Sunday, April 6, 2014

ညအမှား

ဒုတ်ဒုတ်အသံရယ်က
ရုတ်ရုတ်ညံလို့ကာပ
မော်တော်ဘုတ်က ကပ်ခဲ့ပြီ။

ညိုရောင်သန်းပါလို့
ထင်ရောင်ရမ်းကာ သူငါခေါ်ကြနှင့်
သူဇာက အမောင်သတယ်
ဗျိုး ဟစ်ချင်ဖွယ်။

တကယ်မဟုတ်ပါဘူး
တနယ်စီ နဂိုရ်ဝေးတာပ
တဖြေသာ ပြေရာကြောင်းပေမို့
လာလာနှင့် သူကခေါ်
တိုးတိုးသာနော်။

မှားပါပြီကွယ့်
သည်ကျားကို စင်ပေါ်တင်ရလို့
အထင်အမြင် လွဲကာသာဘဲရယ်နှင့်
မကြင်ချင် ထိပ်တင်ထားရယ်က
ဟေ့... ငတက်ပြား
ဆင်းတော့ချက်ချင်း။

ကြက်မိသားစု

ကြက်ဖကြီးက အသံပြု
ဥကြီးကြီးဥ
ကြက်မကလည်း ပြန်ပြန်ဆော်
တကတည်းမှတော်
ကြက်ပေါက်စက ဝင်ဝင်ပြော
ပီးရင်ပီးပါရော။

ပိတောက်မေ

ရှစ်ရပ်အာကာဗွေ
တိမ်မိလ္လာ ရစ်သိုင်း
ဆိုင်းလို့ မှိုင်းလို့သာဝေတော့
မျှော်ရသူ ဗျာပွေမောဖွယ်ပါ့
မြူဆော့တယ်လေ။

ကလူကြလေတော့
တမူကြွားချင်လှသူက
ဒေဝါနတ်ရှင်ရယ်ကွယ်
တခါတကြိမ်သာ ဖြန်းပါလေ
မြနန်းမှာ ရွှေညှာကွပ်လို့
ပင်ညွှတ်အောင် ထိန်ဝေပြလိုက်မယ်
ပိတောက်မေကို သနားရင်ဖြင့်
ဖြန်းလိုက်ပါဆွေ။

စံပယ်

ချစ်စရာ့ စံပယ်
ပွင့်ချပ်လွှာ ဖြူဖြူးဖွေးနဲ့
သင်းရနံ့ကြွယ်။

ချစ်သူငယ် ကေသာကျော့
ထုံးဖွဲ့ကာ ပန်ဆင်တော့တယ်
ပြုံးလို့သာပေါ့။

စံပယ်

ညနေမှာ ခူးပါတဲ့
ဖူးခါစ စပယ်ငုံ
သင်းပျံ့မွှေးထုံ
ပွင့်ပုံကဆန်း။

နန်းထိုက်သူ ကေသာထုံးမှာလ
ကုံး၍သာ ပန်ဆင်သတယ်လေ့
ထုံးမွေ့ကာ ရွှင်ပြုံးပါလို့
နှလုံးအေးမယ့် ဆေးဝိဇ္ဇာကို
ကွယ်....
မြင်သူငေးရတဲ့ ခင်လေးတို့ရေ
သုံးလိုက်ကြစမ်း။

မျှော်

ကြွေရွက်ဝါ မြေမှာလူး
လေရူးက ပွေတယ်လေ
တန်ခူး ဂိမှေ။
ခါနွေထူးတာမို့
ပိတောက်ဖူးတွေက
ရွှေရည်လူးချင်လို့ပ
မိုးနတ်မျှော်နေ။

Saturday, February 22, 2014

လမြတ်ပြာသို

လပြာသို နှင်းချိုသွန်းတော့
မြခွာညို ပင်ရုံညွတ်အောင်ပ
ဖူးပွင့်ကြ ချိန်ခါမှီ
သင်းပျံ့ဝေရီ။

ငွေပုစွန် တာရာဝင်းလို့
ယုန်စန္ဒာ ပြာမှုန်လင်းပါတဲ့
မကာရ လရာသီ
အေးကြည်ကြည် လေသုတ်။

ဗိုလ်ညီလာ
မြင်းခင်းကာ သဘင်ခံလို့
ရဲတံခွန် အောင်လံထူတော့
ပြည်ပြည်သူ ဂုဏ်ယူမဆုံးတယ်
ထုံးစဉ်လာမို့။

အမေနေ့

လပြာသို ပြည့်ဝန်းတာမို့
မြမြင့်မိုရ် အမေနေ့ရယ်လို့
မြန်ပြည်သူ သူငါတို့
ပို့သကြမေတ္တာ။

သို့ချိန်ခါ အေးမြတာကြောင့်
မေ့မေတ္တာ ညွန်းဆိုပြတယ်ထင့်
ကွန်းခိုရာ ရင်ခွင်နွေးရယ်နှင့်
မွေးမာတာ ဗြဟ္မာကြီးရယ်တို့
ကျေးဇူးဂုဏ် စိတ်ဝယ်မှန်းကာပ
ကြာပဒုံ ငုံလက်စုံနှင့်
ဦးထိပ်တင် ပန်ဆင်သသည်
ရှိခိုးဝန္ဒနာ။

မေမေ (၃)

"သားကလေး ထထော့ မိုးလင်းပါပြီ"
မေမေ စောင်ကို မလှပ်ပါနှင့်
ကျနော်ချမ်းပါသည်။
"အမေကြီးရယ် ကလေးကို အိပ်ပါစေ"
ဟုတ်သည် ဖေဖေက ချစ်စရာကောင်းသည်
မေမေက ကျနော့်ကို အတင်းလှုပ်နှိုးသည်၊ ဆိုးသည်။

"သားလေး တခြားနေရာ သွားဆော့ချေ
ဖေဖေအလုပ်ရှုပ်နေသည်"
ဖေဖေ ကျနော့်ကို မနှင်ပါနှင့်
ကျနော်ဆော့ချင်ပါသည်။
"အဖေကြီးကလည်း ကလေးကို မငေါက်ပါနှင့်
သားလေး ဒီကိုလာ မေမေ့ဆီကိုလာ"
ဟုတ်သည် မေမေက ချစ်စရာကောင်းသည်
ဖေဖေက ကျနော့်ကို အတင်းငေါက်လွှတ်သည်၊ ဆိုးသည်။

မေမေ တိရိစ္ဆာန်ဥယာဉ်ကို လိုက်ပို့မယ်ဆို
"ဖေဖေ့ကိုပြော"
ဖေဖေ၊ ဖေဖေ မပြုံးပါနှင့်
ဖေဖေ့ကို ကျနော်ချစ်ပါသည်။
မေမေ့ကိုလည်း ချစ်ပါသည်။

ထမင်းနဲပွဲ နွှဲကြမယ်

အအေးဓာတ် လွှမ်းခြုံ
ညှင်းလေက သုန်မြူး
တော်သဇင် ထုံကြူးလို့
မြတ်ထူးတဲ့ ရာသီ။
ပေါက်လဲ ပွင့်ခိုင်နှင့်
ရဂုံမြိုင် ကျေးငှက်သံစီ။

ဥသြ လွမ်းတော်ငှက်
လေးတွဲ့တွဲ့သံမြည်။
ဆွေးနယ်ချဲ့ စာစီ
လွမ်းဘွဲ့ညီ သာမော။
နတ်ရေးတဲ့ စာပန်းချီ
ရှုမအီ စောင်းသံနှင့်မျော။

တပို့တွဲ ခါမီ
ထမနဲ ယာဂု
မြတ်ရှင်တော် အာရုံပြုသည်
နိဗ္ဗူရွှေပြည်။
ခါတော်မီ သည်ပွဲတော်ကို
အမောင်တို့ရေ နွှဲလိုက်ကြလေး
ဗေးတိုးပတ် ပတ်ဗေထီ
လက်သံပီ မြူးရွှင်တဲ့ဆေး။

သူ့မွေးနေ့မှတ်တရ

ငွေခြည်ကြာ ငုံအဖူးပေမို့
ယုန်စန္ဒာ ရောင်ဖြာကျင်းလေတော့
ပွင့်လှာပေါ့ ပန်းတော်ဖြူ
သင်းပျံ့မွှေးကြူ။

တည်သန္ဓေ အခါရင့်လေတော့
သူ့ကဏ္ဍေ တခန်းပွင့်ပြီပေါ့
အူဝဲသံတဲ့ ညံညံလူ
လှမဉ္ဇူတဲ့ ပန်တော်ပန်း။

ပန်ပွင့်ဖြူ
ရနံ့ကြူ မင်္ဂလာနေ့ပေမို့
အောင်ဆုယူ မေတ္တာပေါင်းရယ်နဲ့
သက်ရာကျော် ရှည်ကြာညောင်းပါလို့
မျက်နှာတော် ကြည်သာလန်းတယ်
ဘုန်းတင့်ဝေလျှမ်း။

စုန်းပြုခံ

မေတ္တာနဲ့ မွန်းမံ
သစ္စာနဲ့ ထိန်းကွပ်ထားတဲ့
အချစ်အမြုတေကို
ငါလေ....
ဘယ်လိုစိတ်နဲ့ စွန့်လွှတ်ရမတဲ့လဲ။

အမေးသာရှိ
အဖြေမရှိတဲ့ ပုစ္ဆာတွေကို
အချိန်ကုန်ပြီး တွက်ချက်နေတာက
ငါ့ရဲ့ လိုဘ တစိတ်တဒေသလား။

"မမှားတဲ့ ရှေ့နေ မသေတဲ့ ဆေးသမား"
ဆိုရိုးစကားကို အရင်းအနှီးပြုပြီး
အချည်းနှီးသော အမှားတွေကို
ကျူးလွန်ဖို့ အားသွန်ရမတဲ့လား။

နှစ်သစ်တိုင်းလည်း ပိတောက်မပွင့်ဘူး
လပြည့်ညတိုင်းလည်း ကြာမပွင့်ဘူး
ရနံ့သာတိုင်းလည်း ပျားမမက်ဘူး
ငါသာလျှင် အရူးမို့
အချစ်ဆူးခက်ကို ပွေ့ဖက်ခဲ့တာလား။

အို.... ဒါတွေဟာ မလိုတမာများရဲ့
အနှိုင်းမဲ့မေတ္တာများ ဖြစ်နေမလား
ဒါမှမဟုတ်.... ငါရဲ့ စိတ္တဇ
ဒိဋ္ဌ မင်္ဂလာများလား။
ပစ္စည်းမဲ့ လူတန်းစားရဲ့
ပိုင်ဆိုင်မှု အနန္တတွေလား။

စကြာဝဠာ အပြင်ဘက်မှာ
လှပစွာ ချိုသာပျံ့လွင့်နေလိုက်တာ
ဒါဟာ မေတ္တာတေးသွား သစ္စာ့သံစဉ်
ချစ်သူ့ ဂီတ ထင်ရဲ့လေ။

တောင်းဆုချွေပါသည်
တက်မက်မှု ဝေဒနာများ
စုန်းပြုစား ခံပါရစေ။

သူ့ပုံပြင်

မြူခြေငယ်ကင်းပါလို့
ရှင်းသန့်တဲ့ လစန္ဒာ
ထွန်းလင်းလို့ပါ။

ညှင်းလေက တသုန်သုန်နဲ့
ပင်ရွက်ကို လှုပ်ရုံမြူးလေတော့
လှိုင်းကြက်ခွပ်တွေက လွန့်ရုံလူးပါပေါ့
ဆိတ်ငြိမ်သက် ညဥ့်အလယ်။

အဝါချယ် မဉ္ဇူပန်းရယ်နှင့်
လိပ်ပြာငယ် မြူကာဆော့ပါလို့
တောင်ပံမှာ ရောင်ပြန်ဟပ်အောင်ပ
မြူးတူးကြတယ်။

မှိတ်မသုန် ယုန်ရထားရယ်က
လှမျက်ချယ် လိပ်ပြာအတောင်ကို
သူ့အရောင်နဲ့ ဝင့်ကာပြ
ချစ်စဖွယ်ပ ပြုံးရယ်ပုံ။

မြင်မိရုံ မိန်းမောသတဲ့
မဟန်ပြီကွဲ့ ခက်ချေသေး
ကဗျာသီမယ် သံစဉ်တေး....
~ ညရဲ့အသံ တီးတိုးပြန် ငြီးငွေ့စိတ်စဉ်မှန်
လေယူသဲ့သဲ့ ချော့သိပ်ခံ မှိန်းမောတခါဖန်
ကြည်လဲ့လှပ အေးမြရန် တောင်ပံရိုက်ခတ်သံ
နှလုံးပီတိရွှန်းလဲ့ဟန် လဝန်းလိပ်ပြာသဏ္ဏာန် ~
သူ့ကဗျာ အဆိုရပ်ကာပ
ရီမောကြသလိုလို။

လိပ်ပြာငယ် ရှက်အားပိုတော့
ဝန်းတခို ပျံဝဲကာပ
အမူပို ညွန်းဆိုပြတယ်ထင့်
သြော်...
လမင်းကလည်း လဲ့လဲ့ချယ်။

လင်းအာရုံ ရောင်မသက်ခင်ပ
ညှင်းလေငယ် ပင့်ခါပြောပါလို့
မောင့်လက်ဆောင် ဝါဝါဝင်းရယ်နှင့်
ပန်းဝါဝါ ကြူကြူသင်းကိုတဲ့
ဆောင်ကာပ ယူချေတော့ကွယ်
မောင့်လိပ်ပြာငယ်။ ငယ်။

မှတ်ကဲ့လား

အုန်းနို့ခေါက်ဆွဲ ဆီရွှဲရွှဲ
တို့ဟူးကြာ်နဲ့တွဲ။
ငါးကင်ကလည်း ပါသေးတယ်
မွှေးမွှေးဖွေးဖွေးကွယ်။
သင်္ဘောသီးထောင်း အလွန်စပ်
ရှူးရှဲကောင်းတယ်မှတ်။

ပြီးတော့ ဗိုက်ကမအီလည်
အန်လဲအန်ချင်တယ်။
ထိုင်လိုက်ထလိုက် ရေအိမ်ထဲ
သုံးခါလောက်မနည်း။
ရင်ပြည့်သလို လည်မှာပျို့
ခံရခက်တယ်ဗျို့။

မှတ်ရဲ့လား မှတ်ကဲ့လား
နောက်လည်းကျွေးမယ်ဗျား။
ကြိုက်ကဲ့လား မိုက်ကဲ့လား
နောက်လည်း များကြီးစား။
ချစ်လို့စတာ ငိုနဲ့အား
ဟေးလားမောင်တို့ဝါး။

တောပါးစပ်

မန်းကျည်းနု စီစီထွတ်ကို
ကြက်သွန်နီ ဆီကြည်လဲ့နဲ့
နီတာတဲ့ ကွေးပုစွန်ငယ်
ရောသုပ်လေကွယ်။

ငါးခြောက်ချက် ငံတခွက်ကယ်မှာ
ချိုမြပါ ပဲဝါဟင်းရယ်နှင့်
တွဲကာသာ လွေးချင်တော့တယ်
ဇောစိတ်စဉ်ဝယ်။

တောဓလေ့သာပ
ဇောမွေ့မိ ငါ့မှာ
တမာလဲ ငါ့ဆွေမျိုးရယ်
အဝေရာက ငယ်ပေါင်း။

မရမ်းထောင်းနဲ့ သရက်ကင်း
ငါးပိနဲ့ ဆက်နှင်းကြည့်ပါလာ့
မကြိုက်ဘယ်သူရှိနိုင်ပါ့
ကောင်းဆိုမှကောင်း။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။