Sunday, December 29, 2013

အချစ်မိစ္ဆာ

ဧရာဝတီကို မချစ်ကြပါနဲ့
ဒီအတိုင်းသာ စီးဆင်းပါစေလေ
နှလုံးသားကို မီးတိုင်လုပ်ပြီး
ပြဿနာတွေကို မရှာချင်ပါဘူး။

ပြည်သူကို မချစ်ကြပါနဲ့
သူတို့အပြုံးပန်းတွေ ဝေပါစေလေ
အဖကို သတ်ဖြတ်နန်းချပြီး
ဘုရင်မလုပ်ချင်ပါဘူး။

နိုင်ငံကို မချစ်ကြပါနဲ့
တသီးတခြား ရပ်တည်ပါစေလေ
အမေကို မေ့မေ့လျှော့လျှော့ပစ်ထားပြီး
ဒွေးဒေါ်ကို မလွမ်းဆွတ်ချင်ဘူး။

ကုန်းခေါင်ခေါင်မှာ ရေမြုပ်တာ
ခင်ဗျားတို့ချစ်လို့….
အမျိုးကောင်းသမီးတွေ ပြည်တန်ဆာဖြစ်တာ
ခင်ဗျားတို့ချစ်လို့….
မန္တလေးမြို့ကျဆုံးခဲ့တာဟာ
ခင်ဗျားတို့ချစ်လို့….။
မြစ်ဆုံနဲ့ ဧရာဝတီဟာ
ကမ္ဘာဦးကတည်းက ချစ်ကြတာ
ဖော်ရွှေမှုနဲ့ ပြည်သူတွေဟာ
ငယ်စဉ်ကတည်းက ချစ်ကြတာ
နိုင်ငံတော်နဲ့ ပြည်ထောင်စုဟာ
ပုဂံခေတ်ကတည်းက ချစ်ခဲ့ကြတာပါ။

ငှက်လေးတွေရဲ့ စိုးစိစိုးစိအသံကို
ကိုယ့်စိတ်မှာ ဘာသာပြန်တယ်
“ငါ့တို့ကမ္ဘာငယ်ကလေး
မိစ္ဆာတွေ သိမ်းပိုက်လိုက်ကြပြီ” တဲ့။

မိန်းမပျိုလေးတွေရဲ့ တီးတိုးအသံဟာ
ကိုယ့်ရင်မှာ ပဲ့တင်ထပ်နေတယ်
“ရွှေပေးလို့မရတဲ့ ဣနြေ္ဒတွေ
ချစ်တီးတွေ သိမ်းယူလိုက်ကြပြီ” တဲ့။

အမိမြေရဲ့ ညီးညူသံကို
ကိုယ့်အထင်နဲ့ ဘာသာပြန်မိတယ်
“မျိုးဆက်သစ်တွေရဲ့ ဘဝတွေ
မမွေးခင်ပဲ သတ်ခံလိုက်ရပြီ” တဲ့။

ပန်ကြားပါရစေ
ခင်ဗျားတို့အချစ်တွေ ရပ်လိုက်ကြပါတော့
ဧရာဝတီကိုယ်စား တောင်းပန်ပါရစေ
ခင်ဗျားတို့အချစ်တွေ ရပ်လိုက်ကြပါတော့
အမျိုးကောင်းသမီးတွေကိုယ်စား ပန်ကြားပါရစေ
ခင်ဗျားတို့အချစ်တွေ ရပ်လိုက်ကြပါတော့
နိုင်ငံ့ကိုယ်စား ထုတ်ပြောပါရစေ
ခင်ဗျားတို့အချစ်တွေ ရပ်လိုက်ပါတော့။

Saturday, December 28, 2013

မေမေ (၁)

ဂျီးအထပ်ထပ်နှင့် ကျနော်ညစ်ပတ်အိုးကလေးကို
အမေက ပွတ်တိုက်သုတ်သင်နေစဉ်
ကျနော်က ချမ်းသည်ဟု ပြောသည့်အခါ
အမေက တင်ပါးကလေးကို ရိုက်ပါသည်။
ကျနော်အရိုက်မခံချင်ပါ။ ရှုံ့မဲ့မဲ့သာ။

ယခု ကျနော့်ကို အမေရိုက်နိုင်ပါသည်
ဝါးခြမ်းကွဲအောင်လည်း ရိုက်နိုင်ပါသည်
တံမျက်စည်းပြဲအောင်လည်း ရိုက်နိုင်ပါသည်
အမေ၏ မေတ္တာရေစင်ကြောင့် ကျနော့်မှာ သတ္တိနှင့် အားအင်တွေရှိနေပါပြီ
ကျနော်မွှေးမွှေးပေးသည့်အခါ 'လူကလေး' ဟု မငေါက်ပါနှင့်။

အမေသည် ကျနော့်ကို လွမ်းသည့်အခါ
အဖေ့ကိုပါ လွမ်းနေမည်ကို ကျနော်သိပါသည်
မေမေမငိုပါနှင့်....
အမေ့ကို အဖေကချစ်သလို ကျနော်ကလည်း ချစ်ပါသည်
ကျနော်သည် အဖေ့ကိုယ်ပွားဟု ပြောသည်ကို မှတ်မိသည် ဟုတ်စ။

အမေမျှော်နေမည်ကို ကျနော်သိပါသည်
အမေမေတ္တာပို့နေမည်ကိုလည်း ကျနော်သိပါသည်
အမေ့အိမ်တံခါးဝသည် ကျနော့်ရင်ဘတ်ရှေ့သို့ ရောက်နေပါပြီ
ကျနော်သည်လည်း အမေ့အိမ်တံခါးဝကို ရောက်နေပါပြီ
ကျနော်လည်း မေတ္တာပို့နေပါသည်။

လက်ဆောင်

မေမေ ကျနော့်ချစ်သူက ချစ်စရာအလွန်ကောင်းပါသည်
မေမေဆိုလျှင် သာလို့ ချစ်ပါလိမ့်မည်။

ယနေ့ ခရစ္စမတ်လက်ဆောင် တောင်းပါသည်
"ဘာလိုချင်လဲ အချစ်ကလေး" ဟု
ပေးချင်လွန်းလှသည့်လေသံဖြင့်ကျနော်ပြန်မမေးပါ။
'ဘာလဲ' ဟုသာ မေးပါသည်။

မေမေ့အား ဖုန်းဆက်ရန် ကျနော့်ကို တိုက်တွန်းပါသည်
ဤသည်ကား သူ့အား ကျနော်ပေးသည့် လက်ဆောင်သတဲ့။

မေမေ ကျနော့်ချစ်သူကို လုပြီး ချစ်မည်လား။

ငတုံး

တနေ့တနေ့နဲ့
တရွေ့ရွေ့ ရွှေ့လာ
ရက်လအတာ
နှစ်တွေသာပြောင်း
နှောင်းခဲ့တဲ့ အသိ
မသင်ဖြစ်တဲ့ ပညာ
မကျင့်ဖြစ်တဲ့ အဓိဋ္ဌာန်
အခွင့်သင့်တော့လည်း မလုပ်
အခွင့်သင့်အောင်လည်း မကြံတော့
အကြောင်းကံကို ညှိုးမာန်ဖွဲ့ချင်သေး
အမလေး ကံဆိုးလေးခြင်းဟု
ရင်ထုကာ ငိုခြင်းချလို့
ဘယ်သင်းက ကယ်မတုန်း
မင်းဟာလေ ငတုံးငတုံး။

သစ္စာအရောင်

အိပ်ယာနိုးတိုင်း
ကြည်လင်ချမ်းမြသည့် ချစ်သူ၏ ခွန်းဆိုနှုတ်ဆက်သံကို
ကြားချင်နေမိသည်။

အိပ်ယာဝင်တိုင်း
ကြည်ရွှင်နွေးထွေးသည့် ချစ်သူ၏ နှုတ်ခွန်းဆက်သံကို
ကြားချင်နေမိသည်။

ချစ်သူ၏ မေတ္တာကမ္ဘာတွင်
ဓူဝံကြယ် မြေမခသမျှ
ကောင်းကင်ဝယ် နေလတွေ မကွယ်သမျှ
မြမြင့်မိုရ် ပြိုအက်ကာ မကြေပြုန်းသမျှ ကာလပတ်လုံး
ကျန်ုပ်၏ သစ္စာဆီမီးတို့ဖြင့် ထွန်းလင်းပါစေသတည်း။

မေမေ (၂)

ကျနော်က ကြောင်ကိုချစ်ပါသည်။
မေမေ ကျနော်ကြောင်မွေးချင်သည်ဟု ပြောရာ
မေမေက မမွေးရပြောသည်
ကြောင်မွှေးရှုမိလျှင် ရောဂါရတတ်သည်ဟု ပြောသည်။

ထိုအခါ ကျနော်က ကြောင်ကလေးဆိုပါလျှင်
မေမေ မမွှေးပါလောဟု မေးရာ
မေမေက ပြုံးပါသည်။ ကျနော်ပျော်သွားပါပြီ
ကြောင်မွေးရန် သတိမရတော့။

ကျနော်က ခွေးကိုလည်းချစ်ပါသည်။
မေမေ ကျနော်ခွေးမွေးချင်သည်ဟု ပြောရာ
မေမေက မမွေးရပြောသည်
ခွေးအူသံသည် ကျက်သရေမရှိဟု ပြောပါသည်။

ထိုအခါ ကျနော်က ခွေးကလေးဆိုပါလျှင်
ကျနော်အသံသည် ကျက်သရေမရှိလောမေးရာ
မေမေက ပြုံးပါသည်။ ကျနော်ပျော်သွားပါပြီ
ခွေးမွေးရန်လည်း သတိမရတော့။

နှစ်လွန်းကြင်

ကျနော် ကြိုက်သည့် နွားနို့ကို နွားမကြီးက သွန်ချပေးသည်။
သူ့သမီးက ကျနော့်ကို မျက်လုံးပုတ်ခတ်ပုတ်ခတ်ဖြင့်ကြည့်သည်
သူ နို့စို့ချင်နေပါသည်။ မေမေတော်ပါတော့။
အားလုံးမညှစ်ပါနှင့်၊ ချန်ထားရစ်ပါ
တော်ပြီလေ မေမေ၊ တော်ပြီ။

နွားမကြီးက ချစ်စရာကောင်းသည်။
မြက်များကို ပလုတ်ပလောင်းစားသည့်ခါ အလွန်ကြည့်ကောင်းသည်။
"မေမေ... မြက်ကချိုသည်လား" ဟုမေးရာ

နွားမကြီးကို တိုးတိုးမေးကြည့်ချေဟု ပြောပါသည်
ကျနော် သူ့နားရွက်နားသို့ ကပ်လျှက် တိုးညှင်းစွာ
"မြက်ကချိုသည်လား".... ဟု မေးသည့်အခါ
နွားမကြီးက နားရွက်ကို မြည်အောင် ပုတ်ခတ်လျှက် ခေါင်းကိုရမ်းခါပါသည်
"မေမေ မြက်သည်မချိုပါ" ဟု ပြောရာ
မေမေက "အေး... မှန်သည်" ဟုပြောပါသည်။

တခါက သူ့သမီးလေး ပျောက်ပါသည်
နွားမကြီးက "ဘူဘဲ" ဟု အော်ခေါ်ပါသည်
ကျနော်က "နီဟှား" လာလာလာဟု ခေါ်ပါသည်
သူသမီးကလေးက ဆော့လွန်းပါသည်
သူ့အမေကလည်း စိတ်ပူသည်
ကျနော်လည်း စိတ်ပူပါသည်။ ထိုစဉ်....
"ဘဲ" ဟု အသံကိုကြားလိုက်ရာ
အသံထွက်ရာသို့ အသော့ပြေးသည့်အခါ
ကျနော်ပါ လိုက်ပြေးရပါသည်။ တွေ့ပါပြီ။
ကျနော်က နီဟှားကို အလွန်ဆော့ကြူးသည်ဟု ပြောဟုပြောရာ
နွားမကြီးဟု ခေါင်းညိမ့်လျှက် ဟုတ်သည်ဟုပြောပါသည်။
လာလာ... နေစောင်းပြီ အိမ်ပြန်ကြရအောင်။

Tuesday, December 17, 2013

ခွေးတို့အောင်ပွဲ

ရူးကြရှာ သွက်သွက်ခါလေတော့
နိုင်ငံ့အခြေ ဘာမသိလေဘူး
မူးကိုလည်း မြစ်ထင်။

ပြည်သူကို သတ်ဖြတ်ပြီးတာမို့
အထိမ်းအမှတ်တွေနဲ့
သပြေနု ဇေယျတုရယ်လို့
အောင်ဆုယူကြလိမ့်
အောင်ပွဲတွေ သိမ့်သိမ့်ဆင်
တိုင်းလုံးနှံ့ပင်။

ထိတ်စရာလန့်စရာဘဲ
ဘီလူးလည်း လူဖြစ်ပြီ
ထူးသနော် ရာဇဝတ်ကောင်တွေက
သဘင်ခံ ဥက္ကင်သပွဲတွေနှင့်
တည်အမှန် ကရုဏာရှင်တဲ့
သူ့အရပ်နှင့် သည်အဇာတ်က
ခွေးငတ်နှင့် ဖိနပ်ပြတ်လိုပ
နတ်သုဒ္ဓါ ယုံမှတ်လို့
အရသာ ထူးမွန်ကဲတယ်
ခွေးတို့အောင်ပွဲ။

မိစ္ဆာအောင်ပွဲ

အဟုတ်အမှန်မို့
လုပ်ကြံဇာတ် ခင်းစရာမလိုဘူး
ကြောက်ဘိ ချစ်ဘိ အဂတိတွေနှင့်
ရာဇဝတ်ကောင် ထိပ်ပြောင်တို့တသိုက်
ရှေ့သွားနောက်လိုက် ညီပလေ။

မိကျောင်းကန် တို့ပြည်သူများမတော့
ကျူးကျော်သူ ရန်သူတော်တို့
ဖိနှိပ်ချင် လူမထင်လေဘူး
ထူးတဲ့တိုင်းပြည်။

ငရဲကောင် အဖေတော်ချင်ကြတော့
မစဲပေါင် သြဘာသံတွေနဲ့
လည်ချင်းယှက် မြှီးချင်းလိမ်
ငစွေငစောင်းသာပေါင်းတွေနဲ့
ဒူးမနာ မယားပါသားတွေက
ငတို့လေ လူဖြစ်ပြီလို့
သံသာသီကြွေး တံတျာတေးတွေနဲ့
ပြုံးပန်းဝေဝေ။

မုဒိတာသဘော

မုဒိတာ တည်သဘောကိုလ
ဓိသမာ ပညာနုံတော့ကာ
လျှဉ်းမသိကြရှာ။

လောဘမူ ထူလပိန်းနဲ့
ဇောတမူ ရွှင်ပြတာဟာ
မုဒိတာမည်ဘူး။

စလယ်ဆုံး
အလွန်အကျူးတွေနှင့်
မိစ္ဆာဉာဏ် အူကြောင်ကြားရယ်ကွယ်
မင်းဟောင်လေဦး။

သဇင်ချစ်သူ

နံ့သာမြိုင် မွှေးပါဘိ
အေးပါဘိ နံ့သာမြိုင်
သင်းပျံ့ကြိုင်လှိုင်။
ငွေသဇင် တော်ဝင်ပန်း
ခိုင်ညှာတံ နွှဲ့ကာလန်းတယ်
မင်းသုံးတဲ့ ပန်း။

ချစ်ဦးသူ အကျော့ဆုံး
ကေသာထုံး ပိတုန်းရောင်
ပိန်းပိတ်နက်မှောင်။
မောင့်လက်ဆောင် ခိုင်ဇင်ပန်းနဲ့
ထုံးဖွဲ့ကာ ဟန်နေကျော့
ပြုံးတမော့မော့။

အချစ်မဲ့ည

မင်းမရှိတဲ့ နေရာဟာ
ငါ့အတွက်တော့ ဆိပ်သင့်ကမ္ဘာပဲ
အချစ်နဲ့ သက်ရှင်သူ မှန်သမျှ
ဒုက္ခိတတွေချည်းပဲပေါ့။

ညတွေကို အတူတူဆေးချယ်
ငါကလမင်း မင်းကကြယ်စင်
တိမ်မျှင် တခဏကွယ်ခိုက်
ငါ အငိုက်မိသွားတယ် ရှိုက်ထိသွားတယ်
ပျောက်သွားလိုက်တာများ
ငါးကမ္ဘာအခြားမှာ မင်းပုန်းနေသလား
လွမ်းအားတွေလည်းကြွယ်။

တပြည်သူ မရွှေထား

မောင့်ထားသခင်
မြစိမ်းရှင်ကို
မေတ္တာသင်ဝင်
ချစ်ခင်ကြင်နာ
ကရုဏာနှင့်
ချစ်ခဲ့ပါ၏။
မိုးမှာနှောင်း၍
တဆောင်းသစ်လွင်
နွေပင်ရောက်လု
ရတုသာစွ
နှစ်လပတ်လည်
လွန်ခဲ့ပြီမို့
ချစ်ရည်ဘဏ်တိုက်
ဖိုလှိုက်ချိုမြ
သောက်ရ ငံ့လင့်
သည်ချစ်ဇာတ်ကား
အခါးနှင့်ဆုံးသတ်
မဖြစ်အံ့ဘူး။

ငါမှတပါး ဘယ်သူ့ကိုမှ ဦးစားမပေးရ။
မတားခဲ့ပါပေ။ အခုတော့...
ငါမှတပါး အားလုံးကို ဦးစားပေးရဲ့
ထားခဲ့ပေါ့လေ။

ငါမှတပါး ဘယ်သူ့ကိုမှ မပြောမဆိုရ။
မတားခဲ့ပါပေ။ အခုတော့...
ငါမှတပါး အားလုံးကိုပြောဆိုရဲ့
ထားခဲ့ပေါ့လေ။

ငါမှတပါး ဘယ်သူ့ကိုမှ မခင်မင်ရ
မတားခဲ့ပါပေ။ အခုတော့...
ငါမှတပါး အားလုံးကိုခင်မင်ရဲ့
ထားခဲ့ပေါ့လေ။

ငါမှတပါး ဘယ်သူ့ကိုမှ မကြင်နာရ
မတားခဲ့ပါပေ။ အခုတော့
ငါမှတပါး အားလုံးကို ကြင်နာရဲ့
ထားခဲ့ပေါ့လေ။

သခင်လျှောက်လှမ်း
ပန်းခင်လမ်းမှာ
မသာယာအောင်
ဆူးငြောက်ပမာ
ပြုမိပါမူ
နှလုံးဖြူနှင့်
ခွင့်လွှတ်လေ။
သခင်စက်ရာ
ခန်းဆောင်ကြာတွင်
သာသည့် လင်းရောင်
သွင်းသည့် လေညှင်း
သင်းသည့် စံပယ်
ချယ်သည့် ပန်းချီ
သီသည့် ကဗျာ
သာသည့် ကျေးငှက်
မက်သည့် အိပ်မက်
ဖြစ်ခဲ့ပါမူ
ငါတလူဟု
ဂုဏ်ယူပါရ
နှလုံးလှနှင့်
ခွင့်ပြုပါလေ
ခွင့်ပြုလေ။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။