Sunday, June 27, 2010

သူ့လမ်းနဲ့သူ

လူ့ဗာလတို့
ပြုသမျှ ဖြောင့်စွသည်
ပြုံးပန်းတွေစီ...။

သေရမည်ကိုမေ့
တကွေ့ဆိုတာ မသိ
ငါဟဲ့ မိစ္ဆာဒိဋ္ဌိ...။

မဟုတ်တာပြော
မမှန်တာကို ကြံ
ခံမပြောနဲ့
ပြန်မဟောနဲ့
ငဲ့ညှာမှာ မဟုတ်...။

ငါတကောတွေ
လမ်းပြေပြေမှာ ပန်းတွေဝေလို့
ချွေရံကပေါ
တနပ်စားဉာဏ်တွေနဲ့
ဖောက်ပြားနေကြတယ်...။

မိုးထက်အာကာ
သွန်းခါ ညံမစဲ
ရွှေခဲ ငွေခဲ
မျက်ရွဲ ပုလဲ
ကိုးဖြာ နဝရတ်
မိုးရွာလတ်သော်
ပြုံးပျော်မဆုံး...။

အကျိုးပေးချိန်တန်
ငိုညဉ်းသံတွေနဲ့
ရငဲပွက်အလား
ဓားမိုး၊ လှံမိုး
ပြာပူမိုးတွေနဲ့
အတုန်းအရုန်း
ကပ်ဆိုးကြီးဆိုက်ပြီ...။

မကောင်းမှုဒဏ်ဟာ
အဟောသိကံမဖြစ်ဘူး
တန်ပြန်ဆိုတာ ရှိစမြဲ
ဘုရားလဲ မကယ်နိုင်ဘူး
သိကြားလဲ မကယ်နိုင်ဘူး
တရားသူသာ နိုင်စမြဲ
အောင်ပွဲနီးပြီ
ကဲ သူငယ်ချင်း
လုပ်သင့်တာလုပ်...။

Friday, June 25, 2010

ဗမာပြည်မှ မွေးပြီး ဗမာမဟုတ်သူများ

သီအိုရီတွေကို စားသုံးပြီး
အရသာခံတတ်သူ
ဦးနှောက်တွေကို ဖောက်ပြီး
မြည်းကောင်းရှာသူ
ဘဝတွေကို စုပြီး
မာဆတ်ထောင်သူ
ဝေါဟာရတွေ ပုံပြီး
မြှီးထောင်သူ
မြွေလို ရေခွံလဲပြီး
ပုတ်သင်လို ခေါင်းညိတ်သူ
လက်မထောင်ပြီး
အဝိစိ၌ ပျော်မွေ့သူ...။

ဒင်းတို့... ဒင်းတို့အတွက်
ခိုစရာ တင်းကုတ်မရှိပြီ
မှေးစက်ရာ ခြေသုတ်ခုံမရှိပြီ
ပုန်းခိုစရာ ဖွတ်တွင်းမရှိပြီ
မြိုဆို့စရာ အန်ဖတ်မရှိပြီ
ထွီ.. ထွီ.. ထွီ..။

ဗမာ ဆိုတာ
ကြိုးစားတယ်ကွ
ဘယ်တော့မှာ ခိုးမစားဘူး
အကျင့်ကောင်းတယ်ကွ
ဘယ်တော့မှာ တောင်းမစားဘူး
ကူညီတယ်ကွ
ဘယ်အဖြူကိုမှ အထင်မကြီးဘူး
တရားရှိတယ်ကွ
ဘယ်အင်ဂျီအိုကို မဖားဘူး
မျိုးရိုးနဲ့ကွ
ဘယ်ပြည်ပကိုမှ အားမကိုးဘူးကွ
မှတ်ထား.. မှတ်ထား.. မှတ်ထား..။

ဖောက်ပြားသူဟာ ဗမာမဟုတ်ဘူး
အင်ဂျီအိုမှာ ပိုက်ဆံတောင်းတာ ဗမာမဟုတ်ဘူး
ရဲဘော်ချင်း ချောက်ချတာ ဗမာမဟုတ်ဘူး
ဒေါ်လာမက်တာ ဗမာမဟုတ်ဘူး
ရွေးကောက်ပွဲ ထောက်ခံတာ ဗမာမဟုတ်ဘူး
မသေမချင်မှတ်ထား
ဗမာဆိုတာ ဘယ်တော့မှာ
ခွေတိုးပေါက်က မဝင်ဘူး
အရိုးမကိုက်ဘူး
ငွေမမက်ဘူး...။

ကိုယ့်စကားကိုယ်တည်
ကိုယ်ယဉ်ကျေးမှုကို တန်ဘိုးထား
လူကြီးသူမကို လေးစား
တရားကို မြတ်နိုး
အဓမ္မကို ဆန့်ကျင်
မဟုတ်ရင် မခံ
ဒါ ဗမာရဲ့ စံကွ...။

လာခဲ့စမ်း
နအဖ (နဝတ)
လာခဲ့စမ်း
အရင်းရှင်
လာခဲ့စမ်း
ကိုလိုနီ
လာခဲ့စမ်း
နယ်ချဲ့
လာခဲ့စမ်း
ဖက်ဆစ်
သေချင်ရင် သတ်ပြမယ်
လောင်ချင် ရှို့ပြမယ်
မြောချင်ရင် မြှောပြမယ်...။

ဗမာကွ
ဒါ... ဗမာ...။

မှတ်ချက်။ ။ ဗမာဟုဆိုရာ၌ တနိုင်ငံလုံးကို ဆိုလိုသည်။ မြန်မာဟူမှာကား မြေပြန်နေ လူမျိုးတမျိုးကိုဆိုလိုသည်။

Saturday, June 19, 2010

မွေးနေ့ ဆန္ဒ

အများတကာတွေ
သစ်ပင်စိုက်ကြသတဲ့
အမေ့မွေးနေ့ ဂုဏ်ပြုဖို့တဲ့လေ
နွေအပူမှာ ရေလှူသူ လှူသတဲ့
ထောင်သောင်းမက ကုန်ကျတဲ့ ခန်းမတွေငှားလို့
ဘတ်ဒေးကိတ် စားသူစားကြပေါ့

ပထွေးကို ဖအေတော်ချင်သူတွေက
ရှိသမျှ သယံဇာတ ပေါက်ဖော်ကို ဆက်သနေမှတော့
သစ်ပင်စိုက်တာ ဘယ်အလျဉ်မှီပါ့

မိုးကြိုးကို ထန်းလက်နဲ့ကာတဲ့အဖြစ်
ဒင်းရို့ဖြုန်းသမျှ ကုန်းဆပ်ရတဲ့အဖြစ်
ရေလှူသူ၊ မြေလှူသူ
အသွေးလှူ လှူ၊ အသားလှူ လှူ
လှူသမျှ သာဓုအခါခါချမယ်
ပကာသနခြယ်တဲ့ ခန်းမလယ်က
ဘတ်ဒေးကိတ် ခပ်မဆိတ် တိတ်တိတ်ပေါ့
အဟောသိကံကို အဟောဝတ ကောင်းလေစွလို့ သြမချလောက်
ဟောဒီ သားတယောက်ဖြင့်
အကျဉ်းစံ အမေ့အတွက်
လူ့အန္ဓ၊ လူ့ဗာလတွေနဲ့ ဘ၀ဆက်တိုင်းဝေးလို့
ဝိမုတ္တိရသကို ခံစားစေချင်လိုက်တာ အမေရယ်။ ။

အောင်ဟိန်း (မုံရွာ)

(၁၉) ရက်၊ ဇွန်လ၊ ၂၀၁၀

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅) နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုစပ်ဆိုပါသည်။

Friday, June 18, 2010

ပဋိသန္ဓေမှ စပြု၍

ဒီနေ့နေသာတယ်
တိမ်တောင် အရောင်တောက်နေတယ်
သစ်ခက်လေးတွေ ယီးလေးလွှဲကာ
မြူးတူးနေတယ်
ကျေးငှက်ကလေးတွေ
သီကျုးနေတယ်
ပန်းမာလ်တွေ
သင်းပျံ့မွေးကြူနေတယ်
လေပြည်များက
ညင်ညင်သာသာ တိုက်ခတ်နေတယ်
သကာများက
ဆွံ့ပျံ့ချိုသာနေတယ်
လွန်ခဲ့တဲ့ ၆၅ နှစ်ကလည်း
ဒီအတိုင်းပဲ...။
လွန်ခဲ့တဲ့ ၃၁ နှစ်ကလည်း
ဒီနေ့လိုပဲ...။

လူထုကြားမှာ
တိုးဝှေ့သွားလာ
လူထုစကားမှာ
ဝဲကာလွင့်ကာ
လူထု နှလုံးသားမှာ
ကွန်းကာခိုကာ
ထွန်းပမယ့်သူကိုး
ဖိုးထိုက်တဲ့သူကိုး
အမျိုးနဲ့ အရိုးနဲ့လေ...။

ဒီလိုနေ့မျီုးတွေ ထောင်ချီ
ဒီလိုသက်မျိုး ရာထောင်ရှည်
မြေမဟီ သိမှတ်ပြု
အာကာဗွေက ဆီးကြိုလှည့်
ငါတို့က နှုတ်ခွန်းဆက်
နေ့ရက်မြတ်ကို
ကြိုဆိုကြလေ...။

Thursday, June 17, 2010

လူ့မဟာ

အလင်းရောင်ကို မြင်ခွင့်မရသူတို့
လင်းရောင်ရဖို့ ကြိုးကုတ်တယ်။
သာယာတဲ့အသံကို ကြားခွင့်မရသူတို့
အသံကြားရဖို့ ကြိုးစားတယ်။
သင်းပျံ့တဲ့ အနံ့ကို ရှူရှိုက်ခွင့်မရသူတို့
အနံ့ရဖို့ ဝီရိယထားတယ်။
ချိုမြိန်တဲ့ အရသာကို စားသုံးခွင့်မရသူတို့
စားခွင့်ရအောင် သဒ္ဓါတရားပွားတယ်။
ညင်သာတဲ့ အထိတွေ့မှုကို မခံစားရသူတို့
ခံစားရအောင် ဥပဒေသတွေ လေ့လာကြတယ်။

ကျားရဲဆိုတာ သူတို့ပဲ
သီလလည်းလုံတယ်
စိတ်လည်း တည်ကြည်တယ်
ဉာဏ်နဲ့ ဆုံးဖြတ်ကြတယ်
ကမ္ဘာ့မြေကြီးကို ဆက်စပ်ဖို့
မြစ်ချောင်းရေတို့ ကြည်လင်ဖို့
မိုးကောင်းကင်ကြီး စင်ကြယ်စေဖို့...။

လောကကြီးက ချီးကြူးတယ်
ကြယ်စင်တွေက ဂုဏ်ပြုတယ်
်လဝန်းကြီးက ထောက်ခံတယ်
နေမင်းကြီး ဖေးမတယ်
လူသားတွေက ကြိုဆိုနေကြတယ်...။

ဆုတ်ခေတ်မှာ
ဗီဇကောင်းဆုံး လူတဦးဟာ
မဟာလူသားပါပဲ...
ယုံကြည်မည့်လူရှိတယ်
ကိုးစားမည့်လူရှိတယ်
ကိုင်းရှိုင်းမည့်သူရှိတယ်
ပါရမီဖြည့်ဖက်တွေလေ
အရိုးတွေကြေ
အသွေးတွေချောက်
အချွေးတွေခန်း
သူတို့ဟာလည်း
နောက်ဆုံးခန်းထိ
ဖြည့်ကြမှာပါ...။

Wednesday, June 16, 2010

ဝေတုန်း ဒါပေမဲ့ ကြွေတော့မယ်

အချိန်တွေ
အားကောင်းကောင်းနဲ့ ရွေ့နေတယ်
အသက်တွေ
အရှိန်အဟုန်နဲ့ ရင့်ရော်လာတယ်
အချစ်တွေ
ကြွကြွရွရွ ချစ်နေတုန်း...။

မိုးသောက်ယံ တရေးနိုး
ပြိုးပြိုးပျက်ပျက် မျက်လုံးထဲ
ကွင်းကွင်းကွက်ကွက်မြင်
ဒီချိန်ထိ
ကိုယ့်စိတ်ထဲမှာ
ထင်ထင်လင်းလင်း
ချစ်စိတ်တွေ ဝင်းပတုန်း...။

တုန်းဖိလိုက် ဘဝ
မြုံးမိလိုက် ဘဝ
ရှိုက်သံတွေနဲ့ ခလုတ်တိုက်နေတယ်
ပွန်းပဲ့၊ ရှစင်း
ဟင်းလင်းပြင်ထဲ လမ်းပျောက်
ဘဝဟာ ခေါက်ရိုးမကျိုးသေး
ခြေတဖက် သင်္ချိုင်းဖက် ယွန်းနေပြီ
ကျွန်းကခံတုန်း...။

မုန်အားကောင်းစဉ်က
ဝင်းပတော့မလို ဘဝ
ခဏပါ...။
ထိုက်သင့်တဲ့ကံ
ရိုင်းပဲရိုင်းနိုင်လွန်းတယ်
မေတ္တာတွေဖြတ်၊ အချစ်တွေကိုစွန့်
မိခင်ကိုထား၊ တိုင်းပြည်ကိုပစ်
စံနစ်တခုရဲ့သားကောင်
တောင်ပံကျိုးတဲ့ငှက်
ဒုက္ခတွေ ပင်လယ်ဝေ
သောက ဗျာဗွေမှာ
ကမ်းမရှိ၊ လမ်းမသိ
အင်း...
ချစ်စိတ်တွေ ဝင်းပတုန်း...။

Sunday, June 13, 2010

အချည်းအနှီးပဲဖြစ်ခဲ့တယ်

ပေါက်ကရငါးဆယ်တွေ ပြောပြီး
နေဝင်နေထွက်တွေကို မှတ်တမ်းတင်လိုက်
လရောင်မှိန်မှိန်တွေကို ကျော့ကွင်းထောင်လိုက်
ညဥ့်ငှက်ကလေးတွေနဲ့ သံစဉ်ညှိလိုက်
ကော်ဖီခါးခါးကို ကျိတ်မှိတ်လိုက်နဲ့
ခြေမညွန်ရာ လွင့်ပါသွားတာ
ဆယ်စုနှစ်များ လွန်သွားပြီ...။

သူ့ကျွန်မခံသီချင်းကိုဆို
မွေးဋ္ဌာနေသီချင်းကိုညဉ်း
အောင်ပါစေသီချင်းကိုနားထောင်
ကြံတိုင်းအောင် ဣစ္ဆာအိုးကိုနှိုက်
လက်တဆုံး ခါးအကုံး
သုညတလုံးပဲရလိုက်တယ်...။

ဖွတ်လည်းမရ
ဓားမလည်းဆုံး
ကျားကိုကြောက်ရ
ရှင်းကြီးကို ရွံ့ရနဲ့
မွှေးကျွတ်တာတောင်
ဒီဘဝက
လွတ်မယ်မထင်ဘူး...။

စံနစ်ဆိုးထဲမှာ
ဒုက္ခကအမျိုးမျိုး
တောင်လိုပုံတဲ့ ရိုး
မြစ်လိုစီးတဲ့ သွေး
မိုးလိုရွာတဲ့ ချွေးတွေ
ပေးဆပ်ပြီးပြီ
ရင်းနှီးပြီးပြီ
ဘယ်မှာလဲ လှပတဲ့အနာဂါတ်
ဘယ်မှာလဲ တောက်ပတဲ့ အလင်းရောင်
ဘယ်မှာလဲ ဖြောင့်ဖြူးတဲ့ လမ်း
အောင်မြင်မှုတွေက
ကုလားသေ ကုလားမော
ဘယ်နားသွားသေနေတယ်မသိ
ဘယ်မှာလဲ...
ဘယ်မှာလဲ...။

ကျောက်စရစ် အသည်း

ငါ့ရဲ့
ချစ်ခင် မြတ်နိုးမှု မေတ္တာ
ယုံကြည် ကိုးစားမှု သစ္စာ
ပေးဆပ် စွန့်လွှတ်မှု အနန္တတွေကို
ကျောခိုင်းသွားပေမဲ့
ခိုင်းနှိုင်းပုံသဏ္ဍန်တွေဟာ
တည်မြဲနေတုန်းပါပဲ...။

ရိုးအပြိုင်းပြိုင်းနဲ့
ဝေစည်မှုကင်းမဲ့နေတဲ့
ပင်အိုရဲ့ သဘာဝ အလှကို
မင်းပျက်ရယ်ပြုခဲ့တယ်
ဒါကလည်း...
လူတိုင်းမှာ ပျောက်ကွယ်လုဖြစ်နေတဲ့
နိယာမတခုပဲ ဆိုပါတော့...။

အသက်ရှိတွေရဲ့ ကျင့်ကြံမှုက
အန္တရာယ်တွေ ဝိုင်းနေတော့
ကမ္ဘာပျက်သည်အထိ
မှန်ကန်နိုင်တဲ့
ကျီးကန်းရဲ့ ညစ်ထေးမှုတောင်
အရောင်ပြောင်းလာပြီလေ...။

ပျောက်ကွယ်နေတဲ့
သင်း..ရဲ့အပြုံး
ချောက်သွေ့နေတဲ့
သင်း..ရဲ့ ဟဒယ
တည်ငြိမ်မာကျောနေတဲ့
သင်း..ရဲ့ အာဃာတ
ငါ...
ဖက်တွယ်ဆဲ
ရင်ဆိုင်ဆဲ
အံတုဆဲ
မြတ်နိုးမြဲ
ယုယမြဲ
နှစ်သက်မြဲ
ဝက်ဝက်ကွဲ ရယ်ချင်ရယ်နိုင်တယ်
စွဲချက်တွေ ထပ်တိုးနိုင်တယ်
လက်စောင်း ပစ်ချင်ပစ်နိုင်တယ်
အချစ်တွေဟာ တည်မြဲတုန်း...။

Thursday, June 10, 2010

မှန်းစားမယ်လော၊ ရေးချိုးမယ်လော

စီးစီးစိုစို
တွန်ပျိုဝန်းပတ်လည်
တောပန်းဟားလေး ပွမ့်နေဝီ
လိပ္လာလေလဲ ပ္လျံနေဝဲနေ
ငှပ်ဟားလေလဲ ချင်းဆိုနေဂေ့ဟယ်...။

တွန်က္လျ ခ္လွန်းစပ်မာ
သစ်ဝပ်ဝါဟားလေ ဝဲနေဝီ
ခေမျစ်စိ ရေတီတီဟလဲ
အေးစဝဲ့...။

နိရယ်ဟလဲ သျှိုသျှို
ရေဟ တပ်တပ်
ဖျားရေချိုးဂေ့စို့ဝေး
ဖန်းသီးလည်း ကွတ်စားဂေ့မယ်လယ်...။

အီ ပ္လျန်
ဂန်းသီးပိဖျော်န
ညင်းသီးနုဖတ်ဖတ်ဟားန
ငါးချွတ်ဖုန
မှန်း မ္လီ မ္လီ စားမယ်လော့ဝေး...။

ဘူပန္းမြီးမြီး
ပလိပန္းပန္းမြီးမြီး
ရေစီးမှန်းလဲ စားမယ်
မတ်သီးပိချော်န လိုက်ဇ...။

မွန်းဂံမာ အောင်းရယ်ဟားသွပ်
ရှပ်သီးဟာစား
ရေးပူးဝိုလည်းချိုး
ဘော်လောင်းကန်
ခြင်းခတ်
ပျော်စလဲ...
လာဂေ့ပါလော်...။

စေ..များ

ကိုယ်ကြီးပွားဖို့
သူတပါးတွေ ဆင်းရဲစေ
ကိုယ်အသက်ရှည်ဖို့
သူတပါးတို့ အသက်တိုစေ
ကိုယ်လွတ်လပ်ဖို့
သူတပါးတို့ ကျဉ်းကျစေ
ကိုယ်နေရာမြဲဖို့
သူတပါးဖို့ ပြောင်းရွှေ့စေ
စေ..စေ..စေ...စေ...။

ကိုယ်သေဖို့အတွက်
တပါးသူတို့ တွင်းတူးစေ
ကိုယ်ငရဲသွားဖို့အတွက်
တပါးသူတို့ လမ်းခင်းစေ
ကိုယ်လောင်မြိုက်ဖို့အတွက်
တပါးသူတို့ မီးမွှေးစေ
စေ..စေ..စေ..စေ...။

အတ္တတွေ၊ မာနတွေ၊
ဒေါသတွေ၊ အာဃာတွေ
လောဘတွေ၊ တက်မက်မှုတွေ
ပျက်စေ၊ ပြုန်းစေ၊ ကြေစေ၊ မွစေ
ကျိုးစေ၊ ကြေစေ...
တစစီ...တစစီ...။

သက်ပြင်းတချက်ရဲ့ အရသာ

ရောင်ခြည်ဦးကနေ
ဆည်းဆာအထိ
နာရီလက်တံတွေကို ဖက်တွယ်ရင်း
မောဟိုက်နေခဲ့
သက်မဲ့ဒြပ်တို့ ခုန်ပေါက်စရာ
မြေနေရာတို့မရှိပြီ
အတိတ်ဆီ... ပြန်တွေးရင်
ထီးကျန်မှုများပဲ...။

အဖန်ဓာတ်များတဲ့
ခါးရည်ကို ကျိတ်မျို
ဘဝလိုပဲ ချိုဓာတ်မဲ့
သကြားမစွက်ခဲ့ရသလို...။

လွမ်းစရာ
တမ်းစရာ
ဆွေးစရာ
ရှိပါ၏
ဟိုအဝေးမှာ
တောင်ဘက်စွန်းမှာ
ကမ္ဘာတဖက်မှာ
--------------- မှာ..။

ရောင်နီ
ယွန်းလေပြီ
ဒီနေ့တွေ....ဟာ
ဒီနေ့ပဲ အတိတ်ဖြစ်သွားပြီ
ငါ့မှာ ဆွေ့ဆွေ့ခုန်လို့ကျန်ရစ်
အနှစ်ဆိုလို့..
သက်ပြင်းတချက်ပဲ...
ဟင်း......။

Monday, June 7, 2010

ရွာလိုက်ပါ့ မိုး

မိုးမွားတို့သည် တဖွဲဖွဲကျလျှက်ရှိ၏
အလင်းရောင်မှာ အားကောင်းလျှက်ပင်ရှိသေး၏
မနက်၏ အေးမြသော လေညင်းတို့သည်လည်း
ကြည်နူးစရာပင်
ထို့အတူ
မြရည်တို့ သွန်ပက်အပ်သော
စိမ်းစိုစို ရွက်နုတို့သည်လည်း
ဖူးကြွလျှက် ရှိချေ၏...။

၇ အိမ်ခြားမှ
လွင့်ပျံ့လာသော
ရေဒီယို တေးသီခြင်းမှာလည်း
ချိုချိုသာသာ...။
ကြေးစည်သံ
ခွေးအူသံ
တုံးမောင်ခေါက်သံတို့လည်း
ဆက်မပြတ်
နာရီလက်တံတို့အား
ဂုဏ်ပြုလျှက်...။

ဝါဆိုလ၏
ပေါင်းကူးမှုတို့၌
လူ၊ တိရိစ္ဆာန်
သစ်ပင်၊ ပန်းမာလ်တို့သည်
မြူးပျော်လျှက် ရှိကုန်၏...။

ဝမ်းဘဲက အော်
ဆက်ရက်က ဆော်
ကြက်က ကတော်လို့
ဘဲ့က ကျော်လို့...။

လယ်ထွန်၊ ယာစိုက်၊
ပျိုးနုတ်၊ နှမ်းကြဲ
မြေကြီးက ရွှေသီးလို့
ငွေထီးကိုဆောင်း
ရှင်လောင်းလှည်မယ့်နှစ်
ထမင်းရေ ချောင်းစီး
လှူကြီးပေးမယ့်နှစ်
ချစ်မိုးရယ် ငြိုးတကြီးနဲ့
ရွာလိုက်ပါ့ မိုး
သွန်လိုက်ပါ့ မိုး
ထွန်လိုက်ကြ ဗျိုး...။

ကိုခင်မောင်တို့သည်
မျိုးရိုးစဉ်လာကို ထိန်းသိမ်းလျှက် ရှိချေ၏...။

အဖေမခေါ်ခံရတဲ့ အဖေ

အဖေကောင်းဆိုတာ
သားသမီးတို့ရဲ့ အကျိုးဆောင်မှလား
တိုင်းပြည်ရဲ့ အကျိုးဆောင်နေရလို့
အဖေကောင်းဘဝမှ စွန့်ပစ်ခံရတာ
တရားပါသလား..
သားသမီးကောင်းတို့ရယ်...။

အဖေတို့လိုလားတာက
အဖေဆိုတဲ့ သံလွင်လွင်တခုရယ်ပါ
အဲဒီအတွက် အဖေမပေးနိုင်ခဲ့တဲ့မွေပေါ်
ချိန်ထိုးကြည့်ရင် ...
အဖေဘဝကနေ ပင်စင်ယူရတော့မှာပေါ့...။

ဝမ်းနည်းစရာတော့ကောင်းပါတယ်
စွန့်လွှတ်တာက
အကျိုးမဲ့တွေလား..
ကြောင်းကတော့ နည်းပါးတယ်
နည်းပါးလွန်းလို့
မဲ့တယ်လို့တောင်ဆိုနိုင်တယ်
သားတို့ကိုတော့
အပြစ်ရယ်လို့ မဆိုသာဘူး...။

Sunday, June 6, 2010

ရွှေပြည်အမရ

ကျွန်းညိုညို၊ ရွန်းစိုစို၊
ကွန်းခိုဖို့ရာ
သာယာအေးမြ၊ မသေရာဒိဋ္ဌ
မြို့အမရ... မှာ။

အေးမြမြ၊ စိမ်းလှလှ၊
ရွန်းပပစင်
တောင်သမန်အင်း၊ သင်ဖြာခင်းလို့
တစင်းတည်းသာ၊ ဦးပိန်မှာ။

ရောင်ဝါဝါ၊ သာသနာ
ထွန်းပကာ
ပုထိုးစေတီ၊ စီစီရီရီ
မြို့အမရ.. ရွှေပြည်။

ပျို့မယ်မယ်၊ ရွှေချည်ထည်
ငွေချည်ထည်
ယက်ကန်း ခတ်မယ်၊ စင်စင်ကြယ်ကြယ်
ချိတ်ထည် ဝတ်ကြမယ်။

လှမ်းကြကွယ်၊ ပန်းပြေစေမယ်
ဇေယျာဦးဝယ်
မယ်ဇယ်ပင်တန်း၊ မြင်မယ်တင့်ဆန်း
ကမ်းလင့်ပါတယ်။

Wednesday, June 2, 2010

ဒုတိယ ဇရပ်

နွေ...
ကြည်းပင်တွေ အပြိုင်းပြိုင်း
ကိုင်း၊ ခက်၊ လက်...
လေကသွက်သွက်ရယ်
တောရောက် တောင်ရောက်ပြော
ညနက်အောင်ထိုင်ကြတယ်...။

စစ်ကိုင်းတောင်ရိုးက
မိန္မိန္ပ်ပ်
မီးလုံးလှလှလေးတွေ
နှစ်စင်းပြိုင် သက်ခြင်းကွာလှတဲ့
ညီကိုမောင်နှမတွေ
မီးလေးတွေ အစီအရီထွန်းလို့...။

ဟို... အရှေ့က
ဂျုံးဂျုံး ဂျဂျ... မီးရထားကောင်
မြောက်နဲ့ တောင်ကိုပြေးလို့
ညို့ညို့သာ မြင်ရတဲ့
ရှမ်းတောင်က အရောင်လဲ့လဲ့
လင်းတချက် မလင်းတချက်တွေ
ညရဲ့အခင်းအကျင်းမှာ
ဇွန်ပန်းနံ့တွေ သင်းလို့...။

အမှောင်ကိုခွင်းလာတဲ့..
တွံတေးရဲ့ သီချင်းသံ
ပေါက်ပွင့်ကျသံနဲ့ ခွေးအူသံ
မယ်ဇယ်တန်းရဲ့ ရွက်ခြင်းယှက်သံ
တိုင်ခြေရင်းက လှိုင်းကြက်ခွတ်သံ
ဂျက်ကလေးလဲ ပျံလို့
မှိတ်တုတ်မှိတ်တုတ်နဲ့ပေါ့...။

လေပြေက ပိုသွက်လာသလို
ညကလည်း ပိုနက်လာတယ်...
မိုးသောက်ယံတောင် ကျော်ပြီးကိုး
တရေးတော့ သိုးကြအုံးပေါ့...။

လွမ်းတယ်ကွယ့်

ထန်းလက်တဲမှာ
ထန်းညက်ခဲကာ
ဝါသနာတူရာ တူရာ
စာပေ၊ ဂီတ.. ရသတွေအကြောင်း...
အာညောင်းခံကြတဲ့
ရောင်းရင်းတို့နဲ့ဝေးပြီ...။

ညအခါ လသာတာကို
ရွှေယုန်များ မြင်လေမလား
ခါးထောက်လို့ကြည့်ကြတယ်
အဓိပ္ပါယ်တော့ မသိပါ..
လွမ်းစရာတော့ ကောင်းသား...။

ဆောင်းအကုန် နွေပေါက်ပြီ
တောပန်းလေးတွေ စီရရီ
မြေနီလမ်းဘေး သီလို့
ဟိုအဝေးဝေးဆီ
ရောက်ချင်ရာရောက်
ပေါက်ချင်သလိုပေါက်
လမ်းလျှောက်သွားကြတာတွေ
ဝေပါတယ်တယ် ပန်းတွေ... လွမ်းတွေ...။

လွမ်းတယ်နော့်

လဟာ တို့ရွာမှာ ပိုသာခဲ့တယ်ဆိုတာ
မိတ်ဆွေ မန္တလေးမှာ
ငါသိပွားမိခဲ့တယ်...။

လဟာ တို့ဗမာမှာ ပိုသာခဲ့တယ်ဆိုတာ
ငါ ...
ခန်းကျဉ်းမှာ မနေခဲ့ရရင်
သိမယ်မထင်ဘူး...။

ဒီနေ့ညမှာ
ရွာကိုရော၊ ညာကိုရော လွမ်းမိတယ်
ပေါင်းသင်းတွေရှိရာ၊
ရောင်းရင်းတွေ ရှိရာလေ...။

ညကလနဲ့ ထိန်ထိန်သာလို့
မယ်ဇလီဖူးသုပ်နဲ့
တကယ့်ကို ဆေးဘက်ဝင်သဗျာ
ဆေးဖက်လို့ ဆိုသကိုး
လက်ဖက်ရိုးလေး ထောင်လို့...။

အကြောင်းစစ်တော့
ရင်းမြစ်ကပေါ်
လွမ်းတော်မူပါဘိတယ်
ညလယ်သန်းခေါင်အထိ...။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ