောင့်၊ မလောက်မင၊ ချစ်မဝခဲ့။ ဖြူဖွေးချည်ခင်၊ မေ့ဆံပင်ကြောင့်၊ အချစ်တန်ဘိုး၊ တိုး၍ တိုးကာ၊ ချစ်မိုးရွာသည်၊ ဖြိုးဖြိုးမစဲ၊ အချစ်ကဲကာ၊ မေတ္တာမြဲမြဲ၊ ပီတိရွှဲစို၊ ရွှေမြင့်မိုရ်အား၊ ပို၍ပိုလာ၊ ချစ်မိပါခဲ့။

မွေးမေ့မုခ၊ သွားဒန္တတို့၊ စီရရီလော၊ ကျိုးကျဲလော။ ဖြူဖြူလွှလွှ၊ ပုလဲလှနှင့်၊ ချိုမြပြုံးကြောင့်၊ ချစ်မလောက်ခဲ့။ ကျိုးကာကြဲကာ၊ ၊ နာနာနဲ့နဲ့၊ တချို့ပဲ့၍၊ တဖက်တိုရှည်၊ မညီမညာ၊ မေ့ပြုံးမှာကား၊ တိုးကာတိုးကာ၊ မမေ့ပါနိုင်၊ သာယာခွန်းဆင့်၊ ချစ်၍ချစ်လာ၊ မဝပါခဲ့။

သမင်ရှုံးလု၊ မေ့စက္ခုတို့၊ မှိုင်းလို့ကာလော၊ မှုန်၍လော။ ရွှန်းရွှန်းစိုစို၊ သမင်ပျို၏၊ သို့ဆိုမျှလောက်၊ လဲ့လဲ့တောက်ပြောင်၊ ရေကြည်ရောင်နှင့်၊ မျက်တောင်ကော့ကော့၊ မူး၍မော့အောင်၊ မေ့ကျော့ခေါင်အား၊ လုလုသားလှ၊ ရှုမဝခဲ့။ မှုန်ရီဝိုးဝါး၊ လင်းအားမသန်၊ မြင်ရန်မစွမ်း၊ တစမ်းစမ်းနှင့်၊ တရမ်းရမ်းထင်၊ သားလှပင်လော၊ သမီးလောဟု၊ မြင်စုအာရုံ၊ မှိုင်းပြာမှုန်လည်း၊ လှိုက်လှိုက်သဲသဲ၊ ချစ်ပွဲကြီးကို၊ ဆင်နွဲခြိမ့်ခြိမ့်၊ တသိမ့်သိမ့်မျှ၊ ချစ်၍ပင်သာ၊ ချစ်မိပါခဲ့။

သွယ်သွယ်လျလျ၊ မေ့ကာယတို့၊ ကိုင်းလို့ပင်လော၊ ကုန်း၍လော။ နွဲ့နွဲ့နှောင်းနှောင်း၊ ပျော့ပျော့ပြောင်းမတ်၊ တည်တန့်တန့်နှင့်၊ ခန့်ခန့်ငြားငြား၊ ဆင်ရင်သွားသို့၊ ငွားငွားစွင့်စွင့်၊ တင့်တင့်တယ်တယ်၊ မေ့နတ်မယ်အား၊ သားလှယဉ်ကျေး၊ ချစ်ကြွေးပြင်ပြင်၊ ဆပ်ပင်ဆပ်ငြား၊ ပြေကာသွားဘဲ၊ ဆင်မြဲပင်သာ၊ ဆပ်ချင်ပါခဲ့။ တောင်ဝှေးကိုထောက်၊ ကုန်းကောက်ကောက်နှင့်၊ စိတ်နောက်ကိုယ်မှာ၊ မလိုက်ပါနိုင်၊ လှမ်းလာလှုပ်လှုပ်၊ နှေးတုံ့ဆဆ၊ ဇရာပြကား၊ သားလှပုခုံး၊ တပြုံးပြုံးနှင့်၊ ထမ်းပိုးလိုက်ပါ၊ မေ့ စေရာကို၊ လျင်စွာမနှေး၊ ရွက်ဆောင်ပေးအံ့၊ အမေပြုလို၊ ကောင်းမှုစုံစီ၊ အလီလီကို၊ ကြည်ကြည်သာ၊ သဒ္ဓါဖြာလျက်၊ လိုရာပြည့်စေ၊ အမျှဝေသံ၊ မိုးထိညံအောင်၊ ရွက်ဆောင်ရာတွင်၊ အမေ့ဆန္ဒ၊ ပြည့်ရပါအံ့။ အမေ့ခန္ဓာ၊ မညောင်းညာစေ၊ မွေးမေပေးထား၊ လက်ချောင်းများနှင့်၊ ပလွှားရောဂါ၊ ဖိစီးလာလျင်၊ ပယ်ကာတွန်းလှန်၊ ဘေးရန်ခပင်း၊ မခိုရှင်းသား။ ထို၍ထိုမျှ၊ မကပါဘဲ၊ ချစ်သွေးခဲကြောင့်၊ မွေးမေ့ကျေးဇူး၊ မြင့်မိုရ်ဦးအား၊ မခြားနေ့ရက်၊ တနံနက်မျှ၊ ကျေးဇူးဝဝ၊ အနန္တကို၊ ဆင်၍ပင်သာ၊ ဆပ်စေရာအံ့။

၁၊ ၂၆၊ ၂၀၁၃။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။