Monday, May 31, 2010

စောင့်စားသင့်တဲ့ သင့်မြတ်ချိန်

ဒေါသတွေ...
ဒေါသတွေ တခါတခါမှာ
လှိုင်းထန်သလိုပဲ
ရိုင်းရိုင်းစိုင်းစိုင်းကို ထန်တာပါ
အဆုံးမှာ ရတာက
ကမ်းစပ်တွေ အမုန်း...။

သူမှာက အိနြေ္ဒတခွဲသားနဲ့မို့
သဲတပွင့်တောင်
လွင့်ထွက်မသွားအောင် ထိန်းနိုင်တယ်
တကယ်ထန်သလောက်
ခံရတာက ကိုယ်ပါပဲ...။

အုန်းပင်များဆို
ယီးလေးလွှဲကာ
သရော်တော်တော် ပြုလိုက်သေး
မင်းဟာ ခွေးလေးပါတဲ့
ဖုန်တောင်မှ မထတာကိုး...။

ကျိုးစားမှုမှာ ဒေါသပါရင်
ကိုယ်ရရှိမှာက သောကပါ
ဉာဏ်တချက် သင့်မြတ်မှာ
မွေးရာပါတခုသာ
ခွဲခြားရာ တခုဖြစ်တာမို့
ကျန်တဲ့အရာ အားလုံး (အားလုံး)
တံပိုးတွေ သယ်ဆောင်သွားလေတော့...
ကျော့စရာရှိရင် နင်ပဲကျော့
ငါဆီ လုံးဝ (လုံးဝ) ပြန်မလာတော့
သုညလောက် အဖိုးတန်တာ မရှိဘူး...။

လူ့ကဗျာ

တချို့ကဗျာတွေက
တောင်ပေါက်နေကြတယ်...
တချို့စာတွေကြတော့
ချိုပေါက်နေတယ်...
သူ့အဓိပ္ပါယ်သူပါပဲ
ဒါပေမဲ့
လူ့အဓိပ္ပါယ်က မဲ့နေတယ်...။

လူရေးတဲ့စာဟာ
မာယာတော့ ပါကြတာပဲ
ရည်ရွယ်ချက်ပဲ မပျောက်ဖို့လိုတယ်
ဆဲခံရလည်း
မြတ်တာပဲလေ...။

သဲနာတော့
ကာရံတွေက ကော့ပျံလာတတ်တယ်
ကျော့တိုင်းလဲ လှသပေါ့
ဒါပေမဲ့
ခေါင်းတော့ မမော့လေနဲ့
အိမ်နောက်ဖေးက လူတွေနဲ့ သိပ်တည့်တာမဟုတ်ဘူး...။

ဝတ်ကျွေးရယ် ကုန်စေတော့...

ဘဝရဲ့ စိတ်ပိုင်းများစွာကို
ဖြာကြည့်လိုက်ပါ...။
ဘယ်အပိုင်းမှာ ဝေဒနာပါသလဲပေါ့...
ရိုင်းခဲ့ဖူးသလား
သို့မဟုတ် ကိုင်းရှိုင်းခဲ့တာလား
တောကစားတာလား
မုဆိုးလုပ်ဖို့သွားတာလား
သားကောင်မရလေတော့
လေပွေတချက် အရိုက်မှာ
မုသားတခုပါလာတယ်
တောကစားတာပါတဲ့...။

အမျိုးနဲ့အရိုးနဲ့ဆိုတော့လည်း
ခွင့်လွှတ်ရမလို
တကယ့်အဖြစ်က ပိုနေပြန်တော့
တကျော့တော့ ခံဖို့သင့်တာပေါ့
စံခဲ့တာလည်း မင်းတို့ပဲလေ...။

ငါတို့မှာ ဆုံးရှုံးစရာဆိုလို့
ဖုန်ထူထူမှာ
ခြေဖဝါးအရာ တခုတည်းပါ
ဒါတောင် ခပ်ပါးပါးရယ်ပါ
ခြေခဏာကိုတော့
အတော့်ကိုကျွမ်းကျင်မှ
အဖြေရှာလို့ရလိမ့်မယ်...။

အမေဆိုတာကတော့
နာရီလက်တံ တချက်ဝှေ့တိုင်း
ခိုင်းနှိုင်းမှု ပုံစံမျိုးစုံနဲ့
အိပ်ရာဝင်ပုံပြင်တခု ရေးထုတ်နေလေရဲ့
ခပ်သဲ့သဲ့ ငိုသံလေးတောင်ပါပါသေး...။

အကျွေးဆိုတာက
ဆပ်မှရမယ်ဆိုတာ
အမေမှာတမ်း ချွေခဲ့တယ်လေ
ကျွန်တော် မပန်းပါဘူး
ဘာဆုထူးကိုမှ မပန်ပါဘူး...
ကြေအောင်ဆပ်ပါ့မယ်
နောက်ဘဝကို သယ်မသွားတော့ပါဘူး...။

Friday, May 28, 2010

ဖိုးမထိုက်တဲ့ ထုတ်ကုန်များ

လမ်းတိုင်းကို လျှောက်တတ်ဖို့ဆိုတာ
အရည်အချင်းဟာ ရှိရတယ်
အရည်အချင်းရှိပြီး အတ္တကြီးရင်
နယ်ပယ်တခုမှာပဲ လသာနိုင်မယ်...။

နွားခြေရာကွက်လား
မူးလား
ဝါလုံးခေါင်းလား
ကွဲကွဲပြားပြား သိဖို့လိုတယ်
ဒီထက်ပိုပြီး
ငါမဟုတ်တဲ့ ငါများအတွက်
သင့်ရဲ့ အရောင်ဟာ
တောက်ပဖို့လိုတယ်
မဟုတ်ရင် ထင်တလုံးနဲ့ပဲ
ငါစွဲတွေနဲ့ ပိုးဖလံဖြစ်သွားနိုင်တယ်...။

တခဏမှာ
မျိုးစားငါးရာထုတ်နိုင်တဲ့ လုပ်ငန်း
သင့်ရဲ့ ပင်ပန်းခံမှုကို
ချီးကြူးလိုပါတယ်။
ဒါပေမဲ့...
ငါးနှစ်မှာ တမျိုးထုတ်တဲ့
ကုန်မျိုးလောက်တော့
သုံးခံနိုင်မှာ မဟုတ်ပါဘူး...။

ဘယ်အတတ်ပညာမဆို
ကိုယ့်တွက်လား၊ သူ့တွက်လား
တန်ဘိုးထားမှုက
ဈေးနှုန်းနဲ့သတ်မှတ် လိမ့်မယ်။
ဘယ်အသိပညာမဆို
ကိုယ်ကျိုးတွက်လား၊ များကျိုးတွက်လား
သင့်ရဲ့ ခံယူချက်က
မျှတတဲ့ ဈေးနှုန်းနဲ့ သတ်မှတ်လိမ့်မယ်
တန်ဘိုးဆိုတာ
သုံးစွဲသူတို့က သတ်မှတ်တာဖြစ်တယ်...။

အနာဂါတ် ကလေးများ

ဆရာမကြီး ကျောင်းကိုလာ၊
ခြင်း၊ ဂျိုက်များကို ကူဆွဲပါ။
တန်းကိုရောက်လာ မတ်တပ်ထ၊
မင်္ဂလာပါ ဆရာမ။

မှိုက်သရိုက်တို့ ရှင်းကြမယ်၊
ခုံရှည်စားပွဲ မကျန်ကွယ်။
သင်ပုန်းပေါ်မယ် ဖျက်ကာထား၊
သန့်ရှင်းစင်ကြယ် ကျန်မားသား။

ကျောင်းတခွင်လုံး သန့်ရှင်းမယ်၊
ပေါင်းထိုး မြက်နှုတ်ကွယ်။
စည်းရိုးပတ်လည် ပန်းပင်တန်း၊
စိမ်းလန်းစေမယ် ကျောင်းသင်္ခန်း။

သောက်ရေအိုးကို ရေဖြည့်မယ်၊
ညီညီညာညာ ပုံးကြီးငယ်။
သောက်သုံးသူတွေ အေးစေကြောင်း၊
သားတို့ ကံလည်းကောင်း။

ဘုရားရှင်ကို လက်အုပ်ချီ၊
ကန်တော့ချိုးနဲ့ သံညီညီ။
ရန်မျိုးငါးပါး ကင်းစေကြောင်း၊
မေတ္တာလောင်းလို့ တို့ဆုတောင်း။

ဗမာ့သမိုင်း သင်ကြမယ်၊
သေသေချာချာ နားထောင်ကွယ်။
သူရဲကောင်းကို စံမူထား၊
ဗိုလ်အောင်ဆန်း မျိုးကောင်းသား။

လေ့ကျင်းခန်းများ ကျင့်ကြမယ်၊
ဖြည့်ကွက်အများ မကျန်ကွယ်။
စာသင်ချိန်ဝယ် စိတ်ဝင်စား၊
ပျင်းရိစိတ်တို့ ဖျောက်ကာထား။

စားစရာများ စုပေါင်းမယ်၊
ပျော်ပျော်ပါးပါး စားကြကွယ်။
ချစ်ချစ်ခင်ခင် ကူညီကြ၊
ကျောင်းတော်သားများ ပီအောင်ပ။

အလံတော်မြတ်ကို အလေးပြုမယ်၊
မတ်မတ် ရပ်ကာကွယ်။
ဇာနည်များကို လေးစားတု။
ခေါင်းညိတ် အလေးပြု။

ကျောင်းဆင်းရင်လဲ အိမ်ကိုပြန်၊
ထီး၊ ဖိနပ်တို့ မမေ့ရန်။
ကိုယ့်ပစ္စည်းကို ကိုယ်ယူသွား၊
မမှားအောင်လဲ သတိထား။

ဖြူသန့်စင်ကြယ် ကလေးငယ်

လူကလေးက အရွယ်ငယ်
နို့ချိုစို့ကာ ရယ်တတ်တယ်။

မေမေ့ချစ်က ပိုပြန်တော့
တခစ်ခစ်နဲ့ ရယ်လို့ပေါ့။

ငါးနှစ်ရောက်တော့ ကျောင်းကိုပို့
ကကြီးခခွေး စာအံလို့။

တစ်နှစ်သုံးလေး ဂဏာန်းသင်
ပညာရှိကြီး မောင်မောင်ထင်။

နေ့ညအိမ်စာ ရအောင်လုပ်
ပုစ္ဆာတွေကို အဖြေထုပ်။

အကြွေးမထား ကြိုးစားတာ
စာဖြေခန်းမှာ ပျော်လို့ပါ။

အောင်စာရင်းကို ပြေးကြည့်ကြ
မောင်မောင်ထင်တို့ ပထမ။

ငယ်စဉ်အခါ ပညာရှာ
လူတော်ဖြစ်ဖို့ ခွင့်ရေးပါ။

ခွင့်ရေးတွေကို မလွတ်တန်း
ဂျိုးထောင်နည်းလို့ ဖမ်း။

စိတ်ကောင်းရှိပြီး စေတနာ
လူကြီးမိဘ ရိုသေပါ။

လုပ်သင့်ရာ အောင်စေကြောင်း
မေတ္တာတွေ ခညောင်း
ကလေး သူတော်ကောင်း။

Wednesday, May 26, 2010

တရားမရှိတဲ့ ညီညွတ်မှု

ဆွဲဆွဲငင်ငင် အူသံတွေနဲ့
အလင်းချို့တဲ့ ညမှာ
ပရလောကသားတို့
လက်ချင်းချိတ်လို့
ညီညွတ်နေကြတယ်...။

စကားပြောတဲ့ အသံက
မပီသပေမဲ့ ညီမျှနေကြတယ်
ဝူးဝူးဝါးဝါးနဲ့ပေါ့...။
ခြောက်ခြားစရာတော့ ကောင်းပါတယ်
မိစ္ဆာတွေရဲ့သွေးဟာ
ဘာအရောင်လဲ...။

အောက်လမ်းဆရာတို့
ဂွင်ကိုကျလို့ပေါ့
ပြည့်တန်ဆာတို့နဲ့ မြူးတူးပျော်ပါး
ဆေးဝါးအပြည့်အစုံနဲ့
အားတိုးဆေးတွေလဲ သောက်လို့
ရပ်ကတို့များကလည်း
ကိုးစားနေဆဲပါ...။

အမေနို့ကို သောက်စို့ပြီး
ကြီးလာသူများ မဟုတ်လေတော့
တခါစားတွေ သိပ်ကြံကြတယ်
စားတာများတော့ စာမကြေ
စူးစူးဝါးဝါးအော်ပြီး
ဆိုးဆိုးရွားရွား ဇာတ်သိမ်းလိုကြတယ်
အော်
ဘုရားမှ မရှိတာကိုး
တရားမှ မသိတာကိုး
အကြောင်းအကျိုး ဘယ်သိနိုင်ပါ့မလဲ
ပရမိစ္ဆာများတော့ ညီညွတ်နေဆဲ...။

Monday, May 24, 2010

ဗမာ့ငရဲ

ညဆိုပေမဲ့
မီးပျက်ရင် ချွေးထွက်တော့တာပဲ
အလူးလဲ ခံရကြရတယ်
အဲဒါလဲ ငရဲတခုပဲ...။

ခြင်တွေကတုပ်
ချွေးတွေကယား
ကုတ်လိုက်ရတာ တဂုတ်ဂုတ်
ပေစုတ်နေတာပဲ
အဲဒါလဲ ငရဲတခု...။

ပူပူလောင်လောင်နဲ့
အိပ်ယာလဲ မဝင်နိုင်
ထိုင်ရမလို ထရမလို
ငိုတောင် ငိုချင်လာတယ်
လမ်းထွက်လျှောက်မှပဲလို့
အိမ်ထဲကထွက်
ဂျုံးဂျုံး ဂျက်ဂျက် အင်ဂျင်သံတွေ
ဆူညံဝေ... လို့
ရှူစရာလေက မီးခိုး
လျှောက်စရာမြေက နှစ်ပေလောက်
စိတ်ပေါက်ပေါက်နဲ့
တောက်...
ငါဆဲလိုက်ရ
ငရဲဟ... ငရဲ...။

မိုးကခေါင်၊ ခွေးကဟောင်

ရောဂါ...
ရှင်သန်လာကတည်းက ရရှိလာ
ဝေဒနာထပ်ဆင့်လိုက်တော့
ကုန်ပေါ့ ပိုက်ဆံ...။

ညစ်တယ်
ရွယ်က ငယ်ပါသေး
ဘဝပေးက မကောင်းတော့
သောက်ကျိုးတွေနည်း
သောက်တိုင်းလဲမကောင်းတော့
လူတိုင်း...
နဲနဲတော့ ညစ်တယ်
ညစ်ကြယ်မဖြစ်တာ တော်ပါသေး...။

အလုပ်က မယ်မယ်ရရမရှိ
အသိတွေ သုံးမ၀င်
သတိနဲ့ ဆင်ခြင်တော့ မထူးခြား
ညဏ်ကူလည်းပဲ ခပ်ပါးပါး
ကံကတော့ ခပ်ဝါးဝါးရယ်ပါ...။

မိုးကခေါင်
ဖုန်ကထ
သောက်ရေက မရ
ဘောက်တွေလဲထနေပြီ...။

နွားမတော့ ပိန်နေပြီ
နေပူကတော့ ရှိန်တုန်းပဲ
ကန်တွေလည်း ပက်ကြားအက်
ဝမ်းတွေကပျက်
သက်ထွက်သွားတာ တနေ့တယောက်
ခေါင်းတွေလည်း ချောက်လှပြီ
သောက်ကျိုးနည်းပြီ
တိုင်းပြည်ပျက်နေပြီ
ဘ၀ပျက်နေပြီ
ရပ်ကတော်တို့ရေ...။

ဒို့ရွာ (နို့ဝါ)

လူတိုင်းမှာ...
ရွာကလေးတရွာစီ ရှိနေကြတယ်
ချစ်စရာ့နာမည်လေးတွေနဲ့
တချို့ရွာက စည်ကားတယ်
တချို့ရွာက နေချင့်စဖွယ်
တချို့ရွာကတော့ပျင်းစရာပါ...။

ယံမင်္ဂလံ စာအံသံတွေရှိတယ်
ဖော်ရွေတဲ့ သူငယ်ချင်းတွေရှိတယ်
ပေတေတဲ့ အရူးငဖေ တယောက်ရှိတယ်
ထုံးဖြူစေတီလေးနဲ့ ရွာဦးကျောင်းလေးရှိတယ်
အရသာစုံတဲ့ ချိုချိုတို့ လက်ဘက်ရည်ဆိုင်ရှိတယ်
ခြကိုက်နေတဲ့ စာတိုက်ပုံးလေးရှိတယ်
အခု အကုန်လုံး ပြတိုက်လေးလို ငြိမ်သက်နေတယ်လေ...။

ဝက်အော်သံ
ဝတ်လျှော်သံ
ကြက်ကတော်သံ
ရွာဆော်သံ
အမြဲညံနေတဲ့
သံစုံတီးဝိုင်းလေးလည်း ရှိတယ်...။

လွမ်းစရာတွေပါ
စားလို့မရတဲ့ အရသာတွေ
မေ့လို့မရတဲ့ ဓလေ့တွေ
အဖိုးဖြတ်လို့မတဲ့ မေတ္တာဓာတ်တွေ
မွှေးပျံနေတဲ့ ပန်းရနံ့တွေ
ငါလေ...
ဒါတွေကို
ဘယ်ချိန်ပြန်ရမလဲ...။

Sunday, May 23, 2010

ဆိပ်နေ့၊ ည

နေပျောက်လိုက်
ညရောက်လိုက်ပေါ့
စက္ကန်များ ပြေးလွှားနေတယ်
ကြာညိုအနံတွေ အမြဲသင်းနေတယ်
ပိုးဟပ်မည်းတွေက နေရာအနှံ့
ခန်းပတ်ပတ်လည်မှာလည်း ၀ိုင်ယာတွေနဲ့
အသက်ဆက်ခဲ့တာ နှစ်နှစ်ပြည့်တော့မယ်
ဒီခန်းပတ်လည်မှာ ဒီတိုင်းခြည်းပါပဲ...။

လောင်စာတွေ ထည့်သွင်းတယ်
နောင်မှရပါစေ
နောင်တတွေတန်းလန်း
ရမ်းတယ်လို့တော့ မထင်ပါနဲ့
ဘယ်လူကိုမှ ခွေးမထင်ဘူး
ပုလင်းတူ ဘူးဆို့တွေ ထွက်သွား...
ကောင်းတူ ဆိုးဘက်တွေ ထွက်သွား...
ဒိုးတူ ပေါင်ဖက်တွေ ထွက်သွား...
ဒါဟာ
၂၀၀၉ မှာ မရလိုက်တဲ့ နောင်တတွေပါ...။

ဆေးလိပ်တွေ မသောက်နဲ့တဲ့
ဆိပ်တောက်တွေဆိုပဲ
ခေါက်ခေါက်ခါခါ ဒီစကားတွေ
ငါမကြားချင်တော့ဘူး
ဒီအသက်က
မဟုတ်လည်း ထွက်ခွာမှာပဲ
နေပါလို့ တားပိုင်ခွင့်မရှိ
ငါသိပါတယ်..
ငါ့လုပ်ရပ်တွေအတွက် ငါကြေနပ်ပါတယ်
တကယ်ဆို
အဲဒါ ဆိပ်မဟုတ်ဘူး
လူကြားမှာ ဘီလူးရှိနေတာက
အဆိပ်ကွ...။
အဓမ္မကို ဆိပ်လို့ခေါ်တယ်ဟ
မှတ်ထားကွ မှတ်ထား...။

မြုံးမိတဲ့ငါး ပြုံးစိစိရယ်တဲ့လား

စောကျောမှ မသိတာ
တောကစား ထွက်ချင်သေးတာ အံ့ပါ့
ငါဟေ့... လူ့ဗာလလို့
အဝေးဝေး မစိုးမပို့သံ
လျှံကျလာတဲ့ လောဘ
သမင်ရရင်ရ
မရရင် မင်းကိုသတ်မယ်...။

သခင်အားရအောင်
အတ္တတွေ အရောင်ပြောင်း
ပုပ်နံ့က တထောင်းထောင်း
ဈေးကောင်း ဖာသည်မ
ဘယ်လောက်လှလှ
အဖိုးတန်ရင် တမတ်ပေါ့...။

ကိုယ့်ကိုကိုယ် အမြုံးထောင်
လောင်ကောင်တွေ ဗလပွ
သူ့တွက်တော့ အနှစ်သာရပဲလေ
ကြည့်စမ်း...
တနေ့တခြား ၀လာလိုက်တာ
သြော်....
ဖားလည်း ဖားနိုင်သကိုး
စားလည်း စာနိုင်မှာပေါ့...။

Saturday, May 22, 2010

သင်္ခါရ နံနက်ခင်း

နုနယ်သည့် ရောင်ခြည်ဦးတို့သည်
နှင်းထု သိပ်သည်းမှုကို အံမတုနိုင်သေး
တေးတကျော်ကျော်နဲ့ ဈေးသည်မကို
သူယောင်မယ်လို့ ထင်မှားစေနိုင်တဲ့ အချိန်ပေါ့...။

အမည်မသိ ငှက်ကလေးတွေ
တေးတွေသီနေကြပြီ
အချင်းချင်း ပလီနေလိုက်တာ
အားကျဖို့တော့ ကောင်းတယ်
မွေးစားသား တောင်ဝှေးကိုထောက်ရင်း
ဦးကျောက်မောင်းတောင် ပြုံး...လို့...။

တဖြည်းဖြည်းရင့်ကျက်လာတဲ့
နေ၀န်းဝိုင်းဝိုင်းဟာ
ရွက်စိမ်းဖလ်တွေ အပေါ်မှာ ဖြာကျလို့
လေဝှေ့လို့
တရှပ်ရှပ်နဲ့ ရင်ခြင်းထပ်နေကြတာ
လောကရဲ့ အလှတမျိုးပေါ့
ထာဝရတည်နေရင် ကောင်းမှာပဲနော်
တော်ပျော် သူတော်မဟုတ်သေးလို့...။

ရုပ်နာမ် နှာစေးပုံ

ဒီကနေ့ဟာ
လေးကျွန်းပိုင်တို့ရဲ့
အိနြေ္ဒပျက်ရတဲ့နေပေါ့
ဒီတပွဲက
ကျော့စရာမရှိလေတော့
အသော့နှောပေမယ့်
တိုက်ကွက်ကမမိ...။

နောက်ဆုံးခရာတချက်ဟာ
ပြောင်းပြန်စီးသောမြစ်မှာ
ပေါ်လိုက်မြုပ်လိုက်
တိုက်ရိုက်သွေးတို့ မစီးဆင်းတော့...။

ကျယ်လောင်လာတဲ့
လက်ခုတ်သံတွေဟာ
ငါ့အတွက်
အနှစ်သာရမပါလေတော့
ထိချက်ကနာတယ်
အရောင်တွေ လွင့်ပျယ်သွားတာ တကယ်ပဲ...။

ဒီတည အိပ်လို့မရခဲ့ဘူး
အရူးတပိုင်းဆိုလည်း မှန်ပါတယ်
မူးသမားတို့ သမိုင်းထဲ
အမြဲရောက်ချင်နေတော့တယ်
မိုးသည် မစဲ ရွာနေတုန်း...။

ရိုးစင်းတဲ့ စစ်တုရင်

ကိုယ်ကျိုးစွန့်သူ တယောက်ရဲ့
လှုပ်ရှားခဲ့တဲ့
အေးစက်တဲ့ နေ့ရက်တွေမှာ
ဆေးလိပ်တဖွာကိုသာ
မက်မောတယ်...။

ကျော်ဖြတ်ရတဲ့
ညရက်တွေမှာ
လမ်းပြဆိုလို့
ပိုးစုန်းကြူးတကောင်သာ
အဖော်ပါခဲ့တယ်...။

ငါတို့ထုတဲ့ ရုပ်လုံးဟာ
ငိုးချင်းသံတို့ ပျံ့လွင့်ခိုက်မို့
ပီပြင်ဖို့ နေ့တွေဟာ
ကြာခဲ့ရတာ မဆန်းပါဘူး...။

မပဋာမြေလူး
အရူးတပိုင်းတောင်မှ
တရားရသေးတာပဲ...။
ဤကိုတောင် ကျွဲဖြစ်ရသေးတာ
ညီညွတ်မှုပဲလိုတာ မဟုတ်လား...။

ရန်သူ့နယ်မြေမှာ
မွေးတဲ့ ပန်းရယ်လို့ မရှိပါဘူး...
မုန်းသူတို့နယ်မြေမှာ
လိပ်ပြာတို့...
ဝတ်ရည်ကို
သောက်စို့ခွင့် မရခဲ့ကြဘူး
တကယ် ကြူးကျော်တာက
ဘယ်သူလဲ...။

အမေးရှိတယ်
အဖြေသိတယ်
ကြားနေသူသာ မဖြစ်ပါစေနဲ့
ဒီချိန်ဟာ...
စွန်းကိုပဲထွက်သင့်တယ်
ပွန်းကို ရှေ့တကွက်တိုး...။

Friday, May 21, 2010

ခြင်ထောင်ဇာတ်လမ်းကို ရှင်းတမ်းထုတ်ခြင်း

သမိုင်းဆိုတာ
အုဋ္ဌ်တံတိုင်းများနဲ့
ကာရံ ပိတ်ဆို့ထားလို့မရပါ
ပြာပုံဘ၀ရောက်ခဲ့တဲ့ ပြဇာတ်တောင်
မှန်ဘောင်တပ်ပြီး
ဂုဏ်ပြုခံရသေးတယ်မဟုတ်လား...။

မှန်တရားဆိုတာ
ဆိုးကျိုးသာ ဖြစ်စေတယ်ဆိုရင်
ငါ့နံရိုးများ ကျိုးသွားပါစေ
ဆိုးထုတ်ကြီးကို ထမ်းသွားမယ်...။

မှန်တာပြောလို့
ရွာပြင်ထွက်ရရင်လည်း
ဒီဝဠာထဲက
လက်ပြနှုတ်ဆက်ပြီး
ထွက်သွားရုံပါပဲ...။

ကွန်မြူနစ်ကို မကောင်းဘူးလို့ပြောရင်
ငါ့ကို...
အရူးလို့ခေါ်တာ လက်ခံတယ်
လီနင်ဟာ
ငါ့အတွက်
ထူးမြတ်တဲ့ သူရဲကောင်းပဲ...။

ဗိုလ်ချုပ်ကစ
ဘသိန်းတင် အဆုံး
လမ်းပြကြယ်တွေဟာ
ကွန်မြူနစ်တွေပါပဲလို့ပြောရင်
တွန့်တက်ခွင့်
မင်းတို့မှာ မရှိဘူး...။

မင်းတို့ဟာ...
ခွေးတိုးပေါက်ကို ဖလ်ဂူထင်
မစင်ပုပ်ကို သကာလိုမြင်
မင်းတို့ရဲ့ ကယ်တင်ခြင်း မခံရတာ
တို့ပြည်သူတွေ ကံကောင်းကြပါတယ်
ခြင်ထောင်ဇာတ်လမ်း
ရှင်းတမ်းထုတ်ရင်
------------------
တကယ်ဆို
ယမမင်းဟာ ရန်သူမဟုတ်ဘူး


မှတ်ချက်။ ။ ပြည်ပ၌ တော်လှန်ရေးဗန်းပြပြီး ကိုယ်ကျိုးရှာနေကြသော ဖောက်ပြန်နေသူများကို ရည်ရွယ်၍ ရေးဖွဲ့ခံစားသည်။

ဘ၀ ဖွင့်ဆိုချက်

ဗိုင်း... ကနဲ
လဲကျသွားတာဟာ
စက္ကန့်မှာ တချက်တည်း
ပြန်မတ်ဖို့ ကျိုးစားတဲ့အခါ
တံတိုင်းများက အထပ်ထပ်
ငါ့တွက်...
ကွက်လပ်တနေရာ ကျန်သေးလား...။

အမေတော်သလောက်
သားကဖျင်းပါတယ်
တကယ်ဆို
အမေ နို့ချိုမတိုက်သင့်
စံနစ်တွေများ ပြောင်းပြီလား...။

ငါက...
မေတ္တာကို မခံယူတတ်သူကိုး
ချုပ်ရိုးတောင် မကျက်သေးတာ
ငါ့အတွက် သစ္စာဟာ
ဘာများ အဓိပ္ပါယ်ရှိမလဲ...။

လူတိုင်းလျှောက်နေတဲ့
ခရီးလမ်းကို
ငါက ကြမ်းတမ်းတယ်လို့ နားနေခဲ့
တကယ်တော့...
ဘ၀ရဲ့ အဓိပ္ပါယ်ကို မသိလို့...။

အောင်ကသိုဏ်း

အောင်ပါစေသီချင်း ကြားရတိုင်း
အောင်ဘာလေ ထီထိုးလိုက်ရတာ
ဘုရားစင်အောက်မှာ အထပ်ထပ်...။

မှားတာကို မြင်တိုင်း
အမှန်တိုင်း ပြောမိတဲ့အခါ
ဆဲဆိုခံရတာ အခါခါ...။

ဝေးကွာတဲ့ ကောင်းကင်ကို တွေ့တိုင်း
ခြေဖျားထောက်ခံရတဲ့ ပထ၀ီမြေကြီးဟာ
ရိုင်းစိုင်း မာကျောနေလေရဲ့...။

ငါ့ရဲ့ဘ၀ဟာ
ဘယ်တော့မှ ဌာန်ကရိုဏ်းမကျ
သံသရာကလွတ်အောင်
ဘယ်ကသိုဏ်း ရှုရပါလိမ့်မလဲ...။

နှစ်လိုဖွယ် ဝေဒနာ

နုနယ်စဉ်က
ကြီးမားတဲ့ ဝေဒနာတခုဟာ
ကံ၏ စီမံရာဖြင့်
မလွှဲတောင်ကြားမှာ
မြုပ်နှံခဲ့ရတယ်...။

ဝေဒနာ သက်သာရုံ
တခဏမှာ
ငါရဲ့ မှန်တရားတခုကြောင့်
တောချောက်ခံခဲ့ရတယ်...။

တောချောက်လို့
လမ်းပျောက်နေတုန်း
ဝေဒနာဆိုးတခု
လန့်နိုးလာပြန်တယ်...။

အဲဒီဝေဒနာကြောင့်
ဖောက်ပြန်နေတဲ့
လောက်ကောင်တွေကို
ပြန်မြိုမကောင်းတဲ့ ထွီဖွယ်လို့
မြင်နိုင်ခဲ့တယ်...။

အဲဒီအချိန်ဟာ
မကွဲပြားတဲ့
သူယောင်မယ်တွေကြားမှာ
ဗလာမဲတွေကို
ဆွဲထုတ်ပြနိုင်ခဲ့တယ်...။

အဲဒီဗလာမဲတွေဟာ
ဖန်တရာမကတဲ့
ဘ၀တွေမှာ
ကြံရာမရတဲ့အခါ
အသုံးပြုနိုင်လိမ့်မယ်လို့ ယုံကြည်တယ်...။

အခုတော့
ဆုံချက်များ အံချော်တိုင်း
စိတ်ရိုင်းတွေ မထွက်ကျအောင်
နွေခေါင်ခေါင်မှာ
စောင်ခြုံလို့ အိပ်နေဆဲပါ...။

ဘ၀ ရော်ရည်

သစ်ရွက်တို့သည်
ကြွေလွင့်လျက်ရှိ၏...။

ထိုအခါ၌
ငါ၏ မျက်ဝန်းတို့သည်
ဆယ်လံမျှသော ပကတိအရာတို့အား
မမြင်စွမ်းတော့...။

သူမ၏
ဖျော့တော့သော
နှုတ်ခမ်းစင်းကြောင်းတို့ကို
ခေတ်မီ နှုတ်ခမ်းနီတို့ဖြင့်
လှဆင်ခြင်းကို မလိုလားတော့သည်မှာ
ဝမ်းမြောက်ဖွယ်ပင်...။

ရေပြင်ကြယ်သည်
တည်ငြိမ်လျှက်ရှိ၏
လှိုင်းကြက်ခွက်တို့၏
ဆော့ကစားပုံများကို
နွေးထွေးသော ရောင်ခြည်တို့ တန်ဆာဆင်ထား၏...။

သို့သော်
ငါ့အတွက် တီးခတ်ရန်
သံစဉ်များမရှိ
ငါ့အတွက် တေးသီရန်
လင်္ကာတို့သည် မချောတော့...။

ကိုယ့်ရဲ့ အနာဂါတ်အလား
ဘာဝနာပွားစရာ
ရောင်ခြည်မှာ ဖျော့တော့စွာ
ငါ့အား
လက်ပြနှုတ်နေ၏
မနက်ဖန်တွက် ဖြစ်ပေမည်
ငါသည်လည်း
မနက်ဖန်အတွက် အသက်ဆက်ရပေဦးမည်
ဟဒယတို့သည်
တည်ငြိမ်စွတကား....။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ