Sunday, May 22, 2011

အညာဆောင်း

မြူခိုးဝေ
နှင်းကြွေလု ဖြူဖြူဥတွေက
စီရရီ တွဲခိုလို့
ပုလဲနှယ်သို့။
ခြုံစောင်ကိုဖယ်
ပြေးခိုမယ် ဆောင့်ကြောင့်လေး
မီးဖိုနဘေးမှာကွယ်
ချမ်းအေးလို့ကွေး။

နေမင်းသူရိန်

အာရုဏ်ကျင်း
အလင်းပေါ်လို့ ရောင်ခြည်ဖြာ
ထွန်းလှပေတာ။

နေဝန်းရယ်သာ
နုထွေးကာ နွေးပါဘိ
ဆေးဖြစ်လို့ ဘေးကင်းစေတယ်
သူရိန်နေမင်း။

သန့်စင်ပန်း

သန့်စင်ရယ် မွှေးပါဘိ
မြေမထိ ခေါင်ကြာတင့်လို့
လေသင့်ရာ ပင်ယံမြင့်ဝယ်
သပ္ပါယ်လို့ကြူး။

တော်သုံးတဲ့ တော်ဝင်ပန်း
ဆွတ်လှမ်းလို့ မမှီပါတယ်
ဝေးရာက ကြင်ပါနော့်
ခေါင်းမော့လို့ဖူး။

လွမ်းဖွယ်

ရွာနဘေး တပြင်တခွင်မှ
တောင်ကျချောင်း တသွင်သွင်နဲ့
နွားကျောင်းသားတို့ တေးကိုဆင်
ပုလွေသံ တလွင်လွင်က
အမှန်ပင် လွမ်းဆွတ်ဖွယ်ပါ…။

ရွာဝင်လမ်း ခင်တန်းပြင်မှ
ပျိုမေတို့ နေညိုရင်ပေါ့
ရေအိုးကိုယ်စီ ခေါင်းပေါ်တင်လို့
ရေခပ်လာ မြင်စမ်းချင်တယ်
အဟုတ်ပင် လွမ်းဆွတ်ဖွယ်ရာ…။

မိုး

လေရိုင်းက ပြင်းလှပါ
တိမ်မိလ္လာတို့ မှိုင်း
ပင်ကိုင်းတို့ လှုပ်ထွေထွေနဲ့
မိုးစွေလို့ပေး။

အင်းအိုင်တို့ လျှံပြီကွယ်
ရေပြင်ကျယ်က ဖွေး
ကွေးလေးငယ် ဖားဂုံညင်းက
အုံအင်းတဲ့လေး။

မြွေ

ကျီးဟာ ဒေါင်းယောင်ဆောင်ပေမဲ့
ဒေါင်းဟာ လုံးဝ ကျီးယောင်မဆောင်သလို
ဆင်ဖြူတော်ဟာ
ဘယ်သောအခါမှ ခွေးတိုးပေါက်က မဝင်ဘူး။
ပေါက်တွေ့တိုင်း လျှိုတဲ့ကောင်ဟာ
မြွေသတ္တဝါပဲ ဖြစ်လိမ့်မယ်။

လမ်းဆုံ

လမ်းခြင်းမတူပေမဲ့
လမ်းဆုံဆိုတာရှိတယ်
လမ်းမဆုံးခင် တွေ့နိုင်တယ်။
ဒါပေမဲ့
လမ်းသိမှ
လမ်းရှိမှ
လမ်းလျှောက်မှ
လမ်းပေါက်မှ ဖြစ်နိုင်မယ်။

မထူးမဆန်း


လျှပ်စစ်မီးရတာ မရတာ
ငါတို့အတွက် ဒုက္ခမဟုတ်
သုခလည်းမဟုတ်
လမင်းကြီးသာ ပဓာန
ပြူရ ထွက်ရ
ပျောက်ရ ကွယ်ရ
ငါတို့ရဲ့ ဒုက္ခ သုခပေါ့။

Tuesday, May 17, 2011

အရိုင်းပန်း


ပေါင်းမသင်
ရေမလောင်း
နေမထိ လေမငြိ
ပကတိ တောပန်းလေး
ရိုးရိုးသားသား
မျှောင်လင့်ချက် တောင့်တချက်မရှိ
ဘယ်သူ မြင်မြင် မမြင်မြင်
ဘယ်သူ ဆင်ဆင် မဆင်ဆင်
ဘယ်သူ ခင်ခင် မခင်ခင်
ဆင်ဆာမရှိ ပကတိလှနေမှာပဲ…။

မြောက်လေသွေးလည်း
မွှေးမြဲမွှေး
နှင်းရည်အေးလည်း
မွှေးမြဲမွှေး
နေခြည်ထွေးလည်း
မွှေးမြဲမွှေး
ပုလွေတေးနဲ့ မွှေးနေဆဲ…။

ရွေးချယ်ခွင့်မရှိလို့
တောမှာပွင့်ရတဲ့ အရိုင်းပန်း
ကြွေလမ်းတခုတည်းရယ်ပါ။
ဘယ်သူလှမ်းပြီး
ဘယ်သူနမ်းမလဲ
ဘယ်သူမြင်ပြီး
ဘယ်သူဆင်မလဲ
ဘယ်လို တုပပြီး
ဘယ်သူ ယုယမလဲ…။

Thursday, May 12, 2011

ငါ့ရဲ့ အကောင်းဟာ သူ့ရဲ့ အဆိုး

အကောင်းမှန်သမျှ မကောင်း
အဆိုးမှန်သမျှ မဆိုး
သတ်မှတ်ချက် ကမောက်ကမတွေကြောင့်
အယူအဆ ဗြောင်းဆန်မှုတွေကြောင့်
အတွေးအခေါ် မညီမျှမှုတွေကြောင့်...။
ဘာဖြစ်ဖြစ်လေ...
အာဒံက ဧဝကလွဲလို့ ချစ်စရာမှ မရှိတာ...။

ဝေခဲ့တုန်းက

ပွင့်နေဆဲပန်း
ဝေနေဆဲပန်း
ကြွေလမ်းမသိ
သေလမ်းမမြင်
ပွင့်ဘိဝေဘိ၏။

ပွင့်ပြီးတဲ့ပန်း
ဝေပြီးတဲ့ပန်း
ကြွေလမ်းကိုသိ
သေလမ်းကိုမြင်
ပွင်ခဲ့ဝေခဲ့၏။

ပွင့်ဝေခဲ့စဉ်
လူချစ်ခင်များ
အားရနှစ်သက်
ပန်းမှပန်းကလေး
မနမ်းရက်သလိုလို။

ပွင့်ကြွေခဲ့တော့
နင်းခြေကျော်လွှား
နားပင်မကပ်
ပန်းလည်းမမှတ်
မလှမ်းရက်သလိုလို။

Friday, May 6, 2011

ရှာပုံတော်

ငါတို့ ရှာကြတယ်၊ စားဖို့
ငါတို့ စားကြတယ်၊ ရှာဖို့
ဘာစားသလဲ
ဘယ်လောက်ရသလဲ။

ငါတို့ ရှာကြတယ်၊ ဝတ်ဖို့
ငါတို့ ဝတ်ကြတယ်၊ ရှာဖို့
ဘာဝတ်သလဲ
ဘယ်လောက်ရသလဲ။

ငါတို့ ရှာကြတယ်၊ နေဖို့
ငါတို့ နေကြတယ်၊ ရှာဖို့
ဘယ်လိုနေသလဲ
ဘယ်လောက်ရသလဲ။

ငါတို့ ရှာကြတယ်၊ နှစ်ကျပ်တစ်ပြား
ငါတို့ စားကြတယ်၊ ရေလုံပြုတ်
ငါတို့ ဝတ်ကြတယ်၊ စွပ်ကျယ်စုတ်
ငါတို့ နေကြတယ်၊ နွားတင်းကုတ်
ငါတို့ ရှာရအုံးမယ်...။

Thursday, May 5, 2011

ရွံစရာကောင်းလိုက်တာ

သူ့စာကို ကိုယ့်စာလုပ်
ကိုယ့်စာကို သူ့စာလုပ်
ချီးကဘယ်လောက်လဲ
အာဟာရက ဘယ်နှစ်ပဲ
အဆီအနှစ် တမူးတပဲ။

ငါကတော့ အကုန်ရွံတယ်
ငါ့ကိုယ်ငါ့ရွံတယ်
သူ့စာကိုရွံတယ်
ငါ့စာကိုရွံတယ်
ချီးကိုလည်းရွံတယ်
အာဟာရကိုလဲရွံတယ်
အဆီအနှစ်ကိုလဲရွံတယ်။

တဏှာစေရာ မနေသာ

ငါတို့ရွာသူကြီးရဲ့ နံမည်က တဏှာတဲ့။
ရွာသူရွာသားတွေ နားရတယ်မရှိဘူး သူခိုင်းလို့။
မလိုအပ်တာတွေ သူအကုန်လုံး လိုချင်တယ်။
သူ့အတွက် အကုန်လုံး ထောင်ကျခံရတယ်။
သူ့ကြောင့် အကုန်လုံး ပူလောင်ရတယ်။
သူက အကုန်လုံး စားတယ်။
သူက ရွာသူကြီး
တဏှာ၊ ဘီလူး၊ အရူး...။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။