Thursday, May 31, 2012

ကျောမွဲ ကျောက်တူးခြင်း

ထမင်းကိုကျွေး
အလကားပေးပြီး
စိန်၊ ကျောက် ရတနာ
တူးဆွ ဖောက်ထွင်း
ရလေခြင်း အနည်းနဲ့ အများ။

ကျောက်ကောင်းကိုယူ
ကျောက်ဖျင်းရွေးပြီး
လိမ်ညာပတ်ကာ ပေးလေရာ
အပြုံးဖြာသော်မှ မလှပ
ခံရလေခြင်း များသထက်များ။

ကျောက်ကောင်း ကျောက်ဖျင်း
ဘယ်လို ဘယ်သင်း
ဘယ်ပုံ ဥစ္စာ
မြင်ရုံမျှသိ
သတ္တိရှိငြား
ငါတို့လုပ်သား
ကျောမွဲနင်းပြား
ဖြစ်ပုံများမှာ
မြက်သာစားသော နွားပမာ...။

သုံးနာရီဘဝများစွာ

ဒီတညအတွက်
ကျနော်ဘဝ သုံးနာရီ
ဘာမှ မခံစားရ
အသက်ကလည်း ငယ်သေးတာကိုး။


တနင့်တပိုးရှိုက်လိုက်တဲ့
စီးကရက်
ဆေးလိပ်ပြာခွက်ထဲမှာ အပြည့်
အသက်စေ့နေနိုင်ဖို့ တခါမှမတွေးမိခဲ့တာကိုး။


စစ်ကတော့ ဗျူဟာနဲ့
အချစ်ကတော့ ပျူငှာလို့
ဒါပေမဲ့
တို့နှစ်ယောက်အကြားမှာ
သကာပျားလိုမှ မချိုတာကိုး...။


ငါဖြစ်ချင်တာက ဒီလို
သူဖြစ်စေချင်တာ သည်ပုံ
အလိုလို မခွဲခြားဘဲ
ကွဲပြားနေရတဲ့ ဘဝမို့
ခြားနားခြင်းသည်သာ နိဂုံး
ငါ့အတွက်တော့ တဘဝလုံး...။

Thursday, May 17, 2012

မွေးမေမေအတွက်

အမှောင်ကိုထွင်းဖောက်
အလင်းရောက်လို့ လာချေပြီ
အိမ်ဦးဘုရားခန်းမှာ
ဆီမီး၊ ရေချမ်း၊ မြတ်တော်ပန်းနှင့်
လှပဝင်းထိန်၊ အမေကုသိုလ်ပြုပြီးပြီ။
ဆွမ်းဖြူလည်းကျက်၊ ဟင်းလည်းချက်ပြီး
ဘုရားဆွမ်းတော် တင်ဦးမည်။

သားကလေးတို့ ထပါလေတော့
ဆွမ်းခံဝင်ချိန်နီးခဲ့ပြီ။
ကြေးစည်နောင်နောင်၊ ကုသိုလ်ရဖို့
ဆွမ်းမြတ်တော်ကို သွားလောင်းချေ။
အမျှဝေနေ သတ္တဝါတွေ
အေးချမ်းကြပါစေ။

သားကလေးတွေ ကျောင်းသွားချေ
အမေခြံထဲ ဝင်ဦးမည်။
သားကလေးတွေ သင်နိုင်ရဲ့လား
လူတော်လူကောင်း ဖြစ်ဖို့ပေ။
သားကလေးတွေ ကြိုးစားကြကွဲ့
လူနုံလူဖျင်း မဖြစ်ဖို့လေ။
သားကလေးတွေ ပျင်းကြနဲ့ကွဲ့
ကြီးပွားချမ်းသာ ဖြစ်ဖို့ပေ။
ဆုံးမ စကားတွေ မမေ့ပါနဲ့
လူပေလူတေ မဖြစ်ဖို့လေ။
အမေ့စကား နေ့စဉ်ကြား
ခုထိတိုင်အောင် မမေ့နိုင်ပေ။

ခုတော့ကျနော်
တောမှာပျော်ပြီး
လူသာကြီးလာ
ပညာနည်းပါး
ဗျာပါများလှ
သောကဖိစီး
ပူမီးတောက်ကာ
ဗမာပြည်ကြီး
ရွှေစည်ဟီးဖို့
သူပုန်ကြီးလည်းဖြစ်ခဲ့ပြီ။

မေနှင့်၊ ဘိုးဘွား
ဆွေမျိုးများကို
မတွေ့နိုင်အား
နှစ်ရှည်များလှ
နေရသော်လည်း
တနေ့မှဘဲ
မေ့လည်းမမေ့
တွေ့လည်းတွေ့ချင်
ကျေးဇူးရှင်ကို
ဆပ်ပါလိုလျက်
သည်မောင်လက်လျှော့
နေဦးတော့...။

Wednesday, May 16, 2012

အမေ

မေ့ဂုဏ်အင်ကို
အာကာဝေဟင်
ပင်လယ်သမုဒ်
ဘယ်ပုံထုတ်၍
ဓလေ့နှင့်နှိုင်း
မရိုင်းစိုင်းပါလေနှင့်။

မေ့ပုံမျက်နှာ
ပင်လယ်ပြာနှင့်
မနှိုင်းစာသင့်ပေ
ဆိုပါလေလျှင်
မိုးသောက်ခါတွင်
နှင်းပေါက်လောက်သာ
မရှိရာဘူး။

မေ့၏မေတ္တာ
သမုဒ္ဒရာနှင့်
မနှိုင်းဆသင့်ပေ
ဆိုလေပါလျှင်
ခြင်ယင်ပေါက်ထွင်း
အပ်တစင်းမျှ
မနက်ရာဘူး။

ထို၍ထိုမျှ
ဆင့်ကွာဟ၍
မချင့်မထောက်
မေ့ဂုဏ်မြှောက်လျှင်
ဘဝဂ်တွင်မူ
တူမရှိပ
မေ့ဂုဏ်ဆသည်
မြင့်မိုရ်တောင်ကြီး ဆီးသီးစေ့။

Tuesday, May 15, 2012

သူရဲကောင်းကြီး ငါ

ဗိုလ်ချုပ်အောင်ဆန်းလို
အမျိုးသားအတွက်၊ နိုင်ငံအတွက်
တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်
တိုက်မယ် ခိုက်မယ် စွန့်စားမယ်လို့
မာန်ဟုန်ပြင်းပြင်း၊ အားတင်းပြီးထွက်လာခဲ့တာ
အခုတော့ ထင်တိုင်းမပေါက်ခဲ့ပါဘူး။

ချေဂွေဗားရားလို
တောတွင်းခိုပြီး ငှက်ဖျားမိမိ၊ ကျည်ထိထိ
တင်းပြည့် ကျပ်ပြည့်
လွတ်လပ်စေရမယ်လို့
မာန်တင်းပြီး ထွက်လာခဲ့တာ
အခုတော့ ထင်တိုင်းမပေါက်ခဲ့ပါဘူး။

နောက်ဆုံး...
မောင်းပြန်သေနတ်က ကျည်ဆံလို
တရစပ်ရေးမဟဲ့လို့ မာန်တင်းထားတာ
အခုတော့ ထင်တိုင်းမပေါက်ပြန်ခဲ့ဘူး။

အဆုံးမှာတော့
ကျည်လွတ်ရာမှာ
ကာဖီတခွက်၊ စီးကရက်နဲ့
မြန်မာ့ရေစီး၊ ကမ္ဘာ့ရေစီးကို
ကြည့်ပြီးအားပျက် သွက်လက်မှုကင်း
ကြည့်ပြီးစိတ်ပျက် စိတ်ဓာတ်ကျဆင်းပြီး
ဒင်းတို့...
သွေးကြွေးကို မဆွေးနွေးဘဲ
တိုက်မယ်ခိုက်မယ် အသက်စွန့်မယ်လို့ မာန်တင်းပြီး....
ဆေးလိပ် မီးတို့လိုက်ဦးမယ်...။

Saturday, May 12, 2012

ဘလောင်ဆူနေတဲ့ ကမ္ဘာကို သံဃာများ ကယ်တော်မူပါ

နွေဟာ ပူတယ်။
ဆောင်းဟာ ချမ်းတယ်။
မိုးဟာ အေးတယ်။
ငါမှုစရာဘာရှိသေးလဲ။


လူတုတ်ကွေး
ကြက်တုတ်ကွေး
ငှက်တုတ်ကွေး
ဝက်တုတ်ကွေး
ဝေဒနာဟာ ဘာအရေးလဲ။


စမ်းရေအေးကိုသောက်
သစ်ရွက်စိမ်းကိုစား
ငါတရားပါသေးတယ်။


ဂဠုန်လက်မှ နဂါး
ခြင်္သေ့လက်မှ သား
မိကျောင်းပါးစပ်က ငါး
မြွေပါးစပ်က ဖား
ကြောင်လက်ထဲ ကြွက်
စွန်လက်သည်းထဲက စာ
ကြီးနိုင်ငယ်ညှင်း
လင်းရောင်မရှိ
တကယ်တော့ မှောင်အတိပဲ။

ဗုဒ္ဓပွင့်မှ
တရားရတယ်
တရားရမှ
နှလုံးလှတယ်...
ဘလာင်ဆူနေတဲ့ ကမ္ဘာနဲ့
ကမ္ဘာ့ပြည်သူတွေကို
သံဃာတော်များ
ကယ်တော်မူပါဘုရား။

သန္ဓေမကောင်းခဲ့သူ

အိပ်ချိန်မမှန်
စားချိန်မမှန်တာဘာကြောင့်လဲ။
အိပ်ချိန်မတန်
စားချိန်မတန်သေးလို့ပါဘဲ။


သေလိုသေ
ရှင်လိုရှင်
ငါဟာ စည်းပြင်ကလူ။


လုပ်ချင်တာလုပ်
ဟုတ်ချင်ရင်ဟုတ်
သန်းခေါင်ထက် ညဥ့်မနက်ဘူး။


ထူးဖို့ ခေါ်မဲ့သူမရှိ
ခေါ်ဖို့ ထူးမဲ့သူမရှိ
ငါဟာ အောက်ဆုံးကလူ။


ပူလောင်နေတဲ့ဆောင်း
ချမ်းစိမ့်နေတဲ့နွေ
ငါဟာ သန္ဓေမကောင်းဘူး။

ဝေး

ငါ ဆွေးနေတယ်
တို့ ဘာကြောင့်ဝေးရတာလဲ။

မိဝေး၊ ဘဝေး
ဆွေဝေး၊ မျိုးဝေး
ရပ်ဝေး၊ ရွာဝေး
မြို့ဝေး၊ နယ်ဝေး
တိုင်းဝေး၊ ပြည်ဝေး
နိုင်ငံနဲ့....ဝေး
ဝေး... ဝေး... ဝေး...
ဝေးချင်သလောက်ဝေး။

နေရတာ မတော်မတန်ပေမဲ့
သေရမှာတော့ လျှော်ကန်တယ်။
ငါမှ မလွန်ဆန်နိုင်တာကိုး။

အမျှ အမျှ အမျှ

ဘယ်သူမှ မသေချင်
သေရမယ်တော့သိ
လွတ်လမ်းရှိသော်လည်း
ကျွတ်လမ်းကို မလျှောက်ပဲ
မိုက်မြဲမိုက်နေကြတုန်း။


ငါ့ထက်ငယ်လည်း သေမှာပဲ
ငါ့ထက်ကြီးလည်း သေမှာပဲ
ငါလည်း သေပွဲဆင်ရမယ်
မနက်ဖြန်ဆိုတာ
သေချာတာမဟုတ်ဘူး။


ဒီဘဝမက
လက်မလျှော့ကြနဲ့
တုံးဖိတဲ့ ဖား
မြုံးမိတဲ့ ငါးဟာ
ပြုံးစိစိဆိုတာ မှားတယ်
လက်သယ်ပေါ်အောင်တော့ရှာ
သိတဲ့အခါ မြင်တဲ့အခါ
သည်းခံပါ
ပြုံးရယ်ပါ
ခွင့်လွှတ်ပါ
အဲ့ဒီ့အခါ
သင်ဟာ လွတ်လမ်းမြင်ပြီ
ကျွတ်လမ်းကိုလည်း လျှောက်တော့မည်
ချစ်မိုးစွေစွေတွင်
ကျနော်... အမျှဝေပါရစီ။

Thursday, May 10, 2012

ဆုတောင်း

မှန်စွာယူလို့
တူနှင့်ထုခံရခြင်းသည်လည်းကောင်း။

မှန်တာကြံလို့
ပြည်နှင်ဒဏ်ပေးခံရခြင်းသည်ကောင်းလည်း။

မှန်တာပြောလို့ 
ရွာပြင်ထုတ်ခံရခြင်းသည်လည်းကောင်း။

မှန်တာလုပ်လို့
တကျွန်းပို့ခံရခြင်းသည်လည်းကောင်း။

မှန်တာပြုလို့
လုပ်ကြံခံရခြင်းသည်လည်းကောင်း။

မှန်တာရေးလို့
နရသိန်ကိုရောက်ရခြင်းသည်လည်းကောင်း။

မှန်စွာထူးလို့
အရူးထောင်ပို့ခံရခြင်းသည်လည်းကောင်း။

ဘဝများစွာ
နောင်ခါများဝယ်
မကြုံရသား၊
မကြားရစေ
မမြင်ပါလေနှင့်
မာန်မဝင့်ပါ
ချိုးနှိမ့်ခါဖြင့်
သခင့်ဘုရားထံ
ကျွန်တောင်းခံသည်
အမှန်တောင်းဆုပြည့်စေသား။

ကျွန်ုပ် ဘာကြောင့်ပူသနည်း

အပူကိုယ်စီ ပြိုင်နေကြသည်
ဘယ်သူနိုင်မည်ထင်သနည်း။

အကျွန်ုပ်တွင်လည်း ပူနေပါသည်
ဘာကြောင့် ပူရပါသနည်း . . . .။ 
သူ မချစ်မှာ ကြောက်လို့မဟုတ်
သူပစ်ခွာမှာ ကြောက်လို့မဟုတ်
အမုန်းခံရမှာ ကြောက်လို့မဟုတ်
အဓိဋ္ဌာန်ပျက်မှာ ကြောက်လို့မဟုတ်
အိပ်ရေးပျက်မှာ ကြောက်လို့မဟုတ်
ဆင်းရဲမှာ ကြောက်လို့မဟုတ်
မုန်တိုင်းကို ကြောက်လို့မဟုတ်
ငလျင်ကို ကြောက်လို့မဟုတ်
စွပ်စွဲခံရမှာ ကြောက်လို့မဟုတ်
လုပ်ကြံမှာကို ကြောက်လို့မဟုတ်
အတင်းတုတ်ခံရမှာ ကြောက်လို့မဟုတ်
ဧည့်စာရင်းကို ကြောက်လို့မဟုတ်
ဝရမ်းထုတ်မှာ ကြောက်လို့မဟုတ်
နရသိမ်ကို ကြောက်လို့မဟုတ်
တကျွန်းကို ကြောက်လို့မဟုတ်
သေဒဏ်ကို ကြောက်လို့မဟုတ်
လက်နက်ကိုင်ရမှာ ကြောက်လို့မဟုတ်
စစ်တိုက်ရမှာ ကြောက်လို့မဟုတ်
စစ်ဖြစ်မှာကို ကြောက်လို့မဟုတ်
ကမ္ဘာစစ်ကို ကြောက်လို့မဟုတ်
ကမ္ဘာပျက်မှာ ကြောက်လို့မဟုတ်
. . . . ကြောက်လို့မဟုတ်....။

မဟုတ်တာတွေက 
အဟုတ်ဖြစ်နေလို့ ပူနေတာပါ။

Wednesday, May 9, 2012

ပါရမီ

မိတ်ဆွေပေါင်းသင်း၊ မျိုးရောင်းရင်းတို့
ဖြည့်ဖို့ပါရမီ၊ ပါရမည်ဟု
ပညာရှိများ၊ မိန့်ဆိုထားသည်
သတိမကင်းကြပါစေနှင့်။


ကိုယ့်တာကိုယ်ဝန်၊ ကြေပွန်စေမှ
ဓာတ်အလှနှင့်၊ သတ္တိလည်းကြွ
ယခုမှသည်၊ နာဂါတ်ဆီထိ
ပါရမီဖြည့်ကြပါကုန်လင့်။

ဘဝဆက်ဆက်၊ ဓာတ်မပျက်ဘဲ
အာရုံမပြတ်၊ ကံဉာဏ်မြတ်တို့
သန္ဓေမှစ၊ ဘင်ဘဝထိ
သိဉာဏ်တို့မြင့်ကြစေလင့်။


ကိုယ့်ဝန်ကိုယ်ထမ်း၊ ပင်ပန်းသော်ရှိ
သတိမကြွယ်၊ စာသူငယ်တို့
စွန်ရဲမသုပ်၊ ကြောင်ခုပ်လွတ်ကင်း
ဘဝရှင်းစေချင်သောကြောင့်။


ဇာတိဇရာ၊ မရဏာထိ
သုခမရှိ၊ ဒုက္ခတိပင်
မဖြစ်ချင်လျှင်၊ ခုပင်ဘဝ
နိဗ္ဗာန်ရအောင်၊ သတိဆောင်
ဖြည့်ဆည်းမှပင် အောင်လိမ့်မည်။

တွေးကြည့်ပေါ့

ချစ်လားတဲ့...
မပြောခဲ့ဘူး
အထူးပြောစရာ လိုလို့လားလို့။

သူတခါငိုတုန်း
ပြုံးစရာ ဆယ်ခါပြောလိုက်တော့
တယ်လည်း တတ်နိုင်တာပဲနော့်...တဲ့။

သူ့
အခက်ခဲတခုကြောင်းကိုပြောတယ်
သန်းပေါင်းတထောင်က
နင့်ဘဝထက်ဆိုးတယ်လို့ ပြောလိုက်တော့
..... ဟွန့်တဲ့။

Tuesday, May 8, 2012

အရူးထသည်

သဇင်ပန်းနှယ်
မွှေးတယ်၊ ကြူတယ်
စံပယ်ပန်းနှယ်
သင်းတယ်၊ ကြိုင်တယ်။
နှစ်လိုဘွယ်...
ချစ်ဖို့လွန်ကောင်းတယ်....။


တနေ့မှာကွယ်
မိုးနတ်သူဇာမယ်
ဝေးကမြင်လိုက်တယ်
ပုလဲလိုဖွေး
မြမြသွေးလို့ရယ်
မြင်သူတိုင်းကွယ်
ရင်ဖိုလှိုင်းထတယ်
ကျနော်လည်း သည်လိုပါပဲရယ်...။


သို့ပေ... မဲ့
ကျနော်ကလေ
သစ်ရွက်ကြွေသံ
စမ်းရေစီးသံ
ဂနိုင်ထံသို့ခေါ်
ချစ်တေးကိုကြော်လို့
ပြေးလွှား ဆော့ကစားလို့
မတော်... ချောကျတတ်တာမို့
တွဲလက်မဖြုတ်တမ်းနော်
ရီသံမောသံ တညံညံနဲ့
များတကာထက်ထူးလို့
အချစ်ရူးပါမည်
အဟုတ်....
အချစ်ရူးပါ အတည်....။

ဆဲလိုကဆဲ၊ ကျနော်ငရဲမရောက်ချင်ပါ

များတကာတို့က
ကျနော့်ကိုလေ
စေတနာကြောင့်လား
ဝေဒနာကြောင့်လား
ခွေးမသားလေးတဲ့...။


ကျနော်ကြားမိတယ်
ရင်ထဲမယ်
ယုန်ကလေးရယ်
ဖြူဖွေးတယ်
ချစ်စရာလေးကွယ်...လို့။


ဝက်ဝက်ကွဲအောင်
ဘယ်သူဆဲဆဲ
ဘယ်လိုဘဲ ဆိုဆို
ကျနော့် နားရွက်ကို
လိမ္မာလိုစေတာကြောင့်ပါ...။

ဟေ့ကောင်လို့ခေါ်လည်း
ဗျာထူးပါတယ်။
ခွေးကောင်လို့ခေါ်လည်း
ယုန်ကလေးလို့ ကြားမိတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးရှုင်တို့....။

Sunday, May 6, 2012

မိရယ်၊ ဘရယ် မြင့်မိုရ်တောင်ကြီးနှယ်

ခေါ်လို့လာတာမဟုတ်
လာတော့လည်း လက်ဗလာ
မိဘညှာတာသား
သနားစိတ်တွေ တဖွားဖွား
သားသားနားနား ဖြစ်စေချင်
ဝတ်ကောင်းစားလှဆင်
ပညာတတ်အောင်သင်
မြင့်မိုရ်ပင် ဆီးသီးစေ့
ကြီးဇူးကြီးပါပေ့...။

မှန်းချက်နဲ့ နှမ်းထွက်မကိုက်တော့လည်း
သားဆိုတာ သားပဲ
အသည်းစွဲအောင် ချစ်ကြတယ်။
မလိမ်မာလည်း ချစ်
လိမ်မာရင် အနှစ်
ဘယ်သားကိုမှ ပစ်မထား
မိဘမေတ္တာများ...။

တဲအိုပျက်မှာနေနေ
ထမင်းရေပဲသောက်ရသောက်ရ
စိတ်ဓာတ်မကျ
ငါ့သားလှတွက်
ကိုယ့်ခံစားချက်
လုံးဝမငဲ့ဘဲ
ပိုးလည်းမကြောက်ပေါင်
အမှောင်ထဲလည်း ကြိုးကုတ်တယ်...။


တောင်ပံများပေါက်
ရင်ခွင်ဆောင့်ပြီး
ကိုယ့်ထီးကိုယ့်နန်း
ကိုယ့်ကြငှန်းနဲ့
ပြုံးပန်းတွေညီ
ရီ (ရယ်) သံစည်ပို
ဘမိကိုလေ 
ပစ်ထားပေလည်း
မိဘကတော့ ချစ်နေဆဲ...။


သားဘယ်လောက်ကြီးကြီး
သမီးဘယ်ရွယ်ရောက်ရောက်
မိဘအချစ်ဟာ တောက်ပဆဲ
ရင်ခွင်နွေးထဲက
သားငယ်လေးပါပဲ...။
သမီးငယ်လေးပါပဲ...။

ထပ်ဆင့်တောသား

အမှောင်ကို ဖောက်ခွင်း
လင်းရောင်ကျင်းသည်
နေဝန်းနီနီ လာခဲ့ပြီ။

ငြိမ်သက်တာကို လှုပ်နှိုးဖို့
တတုံးတုံးနဲ့ အုံးမောင်းမြည်
အားမာန်ချီလို့ ထရှာသည်။

အွတ်အီးအော်သံ
တုံးမောင်းညံလို့
ကျေးလက်နာရီ မှန်ကန်သည်။

ဆွမ်းဖြူလည်းညက်
ပဲပြုတ်ကျက်လို့
ကျေးစည်သံတို့ ညံစီစီ။

သဒ္ဓါဖြိုးပေ
ကုသိုလ်တွေ
နံနက်မှာပင် ရလိုက်သည်။


ထမင်းဆီဆမ်း
ပဲပြုတ်လွှမ်း
ရေနွေကြမ်းနဲ့ လွေးခဲ့ပြီ။


နွားညီနောင်သင်း
ဆွဲလို့ဆင်း
ပျိုးခင်းကိုပင် ဝင်ခဲ့ပြီ။


နေကကျဲကျဲ
သားမည်းမည်း
ဇွဲလုံ့လတော့ မလျော့သည်။

ထမင်းထုပ်ရောက်
နွားရေသောက်
ခဏသာပဲ နားခဲ့သည်။

နွားနှင့်တူရုန်း
ရွှံ့ပုတီးလုံး
ပုဆိုးကတောင် မွဲလှပြီ။


နေဝန်းညှို့မှ
ထွန်ဖြုတ်ကျ
အမိဂါရ ပြန်ရသည်။


မီးခွက်မှုန်မှိုင်း
ထမင်းဝိုင်း
မျက်နှာစုံညီ စားကြသည်။

လသာပြင်ဝယ်
ခဏငယ်
ညောင်းညာဖြေရသည်။

ဓာတ်စက်မရှိ
သီတင်းမသိ
လမ်းဘေးစကားကတည်။

ရွာဦးဆရာတော်
ဟောကြားဖော်
သိဉာဏ်ကြွယ်ရသည်။

တို့ရွာဓလေ့
ငါမမေ့
တောသားကြီးပါအတည်
အဲဒါကြောင့်...
အစဉ်အမြဲ ဘဝင်ထဲ
ဂုဏ်ယူမိပါသည်။

ဝါသနာကြောင့်ပါ

ကဗျာဆရာ ဟုတ်ပါဘူး
အရူးထတယ်ဆိုပါလော့
ဝါသနာပါလို့ပါဗျာ...။

ဆရာတွေဖတ်ရင်တော့
ရယ်ဘွယ်ပေါ့ ငါ့စာတွေ
ဝါးလို့မကြေ...။

ဝေဒနာတွေကို
သိုထားလို့မရတာကြောင့်
ပေါက်ကွဲရခြင်း ဖြစ်ရလေ။


ဟားလိုက ဟား
တားလိုက တား
စားလိုက စား
တရားဘယ်သူရှိသလဲ
မွေးခွန်းထုတ်မိတော့မှာပဲ...။

ဖြေချင်လည်းဖြေ
နေချင်လည်းနေ
အသုဘနဲ့ မသာ
ဘာတွေများ ကွာပါလိမ့်...။

ကျွမ်းလည်းမကျွမ်းကျင်
စမ်းကလည်းစမ်းချင်
လမ်းမှန်ကိုတော့မမြင်
မြင်ချင်စမ်းပါရဲ့
သင်ချင်စမ်းပါရဲ့
ကဲ့ရဲ့ပါနဲ့
သင်ပြကြပါ
ညွန်ပြကြပါ
ကျွန်ုပ် နာယူပါရစေ
ဆရာကြီးတို့ရေ...။


ဟေ- သူတော်ကောင်းတို့...။

ထာဝစဉ်နီ

သင့်မှာ သွေးရှိတယ်
သင့်သွေးရယ် ကျန်းမာရဲ့လား
ကျန်းမာရင် နီစွေးတယ်
ကောင်းတယ် မှတ်ထား။


ဒီလို....
နီစွေးနေသမျှမှာ
သွေးကြောင်တာမရှိဘူး
ပြေးရှောင်တာ မရှိဘူး။
ဒါကြောင့်...
ရဲရဲနီဖို့ဟာ
အမျိုးသားရေးတွက် အထူးလိုတယ်။

သတ္တိရှိကြပါ

လုပ်သင့်တာကိုကြံ
မှန်လားမှာလား ဉာဏ်နဲ့ပွား
ကြံပြီးရင် လုပ်
အဟုတ်တကယ်ဆိုရင်
သင်ဟာ သတ္တိရှိသူ။


လုပ်နိုင်တဲ့ သတ္တိ
ကြံနိုင်တဲ့ သတ္တိ
ပြောနိုင်တဲ့ သတ္တိ
ကယ်နိုင်တဲ့ သတ္တိ
သင့်မှာရှိလား မရှိလား
တကယ် စွမ်းပကားနဲ့
လုပ်ခဲ့မယ်ဆိုရင်
အာဂသတ္တိပင်ဆိုရမယ်။

သတ်ရဲတာ
ဖြတ်ရဲတာ
ရမ်းရဲတာ
ကြမ်းရဲတာဟာ
အကျိုးမရှိတာမို့
သတ္တိမဟုတ်ဘူး
မိုက်ရူးရဲလို့ ခေါ်ဆိုတယ်။


ညီ၊ ကို၊ မောင်နှမတွေ
အစွမ်းရှိသလောက်
တဦးတယောက်တွက် မဟုတ်ဘဲ
အများကျိုးကိုတွေး
လုပ်ပေး၊ ကိုင်ပေး
ကယ်တင်ပေး
ကူညီပေးကြပါ
အဲဒါသာ အာဂသတ္တိပါ။


သတ္တိကို
ခွဲခြားမြင်စေလိုပါကြောင်း
တလွဲဆံပင် မကောင်းစေချင်လို့
ကျွန်ုပ်ရေးသားလိုက်တယ်...။

Saturday, May 5, 2012

နောက်ကနေဝန်းမထွက်

ထကြွကြလော့
နိုးကြားကြလော့
သနားကြလော့
သီးခံကြလော့
ဝေဘန်ကြလော့
ထောက်ရှုကြလော့
ဒါပေမဲ့...
အရူးတော့ မထကြပါနဲ့
ငါတို့က “သခင်မျိုး” မဟုတ်ပါလား။ 

ပွဲမလန့်ခင်ရော၊ လန့်တုန်းရော ဖျာခင်းကြသူတွေ
မီးမလောင်ခင်ရော၊ လောင်တုန်းမှာရော လက်ခမောင်းခတ်တဲ့ တောကြောင်တွေ
သင်္ဘော မမှောက်ခင်ရော၊ မှောက်တုန်းရော ဓားပြတိုက်သူတွေဟာ
အမျိုးမစစ်
ကိုယ့်ပြည်မချစ်
ဓလေ့ကိုပစ်
အလေအလွင့်
အစဉ်အဆက် ကျွန်ဖြစ်ချင်သူတွေသာဖြစ်တယ်။
အီလစ်တွေဆိုပါတော့...။


နေမသာတဲ့ နေ့ပမာ
ကြယ်မလင်း ညပမာ
တိမ်ဖုံးတဲ့ လပမာ
မဖြစ်ပါစေနဲ့၊ မဖြစ်စေနဲ့
ရှေ့ကနေဝန်း ထွက်သည့်ပမာသာ ဖြစ်ပါစေ။


တို့တတွေ သူငယ်ပြန်ရအောင်
မှတ်ကြသားကြတာတွေ
အပိုင်အနိုင် သတိကောင်းကြပါစေ
ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါသည်... တဲ့ဗျား။

မိုးနတ်သူဇာ

မဒီ ခင်နှမ
မိုးပေါ်က ကျလေသလာ့
ဝင်းပပမျက်နှာ
ကြည်ကြည်စင်စင်
လဆယ်စင်း သာသလိုပင်...။


လေးခင်နှမ
အလှသခင်၊ အချောဘုရင်
ငေးမဝနိုင်ပင်
တော်လေးဝဝင်...။


တမိုးအောက်မှာ
သူတယောက်သာ
ဒေါင်းဖန်ဝါ၊ ငွေစန္ဒာလို
ခြောက်ပြင်စင်...။


အလှဘုရင်များ
ပါးပြင်အား မြသားတင်
ဗြဟ္မာပင် လူ့ပြည်ခင်
လေးနှမ အလှကြောင့်ပင်...။

စိတ်နှလုံး သူရွှင်ပြုံး
ဘဝင်ထုံး နှိမ့်လို့
ကို့, ညီ, နှစ်မ, မောင်
ပြည်ထောင်လုံးတောင် ချစ်လို့ခင်...။


သြော်... အလှရှင်ဘုရင်...။

တို့လယ်သမား

လယ်ပြင်ကကျယ်ကျယ်
အာကာပြင် မှိုင်းလို့ကွယ်
လေကလေးရယ် ဝှေ့လိုက်တော့
မိုးဖြိုက်လာတော့မယ်။

ဥဿဘညီနောင်မွန်
ယက်ထွန်မယ်ကွယ်
ပုဆိုးရယ် တိုတိုဝတ်လို့
လယ်သမားတို့
အားခွန်မယုတ်
ဝီရိယထုတ်
ကြိုးကုတ်ကြလေတယ်။


စားမယ်နော်ကွယ်
ငရုတ်သီးထောင်းရယ်၊ ငါးပိရယ်
အင်တုံလေးထဲ နယ်ဖတ်တယ် 
ကျွေးသမျှ၊ မဝတဝ
လွေးကြရလေတယ်။

ဝါးခေါင်တိုင် ဓနိမိုး
ယိုင်ကာက ကျဲ
အခင်းကလဲ ကွဲနေတယ်
လေတိုးသမျှ မလုံတယ်
ခြုံစောင်ဖျင်း
ကွေးလို့ ကွေးလို့ ဟင်းထ ငြီးရပါလေတယ်။

ဒါ... ငါတို့ ကျေးဇူးရှင်များ
လယ်သမားတွေပါကွယ်။
ကျေးဇူးကြီးလွန်းလို့
ယနေ့တိုင် မမေ့နိုင်ပါတယ်။

တောသားကြီး

ပန်းခြံကြီးထဲ ရုပ်ပုံများ
လှပကားတွေနဲ့
စည်စည်ကားကား
ကြည့်ရှုစားသောက်
ပျော်လောက်ဘွယ်...။


ငါ့မှာတော့ကွယ်
ဥယဉ်ခြံကြီးလယ်
ပင်ညောင်၊ အင်ကြင်း
နေကြာခင်းဝင်
ဗူး ဖရုံစင်ခြုံ
သည်ပုံချစ်လွန်းလို့
တူရွင်းလေးနဲ့ ပျော်နေတယ်။


ကားဟွန်ကဆော်
ရထားက တဘော်ဘော်
နားမထောင်ဘဲ ကြားရသနော်
သွားသွားလာလာပုံတွေက
ဥဒဟို ထပ်ပါလို့
တိုးလို့ ကြိတ်လို့
သူတို့ ပျော်နေကြတယ်ထင်သလား...။


တို့ဆီမှာပါ
တောကျီးကအာလို့
ခင်ဘုတ်ကသာ
ဥသြကကျော်ပါတယ်
ချိုးကူလို့ရယ်
ဒီသံစဉ်ထုံး
တသက်လုံး
ပျော်ပိုက်နေပါတယ်။

ဓာတ်မီးက ထိန်ထိန်ညီ
မာကျူရီမီးတွေနဲ့
ရောင်တွေကစုံလို့ကွဲ့
အလှကျက်သရေ
တီထွင်လို့လေ
သူတို့တွေ ပျော်နေပုံရတယ်...။

တို့များမှာတော့... 
ဆီးမီးဝါဝါ
လသာသာ
ကြယ်လဲ့လဲ့ဆို
ကောင်းကင်ကိုပဲ့
ကြည့်ရင်းကြည့်ရင်း ပျော်မိတယ်။


တောတောင်စိမ့်စမ်း
ရွက်သစ်လန်းနဲ့
တောပန်းခင်မင်
တောင်ပန်းဆင်လို့
ပိုလို့ပိုလို့ ပျော်မိတယ်။

တိုက်တာမဟုတ်
ထန်းရွက်တဲကုတ်နဲ့
ဝါးကုလားထိုင်မှာ
ဖက်ကြမ်းကိုင်လို့
တို့ပြည်ကောင်းဖို့တွေး
အမျိုးကောင်းဖို့ရေး
စားရိက္ခာပေးနိုင်ဖို့
ပျိုးလေးထောင်လို့
ကိုယ့်ဘို့မတွေးအား
ရိုးရိုးသားသား
ကြိုးကြိုးစားစားနဲ့
ငါတို့ တောသား
တို့တောသား။

အယူတော်မင်္ဂလာ

တို့သခင် မင်းဖျားတို့
ရွှေလက်ထက် ခါများက
လိုတိုင်းတ 
မဆိုင်းတွ
ရနိုင်ယူနိုင်ခဲ့တယ်။


ဘုန်းတန်ခိုး... အာဏာ
ဖြူစင်စွာနဲ့
ရိုးရိုးသားသား
ကြိုးကြိုးစားစား
သနားကြင်နာပြီး
အုပ်မိုး၊ ပိုင်စိုးလို့
တို့မျိုးကို တင့်တယ်စေခဲ့တယ်။

အေးချမ်းတယ်...
ငြိမ်းချမ်းတယ်...
ပန်းသို့နှယ် မွှေးလို့
စမ်းသို့နှယ် အေးခဲ့ကြရတယ်။

ဒါနအား
သီလတရားတွေနဲ့
ဘာဝနာပွားလို့ရယ်
မကြောင့်မကျ
မတောင့်မတ
စိပ်ပုတီးလေး ကိုင်လို့ကွယ်။

ဒါဟာ....
ရှေးယခင်ကပါကွယ်။
လွမ်းမိတယ်
တမ်းမိတယ်
ခုနှယ်လည်း သည်လိုပဲ
စိတ်ကောင်းကြွယ်လို့
ဆုတောင်းပေးလိုက်မယ်...။

အောင်ဇေယျတု
အောင်ဇေယျတု
အောင်ဇေယျတုပါကွယ်။

Friday, May 4, 2012

လင်ကွန်းနဲ့ မသာစရိတ်

တွင်းထွက်ပစ္စည်းဆိုတာ
မတရားမှုကို အံတုချင်တဲ့ မီးလိုစိတ်ဓာတ်နဲ့
စိန်ရွှေ ရတနာ ဖွတ်, လင်းမြွေ။


သူတို့တတွေ သွေ (ဖီ) ဖယ်သွား
တရုတ်ကစား၊ ကုလားကဝါး
ပြဿနာက သွားကြားညှပ်တာတဲ့။


အိုဗျာ... သနားစရာ
ဓာတ်ငွေ့သိုက်ပေါ်လာတာကြောင့်
အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေ
ဓာတ်ငွေ့သယ်တဲ့ကျွန်ဖြစ်ဖို့နဲ့
အိမ်ဖော်ဖြစ်ရဖို့ အသနားတောင် ခံရရှာကလား။

လင်ကွန်းပဲမစွမ်းလို့လား
မြေကျွန်၊ လယ်ကျွန်တွေများတုန်း
စစ်တပ်ကျွန်၊ တိုင်းတပါးကျွန်တွေရှိတုန်း
တိုးတွေကတက်တုန်း
ဘယ်သူနဲ့ ရင်ဘောင်တန်းဖို့ ဘယ်လိုတိုးရမတုန်း
လင်ကွန်း၊ နင်ညံ့ခဲ့တယ်၊
ငါတို့ကို မကယ်နိုင်ပါဘူး။

ဟူး.....
အရူးတွေချည်းမဟုတ်ပါလား။
သွားတော့၊ သွားကြတော့၊ သွားကြလေတော့
ငါ့နား မကပ်ကြနဲ့
နင့်ခေါင်း... ပဲ့သွားတယ်
ဟုတ်ပေါင်.... ကွဲသွားတယ်
ဟုတ်ပေါင်.... ကွမ်းစားသွားမယ်
ဟုတ်ပေါင်... ပွဲပြီးသွားလိမ့်မယ်။
မသာစရိတ်မတတ်နိုင်ဘူး... သွား၊ သွား၊ သွား။

လုပ်ထိုက်ရင်လုပ်၊ တို့က နောက်လိုက်ပဲ

အခု နိုင်ငံအနာဂါတ်
ကြားတတ်သမျှ အားရစရာ
မှတ်ကြ၊ ဖတ်ကြ
ရေးကြ၊ သားကြ
ဒါ နိမိတ်ပုံရိပ်
ရိပ်ခြေကြည့်လိုက်လေတော့
ဟေ...
ငါသောက်တာ ကာဖီမဟုတ်ပါလား။

လွှတ်တော်ကိုတက်
အပြာကွက်နဲ့ ဗေဒါ
ဒေါင်းသက်တွေပါ
သူ့ကို
စောင်းမြောင်းကြည့်ကြတယ်
ဟယ်...
လူကို ခုမှမြင်ဘူးကြသလား။

တောင်းဆိုတာမရ
ပေါင်းဆိုရင်ပေါင်း
မတ်အလောင်းကောင်တွေ
ဒူးချောင်သွားကြတာ
ကျမ်းသစ္စာ ကျိန်နေရပြီတဲ့။

ဟက်ဟက်ပက်ပက် ရီလိုက်ရင်
ရက်ရက်စက်စက်  ပျက်တယ်ထင်လိမ့်မယ်
သက်သက်မဲ့တော့ မဟုတ်ပါဘူး...
တကယ့်သက်သေတွေနဲ့ကို။      ။

နွားနို့သောက်ရတဲ့ ဒုက္ခထက်ဆိုး

ရင်နာတာ စွန်လွန်းလို့
ငါ့ဗိုက်ထဲ ရေတွေ သွန်လောင်းထည့်
ရှူးရှူးသွားရတာပဲ ဖတ်တင်တယ်။


စိတ်ညစ်ရတဲ့ ရက်တွေကြောင့်
စီးကရက်တွေဆော်
တခန်းလုံး နံစော်နေတာပဲ။

စိတ်ငြိမ်အောင် ကာဖီသောက်
ရယ်ဒီမိတ်လောက် အကောင်းလုပ်
မြိုဆို့ရတာ အရသာမဲ့။

ထားပါလေ...
သက်သက်မဲ့ အရူးထတယ်ဆိုပါတော့...။

တို့ဗမာ

ငါ့တို့ အရှင်၊ သခင်၊ ဘုရင်
ပြည်တော် ပြန်မဝင်ခဲ့ရ
တွေးတိုင်း ရင်နာလှတယ်။

ရတနာပုံက ရွှေပြည်တော်
ရတနာဂီရိက သေပြည်တော်
စက်တော် ဘယ်လောက်ခေါ်နိုင်မလဲ။


ပါတော်မူလိှု့ဝမ်နည်းတယ်
ဝမ်းနည်းရလို့ မကျေနပ်ခဲ့
မကျေနပ်ခဲ့လို့ တော်လှန်တယ်။

စက်တိုင်တက်တက်
ခေါင်းဖြတ်ဖြတ်
ကျွန်းကိုပို့ပို့
ငါတို့က သခင်မျိုးမို့ပါ။

ရလာဘ်က လွတ်လပ်ရေး
သေရေးရှင်ရေး ငတ်ဘေးတွေကျ
လွတ်လပ်ရေးကျောက်တိုင် မလှမပ
ငါတို့ သခင်၊ ဘုရင်၊ အရှင်
မြင်စေချင်စမ်းရဲ့
သာကီမျိုးဟေ့ တို့ဗမာတဲ့လေ။

Thursday, May 3, 2012

အချစ်ကအေးသလောက် လောဘကပူ

သွေးဆာတယ်
အချစ်ရယ် မပူပါနဲ့
ပေါများပါတယ်။


အချစ်ဆာတယ်
နေဆယ်စင်းလိုပူ
လောင်းကျွမ်းနေတယ်။


အိုကွယ်...
ကယ်တင်ရှင်ကြီးရယ်...
ဘယ်လိုလုပ်မလဲ။

အညာချစ်

ဥသြသံသာ
ချိုးကကူပါလို့
ခင်ပုတ်ငှက် တကြူကြူ။


ထန်းပင်တန်းရှေ့
မြေနီလမ်းကွေ့က
ငယ်ကျွမ်းက စောင့်လို့ပူ။


တောတောင်သူက
ကွမ်းအစ်လှလှနဲ့
ထန်းလျက်ချို ဧည့်ခံလို့
ဆေးလိပ်တို ဖွားပုံကိုကွယ်
နှစ်ခြိုက်တယ် မဟုတ်ပေမယ့်
တသက်လုံး ခွင့်လွှတ်တယ်
အိုကွယ်... ရိုးတယ်
အလို... ယဉ်လှတယ်
အို... ကပိုကရိုနဲ့
တသက်လုံး စွဲသထက်စွဲ
ခုထိတိုင်ပဲ...။

ဘယ်သူမေ့ပါနိုင်လိမ့်

သစ်ရွက်စိမ်းစိမ်း
တာအုပ်ဘေးမှာ
ချောင်းရေလေးက အေးလှပေ။


ခင်တန်းကလေး
ချုံပုတ်ဘေး
ချိုချိုးအေးအေး မြည်တွံနေ။


လုံးမတသင်း
ရေခပ်ဆင်း
နေမင်းကြီးရဲ့ ဆည်းဆာချိန်။


မယ်ဇယ်ပင်ရင်း
သူငယ်ချင်း
ပုလွေသံက လွင်လို့နေ။


ကျေးလက်အထာ
တသက်တာ
မေ့မရတာ ငါတို့လေ...။

ယုရယ် ယုံပါ

သူပေါ့....
ငါ့အတွက်ဆို ရဲရင့်တယ်
ငါ့အတွက်ဆို အမြဲကောင်းခဲ့တယ်။


အနေဝေးနေတာကြာပြီ
ဒါပေမဲ့ သွေးအေးသွားတယ်မရှိ။


သူ့ကို ချစ်တဲ့အခါလည်း ချစ်တယ်
သူ့ကို သတိရတဲ့အခါလည်း ချစ်တယ်
သူ့ကို မေ့နေတဲ့အခါလည်း ချစ်တယ်
သူကလည်း ကိုယ့်ကိုချစ်တယ်...
ဒါပေမယ့် ချစ်တယ်လို့ တခါမပြောဖူးဘူး....
ဒါကိုပဲ ကိုယ်က ချစ်နေရတာပါ...။


သူက ယုပဲ။

ယနေ့လွတ်တော် နွားခြံ

လွတ်တော်မှာ လူစုံစွာ
ညွတ်ကြမလား၊ ခွပ်မလား။
ဝါးဟားဟားတော့ မရယ်ချင်
ဘယ်သူ သူငယ်စင်သလဲ
ဘယ်သူ သူတော်စင်ပါလဲ။

ခွပ်ဒေါင်းလား

လှပလွန်းတဲ့ အနာဂါတ်ညမှာ
လာသာတာ ပျော်စရာမဟုတ်သေး။

ညမှာ အိပ်ဆေး
နေ့မှာ လေပေး
ဆင်နွှဲမှာက ဘယ်လိုအရေးတော်ပုံလဲ။

ကြယ်ပွင့်တွေလား
ကြွေကျတာများပြီ
မနက်ဖြန်ဟာ အလကားပဲ။

အားသစ်တွေဆုတ်
ကြောက်သွေးတွေတိုး
မအေရိုးတွေက
ခွေးတိုးပေါက်က ဝင်လိုဝင်။

လူမွန် လူကောင်း သွေးသစ်လောင်းသူတွေ
ပွဲမလန့်ခင် ဖျာခင်းနေကြတယ်
ဒိုက်တွေ မှိုက်တွေ လှေကြုံတွေ
ခွပ်ဒေါင်းသတိဆို နတ္ထိ
မခေါ်ခင် ဗျာထူး ဒူးထောက်ပြီးရူးကြပြီ
ခွပ်ဒေါင်းဇာတိမာန်
ချီးစားဖို့ ကြံနေကြပြီလားဟေ့။    ။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ